(၁)
နဘဲကျင်းရပ်ကိုလွန်လိုက်သည်နှင်
ကျောင်းတိုက်ပရိဝုဏ်ပြင်ပတွင် ရှည်လျားခိုင်ခံ့သောအုတ်တံတားကြီးရှိသည်။ သူကိုရင်လေးဘ၀က ညနေခင်း ဆွမ်းချိုင့်ပို့ပြီး ပြန်လာချိန်တွင် ကျောင်းထဲသို့တိုက်ရိုက်မပြန်ဘဲ ရပ်ကွက်ထဲက ကလေးများနှင့် ရောနှော ဆော့ကစားခဲ့ဖူးရာ တံတားကြီးဖြစ်သည်။
ဝန်းသိုမြို့လေး၏ ထုံးစံက ညနေပိုင်းတွင် ဆွမ်းအလှူရှင်အိမ်များဆီ သူတို့ကိုရင်လေးများက ဆွမ်းချိုင့်အလွတ်များကို လိုက်ပို့ထားရသည်။ နောက်နေ့ နံနက် ၉း၃၀ နာရီခန့်မှာတော့ ထိုဆွမ်းချိုင့်များကို ပြန်ယူရမည်ဖြစ်သည်။ ညနေခင်းသည် တစ်နေ့တာအတွက် သူမျှော်လင့်ရသော အချိန်ဖြစ်သည်။ နံနက် လင်းသည်နှင့် ကျောင်းဝေယျာဝစ္စ၊ ဆရာသမားဝတ်ဖြည့်ရခြင်းနှင့် ပျင်းရိငြီးငွေ့ဖွယ် စာတက်စာကျက် ချိန်များကိုသာ တွန့်လိမ်နေအောင် ကျော်ဖြတ်ရလေသောအခါ ညနေခင်း ဆွမ်းချိုင့်ပို့ ချိန်များကို တစ်နေတာ အကောင်းဆုံးအချိန်ဆုပေးဖြစ်သည်။
စာတက်စာကျက်ဆိုသည်ကလည်း အချိန်ပိုင်းခြားထားသည်မျိုးမဟုတ်။ ဆရာဘုန်းကြီးထံမှ ကြမ်းပြင်ကို ကြိမ်ဖြင့်ရိုက်လိုက်သည့် ဗြောင်းကနဲ မည်သံမကြားမချင်း တစ်နေကုန် အသံအီနေရလေသည်။ ဆရာဘုန်းကြီး က အတွေးခေါ်ခေတ်မီဟန်ရှိသော်လည်း ရှေးရိုးအစဉ်အလာများကို ဆက်လက်ထိန်းသိမ်း တတ်ပါသည်။ ရဟန်းသာမဏေဟူသည် စိတ်မလေလွင့်အောင် အချိန်တိုင်း စာဖြင့် ဖိကပ်ထားရမည် ဟု ယုံကြည်နေသည်။ တစာစာ လုပ်နေမှ စာတတ်မယ် ဟုလည်း သြ၀ါဒပေးတတ်သည်။
ဘယ်အချိန်မှာ စာကျက်ရမည် မပြဌာန်း၊ နံနက်ဆွမ်း နေဆွမ်းစားချိန်၊ ကျောင်းဝေယျာဝစ္စဆောင်ရွက်ချိန်နှင့် ရေချိုးချိန်များမှအပ ကျန်အချိန်များသည် သူတို့အတွက် စာအုပ်နှင့် မျက်နှာကပ်နေရလေသည်။ ရေက တစ်နေ့လျှင် နံနက်တစ်ကြိမ်သာ ချိုးရလေ့ရှိသည်။ ညနေခင်းရေချိုးလျှင် မကြိုက်ပါ။ လှချင်ပချင် လိုက်ကြတာ ဟုပင် အပြစ်တင်တတ်ပါသေးသည်။ ဖျားနာလျှင် ညနေရေချိုးလို့ ဟုလည်း အယူရှိတတ်သည်။
စည်းကမ်းကြီးကာ အကွပ်အညပ်ကောင်းလှသော သူတို့ဆရာဘုန်းကြီးထံတွင် စာသင်သားများများ ကြာကြာ နေနိုင်လေ့မရှိပါ။ သူသည်ပင်လျှင် ဖခင်က ဘုန်းတော်ကြီးနှင့် ငယ်သူငယ်ချင်းပီပီ ''တပည့်တော်သား မကျိုး မကန်းပြီးရော၊ ရိုက်သာရိုက်ဘုရား။ စာတတ်ဖို့သာ အဓိက၊ အရှင်ဘုရားရိုက်လို့ ထွက်လာရင်လည်း တပည့်တော်က ဆီးရိုက်မယ် ဘုရား "ဟု ဆရာဒကာအချင်းချင်း ကတိစကားထားကြသည်ကို ကြားရသော ကြောင့်သာ ထွက်ပေါက်မရှိဖြစ်သွားသည်။ သူလည်း ပြေးချင်ခဲ့တာပါပဲ။
ထိုသည့်အခါ ကျောင်းတိုက်နှင့်၊ ဘုန်းကြီး၏ ကြိမ်လုံးနှင့်၊ ပျင်းရိငြိးငွေ့ဖွယ်ရာ သဒ္ဒါ သဂြိုဟ်စာမျက်နှာများနှင့် ဝေးရာ ဆွမ်းချိုင့်ပို့ချိန်များကို သူမျှော်ရပါသည်။ ဆွမ်းအလှူရှင်က ဝေးလေ သူတို့ကိုရင်လေးတွေ အကြိုက်တွေ့လေ ဖြစ်သည်။ ကျောင်းပြန်နောက်ကျလျှင်လည်း ဝေးလို့နောက်ကျတာပေါ့လေ။ တကယ်တော့ သူတို့ကိုရင်လေးတွေက လူပြတ်သောလမ်းကို ရွေးပြီး ပြေးကြသည်။ ဆွမ်းချိင့်မည်သံ ဂွလွမ်း ဂွလွမ်းတွေကိုပင် ပြန်ကြားနေသေးသည်။
သူတို့ကို စောင့်နေမည့် အုတ်တံတားကြီးဆီ ။ ထိုအုတ်တံတားပေါ်က ဒိုးပစ်၊ သရေးကွင်းပစ်ပွဲလေးတွေဆီ၊ သူ့စည်း ကိုယ့်စည်း ငြင်းခုန်သံများဆီ။
(၂)
ထိုအုတ်တံတားကြီးက ပထမရေ၀န်းဆရာတော်ကြီးကို ကန်တော့ရန်ရောက်လာမည့် မဃဒေ၀လင်္ကာသစ် ကျမ်းပြုအကျော် မန်လည်ဆရာ တော်ကြီးကို ကြိုဆိုရန် ခင်းထားခဲ့ခြင်းဖြစ်သည်ဟု ဆိုစမှတ်ရှိသည်။ ၀န်းသိုနှင့် မန်လည်ဆိုသည်က ခရီးကြမ်းတစ်ပြေးတည်း ဖြစ်သည်။
ပထမရေ၀န်းဆရာတော်ကြီး ဘွဲ့တော်က အရှင်ဇယန္တမဟာထေရ်ဖြစ်သည်။ မန္တလေးရတနာပုံနေပြည်တော်မှာ ပရိယတ္တိပညာတွေကို ကုံလုံအောင် ဆည်းပူးခဲ့သည့် ပရိယတ္တိအချွန်အမွန်ဆရာတော်ကြီး
ရတနာပုံနန်းတွင်းရေးအခြေအနေများ ရှုပ်ထွေးချိန်မှာတော့ အေးချမ်းသော ၀န်းသိုမြို့လေးဆီ ခိုလှုံရန် ရောက် ရှိလာခြင်းဖြစ်
ဝန်းသိုမြို့လေးတွင် တပည့်ရဟန်းသာမဏေများကို စာပေပို့ချရင်း သိက္ခာသုံးရပ်ကို ဖြည့်ဆည်းကျင့်ကြံ နေခဲ့သည်။ ဆရာတော်ကြီးကို အကြောင်းပြုကာ ရေ၀န်းကျောင်းတိုက်သည် ပရိယတ္တိစာသင်တိုက်ကြီးအဖြစ် နှစ်ပေါင်းများစွာ ထွန်းကားခဲ့သည်။ မြို့ပေါ်ရှိထက်ဝက်ခန့်မျှသော ကျောင်းတိုက်များသည် ရေ၀န်းကျောင်း တိုက်ကြီးကို အမှီပြုဖြစ်ပေါ်လာကြသည်။
ဝိနည်းပိဋကတ် ၀ိနိစ္ဆယကျမ်းပြုအကျော် အဂ္ဂမဟာပဏ္ဍိတ မဟာဗောဓိဆရာတော်ကြီးသည် ၀န်းသိုပထမ ရေ၀န်းဆရာတော်ဘုရား၏ သြရသတပည့်ကြီးဖြစ်သည်။
No comments:
Post a Comment