14 August, 2009

မိဂဒါဝုန်ဂျန်းရှင်း






မှတ်စု (၂)


ပဉ္စ၀ဂ္ဂီရဟန်းတို့သည် အဝေးမှ ကြွတော်မူလာသောမြတ်စွာဘုရားကို မြင်ကြ၍ “ ငါ့သျှင်တို့ လာဘ်များခြင်းငှါကျင့်၍ ကမ္မဌာန်းလုပ်ငန်းမှ ထွက်သော လာဘ်များခြင်းငှါ လှည့်လည်သော ဤရဟန်းဂေါတမသည် ကြွလာ၏။ ထိုရဟန်းဂေါတမကို ရှိမခိုးရ၊ ခရီးဦးမကြိုရ၊ ထိုရဟန်းဂေါတမ၏ သပိတ်သင်္ကန်းကို လှမ်းမယူရ၊
(သို့ရာတွင် )နေရာကိုကား ထားထိုက်၏။ ရဟန်းဂေါတမသည် အကယ်၍ အလိုရှိလျှင် ထိုင်လိမ့်မည်။” ဟု အချင်းချင်းကတိက၀တ်ပြုကုန်၏။ မြတ်စွာဘုရားရှင်သည် ပဉ္စ၀ဂ္ဂီရဟန်းတို့ထံ ချဉ်းကပ်တော်မူသော် ပဉ္စ၀ဂ္ဂီရဟန်းတို့သည် မိမိတို့ ကတိက၀တ်ဖြင့်မတည်နိုင်ကုန်ပဲ........

ဝိ၊မြန်၊၃၊၁၃။)

(က)

မိဂဒါဝုန်တောအစပ်ကို ချဉ်းကပ်လာတဲ့ ဗုဒ္ဓအရှင်ကို အဝေးက မြင်တဲ့အခါ ပဉ္စ၀ဂ္ဂီတွေ တိုင်ပင်ဆွေးနွေးကြပါတယ်။ ရဟန်းဂေါတမကို ရှိမခိုးကြနဲ့၊ မကြိုဆိုကြနဲ့၊ သပိတ်သင်္ကန်းတွေ လှမ်းမယူကြနဲ့၊ ဒါပေမယ့် နေရာလေးတော့ ခင်းပေးထားလိုက်ပါ၊ သူထိုင်ချင်လည်း ထိုင်လိမ့်မပေါ့တဲ့၊
အဲဒီ “ဒါပေမယ့်”ထဲမှာ မေတ္တာအရိပ်အေးအေးလေးကို လှမ်းပြီး ခိုလိုက်မိပါတယ်။

သူတို့အမြင်မရှင်းဖြစ်နေတာက ရဟန်းဂေါတမပါ။ လာဘ်လာဘပေါများအောင် လှည့်လည်နေတယ်လို့ သူတို့ထင်နေတဲ့ ရဟန်းဂေါတမကို သူတို့ကြည့်မရကြပါဘူး၊ သူတို့ခေတ်စံချိန်စံညွှန်းအရ အဆင့်မြင့်ဆုံး တပအကျင့် (ဒုက္ကရစရိယာ) အကျင့်ကို ခြောက်နှစ်ခြောက်မိုးအကျင့်ကြီး ကျင့်ခဲ့ပြီးခါမှ ကျောခိုင်းကာ အကျင့်တစ်ပါးကို မွေးစားယူလိုက်တဲ့ ရဟန်းဂေါတမကို သူတို့စိတ်ကုန်သွားခဲ့ကြပါပြီ။
ဒါကြောင့်လည်း
ဥရုဝေလမှာ ပြတ်ပြတ်သားသားလမ်းခွဲခဲ့ကြတာပါ၊
ကတ္တီပါလမ်းခွဲ သို့မဟုတ် သံမဏိလမ်းခွဲပါ။

ဒါပေမယ့် သူတို့မျက်စိအောက်မှာ လူလားမြောက်ခဲ့တဲ့ တစ်မြေတည်းနေ တစ်ရေတည်းသောက် ခတ္တိယမင်းသားလေး သိဒ္ဓတ္ထကိုတော့ သံယောဇဉ်အမျှင်တန်းနေကြတုန်းပါ။
“နေရာလေးတော့ ခင်းထားလိုက်ပါ၊ သူထိုင်ရင်လည်း ထိုင်လိမ့်မပေါ့ ” တဲ့။
ကပိလ၀တ်သွေးက နွေးနေကြတုန်းပါ။

ဗာရာဏသီရဲ့ ညနေချမ်းတွေမှာ မဂဒါဝုန်ကို ဖြတ်လျှောက်ပြီး ပဉ္စ၀ဂ္ဂီရဟန်းတွေက မြတ်စွာဘုရားရှင်ကို ကြိုဆိုရာအထိမ်းအမှတ်အဖြစ် တည်ထားကိုးကွယ်တဲ့ ချောက်ခန္ဒီစေတီပရိဝုဏ်ထဲ ထိုင်မိတဲ့အခါတိုင်း ဒီမြင်ကွင်းလေးကို မြင်ယောင်ကာ လွမ်းလည်း လွမ်းမိ၊ ပြုံးလည်း ပြုံးမိ၊ မျက်ရည်လည်း စို့ခဲ့မိပါတယ်။

ပါရမီရှင်ကြီးတွေရဲ့ စိတ်လှုပ်ရှားဖွယ်ရာ နောက်ဆုံးပုထုဇဉ်ဇာတ်သိမ်းခန်းထဲ မျောပါနေခဲ့မိတာပါ၊
ဘုရားရှင်ကိုတောင် စိတ်ကောက်ခွင့်ရအောင် ပါရမီထူးတဲ့ ပုဂ္ဂိုလ်ကြီးတွေကိုလည်း ပျော်ပျော်ကြီး ဦးညွတ်မိပါသေးတယ်။

(ခ)

ဗုဒ္ဓအရှင်တကယ်ရောက်လာတော့လည်း သူတို့မနေနိုင်ခဲ့ကြပါဘူး။ ရှိမခိုးကြနဲ့။ မကြိုဆိုကြနဲ့ ။ သပိတ်သင်္ကန်းတွေ လှမ်းမယူကြနဲ့ ဆိုတဲ့ ကတိက၀တ်တွေ အကုန်ပျက်ယွင်းသွားတော့တာပါပဲ။ သူတို့ အထင်အမြင်လွဲမှားနေသလို ဗုဒ္ဓအရှင်က လာဘ်လာဘပေါများအောင် လှည့်လည်နေတဲ့ ကမ္မဌာန်းလူထွက်တစ်ယောက်မှ တကယ်မဟုတ်ခဲ့လေပဲ။

ဒုက္ကရစရိယာခြောက်နှစ်ခြောက်မိုးကျင့်လို့ အကျိုးမဖြစ်ထွန်းမှန်းသိတဲ့အခါ အကျင့်ဟောင်းကို စွန့်ခွာလို့ ကိုယ်ကာယကျန်းမာရေးမျှတအောင် နီးစပ်ရာရွာလေးတွေမှာ ဆွမ်းခံစားရင်း ပဋိပဒါအမှန်ကို ခံယူကျင့်သုံးခဲ့ခြင်းပဲ ဖြစ်ပါတယ်။ ဗုဒ္ဓအရှင်နဲ့ ပဉ္စ၀ဂ္ဂီရဟန်းတို့ကြားထဲမှာ ခိုင်လုံနွေးထွေးတဲ့ မေတ္တာအကြောင်းပြချက်တွေ ရှိနေခဲ့ပါတယ်။


ဘုရားရှင်ရဲ့ အတွေးစိတ်အစဉ်ကို ကြည်ညိုကြည့်လိုက်စမ်းပါဦး။
“ငါးယောက်အစုရှိကုန်းသော ပဉ္စ၀ဂ္ဂီရဟန်းတို့သည် ငါ့အား ကျေးဇူးများကုန်၏။ ယင်းပဉ္စ၀ဂ္ဂီငါးဦးတို့သည် ပဓာနအလုပ်ကို အားထုတ်နေသောငါ့ကို လုပ်ကျွေးဘူးကုန်၏။
ငါသည် ပဉ္စ၀ဂ္ဂီရဟန်းတို့အား တရားဦးကို ရှေးဦးစွာ ဟောရမူကောင်းလေစွ ” ဟု အကြံဖြစ်တော်မူပြန်၏။ တဲ့။

ဓမ္မစကြာတရားနဲ့ အနတ္တဒေသနာတော်ဖြစ်ထွန်းပေါ်ပေါက်လာခြင်းရဲ့ အရင်းအမြစ်တွေ အကြောင်းပြောကြတဲ့အခါ ဗုဒ္ဓအရှင်နဲ့ ပဉ္စ၀ဂ္ဂီရဟန်းတို့ရဲ့ ကျေးဇူးသစ္စာနဲ့ မေတ္တာတရားကိုလည်း သိပ်သည်းစွာ တို့ထိကြရမှာ ဖြစ်ပါတယ်။

(ဂ)

မိတ်ဆွေရဟန်းတစ်ပါးပါပဲ။
စာပေဖတ်ရှုလေ့လာမှု။ ပရိယတ်သုတေသနပြုခြင်းနဲ့ ပိဋကတ်အိုး ကွဲအောင် စာအုပ်ပုံတွေကြားထဲ ဗိုင်းရပ်စ်ပိုးတစ်ကောင်လို ခေါင်းရော ရင်ဘတ်ရော တိုးဝင်မြှုတ်နှံထားတဲ့ကိုယ်တော်ပါ။ ပြောရရင်တော့ သူ့ကိုယ်စား အားနာပါတယ်။ သူဖတ်နေတဲ့ ပိဋကတ်စာပေကိုသာ တွယ်ဖက်တတ်သူမို့ ဓမ္မကထိကတွေရဲ့ တရားကို နာယူခဲပါတယ် ။

ဒါပေမယ့် တစ်ရွာနေ ငယ်ပေါင်းမိတ်ဆွေရဟန်းက နိုင်ငံကျော်ဓမ္မကထိကဖြစ်လာပါတယ်။ ဘာပဲဖြစ်ဖြစ် အထင်တကြီးမဟုတ်ပေမယ့် ဇာတိစွဲ ပုဂ္ဂိုလ်စွဲလေးကြောင့် သူ့မိတ်ဆွေရဲ့ တရားကို နာယူဖြစ်ပါတယ်။
အဲဒီတရားနာပြီးတာနဲ့ သူရွာပြန်ပြေးဖြစ်တာပါပဲတဲ့ ၊ အမေ့ကို သတိရလို့တဲ့ ။
သူ့မိတ်ဆွေဟောတဲ့တရားက မိဘကျေးဇူးကို လင်းပစေတဲ့ တရားပါ။
သူနဲ့တွေ့တော့ ပြောဖြစ်ပါတယ်။ “ ငါ့ရှင်လည်း စာတွေ ဖတ်နေတာ မိဘကျေးဇူးတွေ သိနေတာပဲ။ ဒီတရားနာရမှ ထူးထူုးခြားခြား ”ဆိုတော့ “သူဟောတာက ပိုလွမ်းစရာကောင်းသကွာ” တဲ့။ အထင်အမြင်လွဲမှားမှုနဲ့ အထင်အမြင်ဝေးကွာမှုတွေကို မေတ္တာတရားက ဆက်ပေးနိုင်ပါတယ်။

ခုလည်း ပုဂ္ဂိုလ်ခင်လို့တရားမင်တာပါ။ ဒီလိုမှ မဟုတ်ရင် လွဲသွားနိုင်ပါတယ်။
ဒါကြောင့်လည်း မိဂဒါဝုန်ကို ပိုပိုလွမ်းတာပါ ။
မနက်ဖြန်မနက်မှာ မိဂဒါဝုန်ဂျန်းရှင်းကို သွားပြီး ပူတီနှစ်ချပ်နဲ့ ကြာရေတစ်ခွက်သောက်ပြီး လွမ်းဖြစ်ဦးမှာပါ။

No comments: