13 August, 2009

သောက်လက်စကော်ဖီခွက်ထဲက ကဗျာ


(၁)
ရေးလက်စတွေ ခဏခေါက်ထားလိုက်တယ်။
သောက်လက်စကော်ဖီခွက်ကို ချပြီး ဖတ်လက်စ ကဗျာကိုပဲ ဆက်ဖတ်မိတယ်။ ''ညီလေး ဖတ်ဖို့ '' ဆိုပဲ။

ဘ၀က မျိုသိပ်မှုတွေနဲ့ ကျင့်သားရခဲ့တာ
ကြာလှပေါ့...
ကြိုးကိုင်ကြမ်းမှ လိမ္မာတယ်လို့
ငါတို့ အမျိုးတွေ ပြောလေ့ရှိတယ်
အဲဒါ မဟုတ်ဘူးနော်၊
လူဆိုတာ ရတနာပဲ ညီလေး။

ကျောပိုးအိပ်ထဲ
စာအုပ်တွေ အပြည့်သိပ်ထည့်
ခေါင်းငိုက်စိုက်ချလို့
စာချည်းပဲကျက်မနေနဲ့။

ဘ၀မှာ
ဘယ်သူ့ကိုမှ မထိခိုက်ဘူး၊
ကိုယ့်အတွက်လည်း နစ်နာမသွားဘူးဆိုရင်ပေါ့
မင်းကြိုက်တာလုပ်ပစ်လိုက်စမ်း
ဦးထုပ်မဆောင်းတဲ့
ဆိုင်ကယ်မောင်းသမားကို ဖမ်းသလို
ငါ မင်းကို လက်လှမ်းတားမှာ မဟုတ်ဘူး။

ဒါပေမယ့်
လှောင်ကန်ထဲ အထည့်ခံထားရတဲ့
ငါးကလေးတွေရဲ့ ဒုက္ခကို စာနာတတ်ဖို့
မင်း စာများများဖတ်ဖို့တော့ လိုလိမ့်မယ်။

ကမ္ဘာ့မြေပုံကြီးရှေ့ချပြီး
တူအောင်အဆွဲကျင့်နေရုံနဲ့
မင်းနဲ့ ကမ္ဘာကြီးနီးလာမှာ မဟုတ်ဘူး
ဒဏ်ရာတွေနဲ့ မိတ်ဆွေဖွဲ့နေရတဲ့
ငါတို့ဝန်းကျင်မှာ
လူသားအချင်းချင်းစာနာတတ်အောင်
မင်းစာများများဖတ်စေချင်တယ်။

အသက်ရှူကျပ်နေတဲ့ ငါတို့ကမ္ဘာမြေမှာ
ငါးကလေးတစ်ကောင်ရဖို့အတွက်
ဘယ်တော့မှ တီမတူးနဲ့ ညီလေး၊
လူဆိုတာ သွေးနဲ့ကိုယ် သားနဲ့ကိုယ်
ဖွဲ့စည်းတည်ဆောက်ထားတာမဟုတ်လား

ငါဆွဲလက်စ ဖဲချပ်ဟာ
မင်းအတွက်လက်ခံတဲ့အခါ
အမှန်တရားဆိုတဲ့ နံပါတ်ကလွဲပြီး
ဘာနဲ့မှ ဆေးပေးမီးယူမလုပ်ပစ်နဲ့နော်....။

ကဗျာက ဒါပါပဲ။
ဒါပဲဆိုပေမယ့် သောက်လက်စ ကော်ဖီကတော့ အေးခဲသွားတယ်။
စီးကရက်မသောက်တတ်တာပဲ ခပ်ကောင်းကောင်း။
နှုတ်ခမ်းမီးလောင်သွားမှာ စိုးလို့၊
အဖွဲ့အစည်း တစ်ခုက ထုတ်ဝေတဲ့ နှစ်လည်စာစောင်ကို အမှတ်တမဲ့ လှန်လှောရင်း ငြိယှက်သွားစေတဲ့ ကဗျာ။
ကဗျာရေးသူက 'ကိုသစ် (ကေတုမတီဆောင်)' တဲ့၊
ကဗျာရေးသူရဲ့ အမည်ကို မကျက်မိပေမယ့် ရင်ထဲမှာ ၀မ်းစာအတော်များများ ဒါမှမဟုတ် ၀န်ထုပ်ဝန်ပိုးတစ်ခုကို
နှလုံးသားနဲ့ ထမ်းထားတာ သေချာနေပါတယ်။
ညီလေးဖတ်ဖို့ တဲ့။
မရင့်ကျက်သေးတဲ့ လူငယ်တစ်ယောက်ကို ညီလေး လို့ ခေါ်ရင် ခုဖတ်နေမိတဲ့သူလည်း ညီလေး ပေါ့။

(၂)



ဘ၀က မျိုသိပ်မှုတွေနဲ့ ကျင့်သားရခဲ့တာ

ကြာလှပေါ့...
ကြိုးကိုင်ကြမ်းမှ လိမ္မာတယ်လို့
ငါတို့ အမျိုးတွေ ပြောလေ့ရှိတယ်
အဲဒါ မဟုတ်ဘူးနော်၊
လူဆိုတာ ရတနာပဲ ညီလေး။

ကဗျာရဲ့ အစပိုဒ်က မောင်းနှင်လိုက်တဲ့ အတွေးတွေက
ငယ်စဉ်က စာသင်ဇရပ်လေးဆီ ကျောင်းပြန်တက်သွားကြပါတယ်။
ကြိမ်လုံးဝင့်သံတွေ၊ အော်ဟစ် ကြိမ်းမောင်းသံတွေကြားမှာ အားငယ်စိုးရွံစွာ ရုန်းထနေရတဲ့ ကလေးငယ်တစ်ယောက်ရဲ့ အိပ်မက်တွေကို ပြန်ထူပေးချင်နေမိပါရဲ့။
စေတနာဆိုတဲ့ ဝေါဟာရကို ကရုဏာဒေါသောတွေနဲ့ မသဲမကွဲ ရောထွေးပစ်တတ်တဲ့ စာသင်ခန်းတွေကို အကြိမ်ကြိမ်ဖြတ်သန်းခဲ့ရတဲ့ ညီလေးဟာ ကဗျာဖတ်သူကိုယ်တိုင်ဖြစ်နေခဲ့ပါရောလား။
ကဗျာရေးသူကိုယ်တိုင်ကရော။

ကြိုးကိုင်ကြမ်းမှ လိမ္မာသတဲ့လား။
မဟုတ်ဘူး မဟုတ်ဘူး။
လွှတ်ချလိုက်၊
လွှတ်ချပစ်လိုက်။
လက်ဆင့်မကမ်းချင်ပါနဲ့တော့။
ကဗျာဆရာနဲ့ အတူ ရောယောင်အော်မိတယ်၊

လူဆိုတာ ဘာသာစကားရှိတယ်။
ဘာသာစကားမရှိတဲ့ ခိုင်းနွားတစ်ကောင်ဆိုရင်တောင် 'ဟိတ်' ဆိုတဲ့ အသံကို ဘာသာပြန်တတ်တာပါပဲ။
''လူသားတစ်ယောက်နဲ့ တစ်ယောက်
နုညံ့ခြင်းပြိုင်ပွဲ မရှိတာကိုတော့ ကျွန်တော်က ရယ်သွမ်းသွေးလိုလှပါတယ် '' ဆိုတဲ့ ကဗျာဆရာကြီး မောင်ချောနွယ်ရဲ့ စကားက ပိုပြီး အမှတ်ရစရာပါ။


မျက်ရည်တွေေ၀၀ါးနေတဲ့ကြားထဲ
အဲဒီ ကြိမ်လုံးတွေနောက်ကို ၀င်ပုန်းကြည့်ချင်ခဲ့ပါတယ်။
လူဆိုတာ ရတနာပဲ တဲ့။
မိဘဆရာတွေကို ထိထိရှရရှ လွမ်းမိသွားပါတယ်။

ပြီးတော့ မပြောဖြစ်ခဲ့ပဲ(ပြောခွင့်လည်း မရခဲ့ပဲ) ရင်ဘတ်ထဲမှာ တငွေ့ငွေ့လောင်ခဲ့တဲ့စကားတွေကိုတော့ နောက်ထပ်မျိုးဆက်တစ်ခုရဲ့ နှလုံးသားထဲ ဆက်လောင်မြိုက်ဖို့ ချန်မထားလိုတော့တာ သေချာသွားပါတယ်။



(၃)


ကျောပိုးအိပ်ထဲ

စာအုပ်တွေ အပြည့်သိပ်ထည့်
ခေါင်းငိုက်စိုက်ချလို့
စာချည်းပဲကျက်မနေနဲ့။

ကျောင်းမှန်မှန်တက် စာမခက်။ စာမှန်မှန်ကျက် အတန်းတက်။ နံရံပေါ်က တွန်းတွန်းတိုက်တိုက် ကန်ချက်တွေကို အလူးအလဲ ပုတ်ထုတ်ဖို့ ကုန်းထ။ ညီလေးက ကျောပိုးအိပ်ထဲကို စာအုပ်တွေ အပြည့်အသိပ် ထည့်ပြီးချိန်မှာ ညီလေးကိုလည်း စာသင်ခန်းတွေထဲ အပြီးအပိုင် ထိုးထည့်ခံလိုက်ရတော့တာပါပဲ။
ညီလေးကိုယ်တိုင်က စာသင်ခန်းတွေထဲ တိုးဝင်သွားတာလား၊
တစ်စုံတစ်ရာက တွန်းပို့လိုက်တာလား။
ဘာပဲဖြစ်ဖြစ် ဒီနေ့ထိ ညီလေးက စာသင်ခန်းထဲမှာ။
ပြီးတော့ ညီလေးကိုယ်တိုင်ကလည်း သင်ခန်းစာဖြစ်သွားခဲ့သေးရဲ့။
ဟောဒီမှာ
သင်တန်းဆင်းလက်မှတ်တွေ များလားတယ်၊
မတောက်တခေါက် သိတာတွေ များလာတယ်။
မသေချာတာတွေ များလာတယ်။
ပန်းတိုင်တွေ များလာတဲ့အထိ အန္တရာယ်ကြီးထွားစေတဲ့ အဲဒီသင်ရိုးဆန်လွန်းတဲ့ နေ့ရက်တွေထဲမှာ
ညီလေးရေ အမှန်တကယ်ရော ပျော်ပါရဲ့လားကွယ် ။

ဘ၀မှာ

ဘယ်သူ့ကိုမှ မထိခိုက်ဘူး၊
ကိုယ့်အတွက်လည်း နစ်နာမသွားဘူးဆိုရင်ပေါ့
မင်းကြိုက်တာလုပ်ပစ်လိုက်စမ်း
ဦးထုပ်မဆောင်းတဲ့
ဆိုင်ကယ်မောင်းသမားကို ဖမ်းသလို
ငါ မင်းကို လက်လှမ်းတားမှာ မဟုတ်ဘူး။

လူတွေရဲ့ စိတ်နဲ့ စာရိတ္တထက် ဗဟိဒ္ဓကိုပဲ တို့မီးရှို့မီးလုပ်တတ်တဲ့ အကန့်အသတ်တွေကို ဖောက်ထွက်နိုင်ဖို့၊ အဲဒီ သူပြောလူပြောလူ့ကျင့်ဝတ်တွေထဲ ရောယောင်ပြီး လူဖြစ်မရှုံးဖို့ ။
၂၁ ရာစုကို ၂၁ ရာစုအတိုင်းနေတတ်ဖို့တော့ အတိအကျလိုအပ်တယ်။
စိတ်ကိုသာ လှပအောင် ၀တ်ဆင်တတ်ရင် အပေါ်ယံအကြောင်အကျားတွေက ဘယ်လိုမှ သိမ်ငယ်စရာမရှိဘူး။

ဒါပေမယ့်

လှောင်ကန်ထဲ အထည့်ခံထားရတဲ့
ငါးကလေးတွေရဲ့ ဒုက္ခကို စာနာတတ်ဖို့
မင်း စာများများဖတ်ဖို့တော့ လိုလိမ့်မယ်။

ကမ္ဘာ့မြေပုံကြီးရှေ့ချပြီး
တူအောင်အဆွဲကျင့်နေရုံနဲ့
မင်းနဲ့ ကမ္ဘာကြီးနီးလာမှာ မဟုတ်ဘူး
ဒဏ်ရာတွေနဲ့ မိတ်ဆွေဖွဲ့နေရတဲ့
ငါတို့ဝန်းကျင်မှာ
လူသားအချင်းချင်းစာနာတတ်အောင်
မင်းစာများများဖတ်စေချင်တယ်။

အရေးကြီးတယ်၊
အရေးကြီးနေတယ်။
အရေးတကြီး ဖြစ်နေတယ်။
ကမ္ဘာကြီးရဲ့ နာမကျန်းမှုတွေကြား လူတွေ စာရိတ္တဆင်းရဲလာကြတယ်။
ကိုယ့်ရိုးသားခွင့်ကို သူတစ်ပါးဆီမှာလက်ဖြန့်တောင်းနေကြရတယ်။
တစ်ယောက်ရဲ့ ရပိုင်ခွင့်ကို တစ်ယောက်က တံခါးပိတ်ပစ်လိုက်ကြတယ်။
ကမ္ဘာတစ်ခြမ်းက စစ်ပွဲတစ်ပွဲဟာ
ကမ္ဘာတစ်ခြမ်းက ငတ်မွတ်ခေါင်းပါမှုဟာ
ကမ္ဘာတစ်ခြမ်းက ငလျင်နဲ့ မုန်တိုင်းတွေဟာ
ကိုယ့်ရဲ့ ခေါင်းတစ်ခြမ်းကိုက်ဝေဒနာလောက် အရေးမကြီးဘူး တဲ့။
တကယ်က အဲဒီလို မဟုတ်ဘူးနော်။
ကမ္ဘာပြုမိုးတွေ ရွာဖို့ ညီလေးရဲ့ လက်တွေကို ဆေးကြောထား၊
ကမ္ဘာပြုပန်းတွေ ပွင့်ဖို့ ညီလေးရဲ့ စိတ်တွေကို ပျိုးထား။
ကမ္ဘာမြေကို သင်ယူဖို့တော့ ညီလေးကိုယ်တိုင်ရဲ့ အရေးပေါ်ကိစ္စ။
ကဗျာဆရာနဲ့အတူ။
ညီလေးနဲ့အတူ ကမ္ဘာမြေရဲ့ စာမျက်နှာတွေကို ဖတ်ကြရမှာပါ။

အသက်ရှူကျပ်နေတဲ့ ငါတို့ကမ္ဘာမြေမှာ

ငါးကလေးတစ်ကောင်ရဖို့အတွက်
ဘယ်တော့မှ တီမတူးနဲ့ ညီလေး၊
လူဆိုတာ သွေးနဲ့ကိုယ် သားနဲ့ကိုယ်
ဖွဲ့စည်းတည်ဆောက်ထားတာမဟုတ်လား

ငါဆွဲလက်စ ဖဲချပ်ဟာ
မင်းအတွက်လက်ခံတဲ့အခါ
အမှန်တရားဆိုတဲ့ နံပါတ်ကလွဲပြီး
ဘာနဲ့မှ ဆေးပေးမီးယူမလုပ်ပစ်နဲ့နော်....။

ကော်ဖီက အေးစက်သွားပြီမို့ ကဗျာကိုပဲ မော့ချပစ်လိုက်တယ်။

1 comment:

DHAMMA GANGA said...
This comment has been removed by the author.