04 September, 2009

ဓမ်ဖိုတိန်းမင့်တ်









“သောက်ပါ ဦးဘချစ် ဗမာပြည်မှာ ကျနော်တစ်ယောက်တည်း သောက်တဲ့ စီးကရက်လေ။ This is the only cigarette what I alone smoke in this country. ”
(ဗိုလ်အောင်ဒင့် ရီသံ)
ဗိုလ်အောင်ဒင်လို ရယ်ခြင်းအတတ်ပညာတတ်မြောက်ဖို့ အရေးကြီးလေရဲ့။ ပြောချင်တာက လူဆိုး တစ်ယောက်ရဲ့ ကာရိုက်တာကိုတောင် အနုပညာမြောက်အောင် ဖျော်ဖြေ တင်ပြတတ်ရင် အပြစ်ဒေါသကလွတ်တတ်တာပါပဲ။

ငယ်ငယ်က သူနေခဲ့တဲ့ ရွာလေးမှာ ညည သာရေးနာရေးရှိပြီဆို လော်စပီကာ(Loud Speaker) လို့ခေါ်တဲ့ အသံချဲ့စက်ကနေ ဂန္ထ၀င်သီချင်းတွေ ၊ ဗုဒ္ဓ၀င်ဇာတ်လမ်းတွေနဲ့ ပြဇာတ်တိပ်ခွေတွေကို ကြားရတော့တာပါ။ တစ်ရွာလုံးလူကြီးလူငယ်တွေ ပြောလက်စစကားကို ဖွဖွလေးပြောလို့ အသံချဲ့စက်ဆီကိုပဲ သမာဓိပို့လွှတ်ပြီး လော်စပီကာကသိုဏ်းပွားကြတော့တာပဲ။ အသံထွက်မိရင်ပဲ (အသက်ရွယ်ကြီးလေးစားလောက်သူဆိုပြဿနာမတက်ပေမယ့်) ငယ်ရွယ်သူ၊ ပြောလို့ဆိုလို့ရမယ့် သူဆိုရင်တော့ အော်ငေါက်ခံရတော့တာပါပဲ။ဇာတ်ရှိန်တက်နေရင်တော့ ပြောခံရတာနဲ့ နေစရာရှိ တော့မှာ မဟုတ်ပေဘူး။ သိပါတယ်။ မြို့ပြကလူတွေအတွက်တော့ ရယ်ကြဲကြဲဖြစ်စရာပါ။ဖြစ်မှ ဖြစ်ရလေပေါ့။ လော်စပီကာယဉ်ကျေးမှုက လွဲပြီး ဖျော်ဖြေရေးဆိုတာက ရွာလေးမှာ ရှိမှရှိပဲကိုး။

ပျဉ်းမငုတ်တို၊ မေတ္တာစစ်ကို ထောက်ပြပါ၊စိုးမိုးမေတ္တာတို့လို (Drama) ဇာတ်လမ်းတွေ၊ အောင်ဖေအောင်ရွှေ၊သံမဏိဗိုလ်စံဖဲတို့လို(Action) ဇာတ်ကြမ်းတွေကြောက် မျက်ရှင်စိန်စိန်၊ မနုစာရီတို့လို (Fiction)ဇာတ်လမ်းတွေမြစိမ်းသိုက်လို(Tragedy)ဇာတ်လမ်းတွေကို ရွာကအမျိုး တွေ ကြိုက်လေ့ရှိပါတယ်။ အင်း သူလည်း ကိုရင်ပေါက်စကတည်းက ဘုန်းတော်ကြီးရဲ့ ဝေယျာဝစ္စတွေလုပ်ရင်းနဲ့ ခိုးခိုးပြီးနားထောင်ခဲ့ရတာပါပဲ။ ဇာတ်လမ်းဇာတ်ကွက်တွေ ဒိုင်ယာလော့ တွေကို ဘုန်းတော်ကြီးသင်တဲ့ အတွင်းအောင်ခြင်း အပြင်အောင်ခြင်းတွေနဲ့ ရောထွေး ကျက်မှတ်ခဲမိပါလေရဲ့။

မှတ်မှတ်ရရ ဘုန်းတော်ကြီးမရှိခိုက် ကိုရင်ကျောင်းသားတွေ ပျဉ်းမငုတ်တိုဇာတ်လမ်းကို ခင်းကျင်းမိလို့ အရိုက်ခံထိခဲ့ပါသေးတယ်။ သာရေးနာရေးရှိလို့ ဆရာတော်ကြီးတွေ ကြွလာရင် ဧည့်ခံဖို့ထားတဲ့ ခေါင်းအုံးတွေကို ဘီဒိုတွေထဲ ထုတ်၊ ခေါင်းအုံးအစွန်းတွေကို ကြိုးတွေနဲ့ချည် ကျောမှာလွယ်လို့ (ကျောပိုးအိပ်ပေါ့လေ) ကြေးစည်ခေါင်းလောင်းတီးတဲ့ ထိုးမောင်းထိုးစည်တွေကို သေနတ်စိန်ပြောင်းတွေလုပ်ပြီး“ ရဲဘော်မောင်တူး” အော်ဟစ်ရင်း ကျောင်းတွင်းစစ်ပွဲတွေ ပြင်းထန်နေတဲ့ အချိန် ဘုန်းတော်ကြီးက ပြန်ရောက်လာခဲ့တာပါ။ တစ်ချိန်တစ်ခါဆီက ရွာလေးမှာပေါ့လေ။

ခုတစ်ခေါက် နှစ်ပေါင်းများစွာ ကြာပြီးမှ ရွာလေးကို ပြန်ရောက်ချိန်မှာတော့ ရွာလေးက ဗီစီဒီကာရာအိုကေစက်တွေနဲ့ ကြိုဆိုနေခဲ့ပါတယ်။ ရွာလေးမှာ ဓမ်ဖိုတိန်းမင့်တွေ ထွန်းကားနေတာ ၀မ်းသာကြည်မြစရာဖြစ်ခဲ့ပါတယ်။ ဓမ်ဖိုတိန်းမင့် ဆိုတာ Dhamma(တရားဓမ္မ)+ Information (သတင်းအချက်အလက်) + entertainment (ဖျော်ဖြေရေး) ကို ပေါင်းစပ်ကြည့်တာပါ။ Infortainment ဆိုတာကို သဘောသက်ဝင်မိလို့ပါ။

ရွာတော်ရှင်လိုနတ်ပွဲမျိုးတွေမှာ တက်ကြွခဲ့တဲ့ အမျိုးတွေ တရားဗီစီဒီပြပြီဆို ရှေ့ဆုံးက ရောက်ကြတာဆိုကိုး။ မျက်လုံးခွဲစိတ်ထားတဲ့ အမေဆို တရားပွဲခွေတွေပြပြီဆို တရားဟောဆရာ တော်လေးရဲ့ အသံတော်လေးပဲ ကြားကြားဆိုပြီး တိုးတိုးဝှေ့ဝှေ့ နေရာဦးတော့တာတဲ့ ။အမေက တီဗီဇာတ်လမ်းတွဲတွေကို အလွန်ကြိုက်သူပါ။ဖြစ်တော့ ဖြစ်ချေပြီပေါ့။

ရွာလေးရဲ့ တစ်ခုတည်းသော လက်ဘက်ရည်ဆိုင်လေးမှာလည်း မနက်မနက်ဆို သီချင်းခွေတွေ ထက် ဓမ်ဖိုတိန်းမင့်တွေက အသက်ဝင်နေတော့တာပါ။ ရွာဦးကျောင်းဘုန်းတော်ကြီးကဆို “မောင်ပဇင်းရေ ငါတော့ သက်သာသကွ ၊ဟိုတုန်းကတော့ ဥပုသ်သည်ဒကာမကြီးငယ်တွေ ဥပုသ်နေ့ကျောင်းလာရင် သနပ်ခါးမလိမ်းခဲ့ဖို့ လက်ဝတ်ရတနာတွေ အပြိုင်ကြွားဝတ်မလာဖို့ အတော်ပြောရတယ်ကွာ။ ခုတော့လည်း မောင်ပဇင်းတို့မြို့ပြက မောင်ဘုန်းတွေ ဟောလိုက် တော့လည်း အဟုတ်သားပါလား။ ပြီးတော့ ရှိသေးသကွ မောင့်ခမည်းတော်အပါအ၀င် ဒကာကြီး တွေ ပုတီးကြီးတွေ တကားကားနဲ့ မဖြစ်ညစ်ကျယ်တရားစာပိုဒ်လေးတွေ ရွတ်ဖတ်ပြီး ငြင်းခုန်ကြတာ ခုတော့လည်း ငြိမ်လို့ဆိတ်လို့ဗျား။

ပြီးတော့ မြို့မှာ ခေတ်စားနေတဲ့ ၀ိပဿနာတရားဟောပါဦးဆိုလို့ ဥပုသ်နေ့တိုင်း အလုပ်ပေး တရားပြရင်း ငါပါတရားထိုင်နေရသဗျား ”တဲ့။ သက်သာတယ်လို့ပြောတဲ့ ဆရာဘုန်းတော်ကြီး လည်း ဓမ်ဖိုတိန်းမင့်ထဲ ရောပါနေပြီမို့ နိပ်သဟလို့ ကောင်းချီးမင်္ဂလာပြုရပေမှာပဲ။

ဒါတင်မကသေး နှမတွေ တူမတွေ ဒေါ်ကြီးဒေါ်လေးးတွေကလည်း ဓမ္မကထိက ဆရာတော် လေးတွေကို ဘုန်းဘုန်းနေတိုးလို့ ခေါ်လို့ခေါ် ဘုန်းဘုန်းခမ်းလှိုင်လို့မှည့်လိုမှည့် လုပ်နေကြ တော့တာ ။ အားရစရာပေပ၊ဘာပဲဖြစ်ဖြစ် သူတို့တွေ မိဘစကားတွေ ပိုနားထောင်တတ်လာတာ၊ ယောဂီဝတ်စုံလေးတွေနဲ့ ဘုန်းတော်ကြီးကျောင်းကို အသင်းအဖွဲ့လေးတွေ စုစုပြီး ဝေယျာဝစ္စလာ လုပ်ကြတာ။ ဟိုလူ့အတင်းပြော ဒီလူ့အတင်းပြောတွေ( ပြောချင်ကြပေမယ့်) ပေနေနိုင်ကြတာ ချီးကျူးစရာပေပဲပ။

ဦးကြီးဦးလေး လူပျိုကြီးတွေနဲ့ လူပျိုပေါက် တူတွေ ညီတွေလည်း ရွာဓလေ့ရပ်ထုံးစံ အပျိုတွေ စုဝေးရာ တရားဝိုင်းတွေ ရောက်ရောက်နေတာနဲ့ သောက်နေကျ ထန်းတောလည်း မရောက်။ အရက်ပုန်းဆိုင်လေးဆီလည်း မရောက်နဲ့ မယောင်မလည် ခွက်ကပ်ကုန်ကြပြီဆိုပဲ။ ဟုတ်ရင်တော့ သာဓုခေါ်စရာပေပ၊

ခက်တာက သူ့ကိုလည်း လော်ကယ်ယောင်ယောင် ဖောရိမ်းယောင်ယောင်မို့“ဒီဘုန်းဘုန်းတွေလို တရားဟောပါတော့လား” ဆိုပြီး ရှင်ဂွမ်းဂွိတို့ တစ်သိုက်က အဘိယာစကတောင်း ပန်သမှုပြုကြ လေတော့ ချွေးပြန်ချင်သလို ဖျားချင်သလိုလို ဖြစ်ရတော့တာ။ဟိုနိုင်ငံစည်းရိုးကျော်လိုက် ဒီနိုင်ငံ စည်းရိုးခွလိုက်၊ ဟိုဘုတ်အုပ်ဆွဲလိုက် ဒီဘုတ်အုပ်လှန်လိုက်နဲ့ သူ့မှာ ပြောစရာ အင်ဖော်မေး ရှင်းလေးတွေတော့ ရှိတာအမှန်။ ဒါပေမယ့် သူတို့ကြိုက်အောင် ဘယ်လိုအင်တာတိန်း ရမယ်ဆိုတာက အခက်ပေပ။ ခက်ခြင်းကြီးဘယ်နှစ်ပါးမှန်းမသိပေမယ့် ရွာမှာတော့ ခက်ခြင်းကြီး တစ်ပါးတော့ တွေ့ခဲ့ရသပေါ့။

“ဒို့ဦးဇင်းက တရားမဟောသေးလို့ဗျ ၁၂ ဘာသာတောင်တတ်တာ”ဆိုတာမျိုးကြားရတဲ့နောက် ရွာဦးဘုန်းတော်ကျောင်းမှာပဲ ရှိတဲ့ ဂြိုဟ်တုစလောင်းရှေ့သွားမထိုင်ရဲတော့ဘူး။ ပြင်သစ်မှန်းမသိ စပိန်မှန်မသိ ဘာသာပြန်ခိုင်းကြတော့တာပါပဲ။ ဘောလုံးပွဲတွေကို တခုတ်တရ ကြိုက်ကြတဲ့ ရွာက ကိုအ၀ှာတွေကို အသင်းနာမည်မှန်ပြောဖို့တောင် အတော်လေးအားထုတ်ရပေသပေါ့။ ဆရာဝန် တွေရေးပေးတဲ့ ဆေးစာတွေဆေးညွှန်းတွေပါ အဖတ်ခိုင်းဖို့အထိ အားကိုးသမှုပြုကြ လေတာတော့ ကိုယ်တော်မှိုင်းကြီးရဲ့ ကျုပ်တို့အညာမှာ မင်္ဂလာတစ်မျိုးပေပ၊ အဟတ် အစဉ် အလာတော့ ဆိုးခဲ့သပေါ့။

တစ်နေ့သားမှာ ရွာသားနှစ်ယောက်ပြောနေတာကို ကြားရပြန်လေတော့ ရွာကို ပြန်တိုင်း ရွာမှာကြာ ကြာမနေရဲတော့ဘူး။ နေတဲ့ရက်တိုတိုလေးမှာလည်း သင်္ကန်းခေါင်မြီးခြုံပြီးအခန်းတွင်းအောင်း ကျိန်းစက်ရတော့တာပါပဲ။

ရွာသားတစ်ယောက်ကပြောပါတယ်“ ဦးဇင်းက ၁၂ ဘာသာတောင် တတ်တာဆိုတော့ ခုတီဗီမှာ လာနေတဲ့ ကိုရီးယားဇာတ်လမ်း၊ တရုတ်ဇာတ်လမ်းတွေလည်း ဘာသာပြန်တတ်မှာပေါ့”တဲ့။ တစ်ယောက်က ခပ်ကြွားကြွားပြန်ပြောတာက မျက်နှာပူစရာပါ။“ဟကောင်ရ ငါတို့ဦးဇင်းက ပါဠိဘာသာတောင် တတ်မှတော့ အကုန်တတ်ပြီပေါ့ဟ” တဲ့။
မှတ်ကရော။

အင်းဘာပဲဖြစ်ဖြစ် နောက်တစ်ခါ ရွာပြန်ရင် အခက်မတွေ့အောင်ဓမ်ဖိုတိန်းမင့်နည်းနာ လေးတွေ တော့ မဇ္ဈိမမှာနေတုန်း ဆည်းပူးထားပေဦးမှ။အိန္ဒိယသားတွေဆိုတာ အပြောသန် အငြင်းသန်တွေ ဆိုပဲ။ နိုဘယ်လ် ဆုရ ဘောဂဗေဒပညာရှင်ကြီး အမရတျာဆင်းရဲ့ နာမည်ကျော်စာအုပ်အမည်ကိုက The Argumentative Indian ဆိုပဲ။
သြော် ကောင်းလေစွ။

No comments: