01 December, 2009

မနက်ဖြန်များကို စမ်းဝါးခြင်း(၃)

ဂုရုကြီး မစ္စတာထရိပါတီနှင့် တွေ့ဆုံပြီး တစ်ပတ်ခန့်အကြာ တစ်ခုသော တနင်္လာနေ့တွင် တက္ကသိုလ်အဓိပတိရုံးခန်းမှ ဖုန်းခေါ်သံတစ်ချက်ဝင်လာသည်။ အဓိပတိနှင့် နံနက် ၁၁ နာရီတွင် လာရောက်တွေ့ဆုံပါရန်တဲ့။ အဓိပတိရုံးခန်းသို့ ဒုတိယအကြိမ်ရောက်ရပြန်လေသည်။

ဟင်ဒီဘာသာဖြင့် ကုလပတိဟုခေါ်သော တက္ကသိုလ်အဓိပတိတာဝန်ကို ထမ်းဆောင်နေသောပုဂ္ဂိုလ်ကြီးမှာ တိဘက်လားမားကြီးတစ်ပါးဖြစ်သည်။ ဘာသာစကားတော်တော်များများကို ပြောဆိုနိုင်သည်။ ထုံးစံအတိုင်းပင် သူနှင့်အတူ အရှင်စန္ဒိမာလိုက်ပါလာသည်။ အရှင်စန္ဒိမာကိုတော့ လားမားကြီးက ဟင်ဒီဘာသာဖြင့် စကားပြောသည်။ သူနှင့်ကတော့ အန်ဂရေ၈ျီး(အင်္ဂလိပ်)ဘာသာ။

လားမားကြီးက ချိုမြသောအပြုံးဖြင့် ကြိုဆိုသည်။ လက်အုပ်ကိုယ်စီချီက နှုတ်ဆက်ကြ၏။ မဟာယာနနှင့် ထေရ၀ါဒဟူသည်က အဖေတူသားများပင် မဟုတ်ပါလား။ ပါဠိဂုရုကြီးမစ္စတာထရိပါတီ၏ ထောက်ခံချက်ကို သူအပြည့်အ၀ရခဲ့ပြီဖြစ်ကြောင်းသေချာလှပါသည်။ ဓမ္မာစရိယအောင်ခဲ့တယ် မဟုတ်လား ဟူသောမေးခွန်း၏ အဓိပ္ပါယ်ကို လားမားကြီးနှင့် စကားပြောဖြစ်သည့်အခါမှ သဘောပေါက်သွားရလေသည်။

လာမားကြီးက သူ၏ ကိုယ်ရေးအကျဉ်းကို ပြန်ကောက်ကြည့်ကာ ပါဠိဘာသာနှင့် ပတ်သက်လျှင် ထိပ်တန်းကျလှသော မြန်မာနိုင်ငံမှ ဓမ္မာစရိယရဟန်းတော်တစ်ပါးအနေဖြင့် အိန္ဒိယတက္ကသိုလ်တွင် ပါဠိဘာသာ အထူးပြုတက်ရောက်ဖွယ်မလိုဟု ထင်မြင်မိပါသည်တဲ့။ အိန္ဒိယပါမောက္ခများသည်ပင် မြန်မာဓမ္မာစရိယ ရဟန်းတော်များနှင့် နှိုင်းယှဉ်ဖွယ်မရှိနိုင်ပါ ဟုလည်း ဆိုသေးသည်။ အိန္ဒိယတွင် မြန်မာရဟန်းတော်များ ပါဠိဘာသာလာရောက်သင်ယူနေသည်ကို အံ့သြဟန်လည်း ပြပါသည်။

ရိုးရာစနစ်နှင့်နှိုင်းယှဉ်ကာ နိုင်ငံတကာသင်ကြားနည်းကို လေ့လာရန်ဖြစ်ကြောင်းနှင့် တက္ကသိုလ်ပညာရေးကိုလည်း စောကြောရန်ဆန္ဒတစ်ရပ်လည်း ရှိသေးကြောင်းစသည် စသည် အဖြေတစ်ခုတော့ ပေးရပါလေသည်။ ဟုတ်လည်း ဟုတ်ပေသည်၊ မြန်မာနိုင်ငံတွင် ရဟန်းတော်တစ်ပါးအနေဖြင့် တက္ကသိုလ်ပညာကို သင်ကြားခွင့်ရရန် အခွင့်အလမ်းနည်းပါးလှပေသည်။

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်ကြီးနှစ်ခုရှိသော်လည်း နှစ်စဉ်တက်ရောက်ခွင့် ရသည့် ရဟန်းတော်က အပါးတစ်ရာပင်မရှိ၊ သူတက်ရောက်ခွင်ရခဲ့သည့်နှစ်က မန္တလေးသာသနာ့တက္ကသိုလ်တွင် ပထမနှစ်သင်တန်းသားက ရ၂ ပါးမျှသာ။အပြည်ပြည်ဆိုင်ရာထေရ၀ါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်ကြီးတွင် တက်ရောက်ခွင့်ရပြန်တော့လည်း သူနှင့်ကျောင်းတက်ဖော် ရဟန်းတော်များက ၁၂ ပါးတိတိမျှသာ။

ယခုတော့ သီတဂူဆရာတော်ကြီဖွင့်လှစ်သည့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ဗန်းမော်ဆရာတော်နှင့် ဆရာကြီးဦးမြင့်ဆွေ(မဟာဝိဇ္ဇာလန်ဒန်) တည်ထောင်သည့် ဗုဒ္ဓတက္ကသိုလ်( ရန်ကုန်၊မန္တလေး)၊ ကမ္ဘာအေးကုန်းမြေတွင် ဖွင့်လှစ်ထားသည့် အဘိဓမ္မာမဟာသိပ္ပံ စသည် တက္ကသိုလ်အမည်ခံကျောင်းများ ပေါ်ပေါက်လာခြင်းကိုတော့ ကြိုဆိုရပေမည်။ ရဟန်းတော်များ တက္ကသိုလ်ပညာဆိုတာ ဘာလဲ သိမြင်နိုင်ကြစေ၊ သိသည့်အတိုင်း ဖြန့်ဝေနိုင်ကြစေ။ ကမ္ဘာလုံးလိုက် ပြားလိုက်ကြီးထဲ အလိုက်သင့် စီးမျော သာသနာပြုနိုင်ကြစေပေါ့။

အဓိပတိလားမား ကြီးက ဗဟိုတိဘက်အဆင့်မြင့်လေ့လာရေးတက္ကသိုလ်အနေဖြင့် ထေရ၀ါဒပိဋကတ်စာပေကို သင်ကြားပို့ချပေးနိုင်သည့် ဌာနတစ်ခုဖွင့်လှစ်ရန်ရည်ရွယ်ထားပါကြောင်း၊ ထေရ၀ါဒပိဋကတ်ကို လေ့လာရန်မှာ ပါဠိဘာသာကို မဖြစ်မနေသင်ယူရမည်ကို နားလည်သဖြင့် ပါဠိဘာသာကို အင်္ဂလိပ်ဘာသာဖြင့် သင်ကြားပို့ချပေးနိုင်သည့် မြန်မာရဟန်းတော်တစ်ပါးကို ဖိတ်ကြားရခြင်းဖြစ်ကြောင်း ၀မ်းမြောက်ဖွယ် စကားဆိုလေသည်။

ယခုနှစ်တွင်တော့ ပညာသင်နှစ်တစ်ဝက်စွန်းနေပြီဖြစ်သည့်အတွက် မေဂျာဘာသာအဖြစ်မဟုတ်ဘဲ အထူးသင်တန်းတစ်ရပ်အနေဖြင့် ပို့ချပေးစေလိုကြောင်း၊ သင်တန်းကို ဒီဇင်ဘာလတွင် စတင်စေချင်ကြောင်းလည်း မှာကြားပြန်လေသည်။ သူနှင့်ချိတ်ဆက်ပေးသည့် အရှင်စန္ဒိမာကိုလည်း ကျေးဇူးတင်စကားတဖွဖွဆိုလေသည်။

ယခုတစ်ခေါက်ခရီးစဉ်သည် သူ့အတွက် လာခြင်းကောင်းစေခဲ့ပါသည်။ ယမန်နှစ်က လွဲချော်ခဲ့သော ပီအိတ်ခ်ျဒီကျမ်းပြုခွင့်ကိုလည်း ဗာရာဏသီ သက္ကတတက္ကသိုလ်တွင် ချောချောမောမော ရရှိခဲ့သည်။ ဗာရာဏသီဗဟိုတိဘက်အဆင့်မြင့်လေ့လာရေးတက္ကသိုလ်တွင်လည်းပါဠိစာပေဌာနတည်ထောင်သူ ဧည့်ကထိကအဖြစ် နိုင်ငံနှင့် လူမျိုး၏ ဂုဏ်ကို ဆောင်ခွင့်လည်း ရပြန်သည်။

ကောင်းလေစွ။
အကြွားသန်သောအမျိုးများအတွက် လက်ဆောင်စကားပါးရပေတော့မည်။
ဖခင်ကြီးကတော့ သူစာမေးပွဲတစ်ခုအောင်လေတိုင်း “ ငါ့သားကတော့ အောင်ပြန်ပြီတဲ့ဟေ့” ဟု အားရပါးရ ကြွေးကြော်တတ်သည်ကို လွမ်းဆွတ်မိသေးတော့၏။

အခုလည်း အဖေရေ“ ဖြစ်ပြန်ပြီတဲ့ဟေ့”လို့သာ လုပ်ချလိုက်ပေတော့။
ပီတိကို စား အားရှိပါ၏။

No comments: