02 January, 2010

နေရဉ္ဇရာမှတ်တမ်း(၆)

ကျောင်းတော်ကြီးရဲ့ ဘုရားခန်းမ

၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက် အဖွဲ့ကြီးရဲ့ ဒုတိယနေ့နေ့လည်ပိုင်းအစီအစဉ်ကို ဆက်လက် ကျင်းပ ခဲ့ပါတယ်။ ဧကာဒသမနှစ်လည်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ တာဝန်ထမ်းဆောင်ခြင်း စပါပြီ။
အထွေထွေအတွင်းရေးမှူး သူ့အနေနဲ့ နှစ်သစ်မှာ ဘာတွေဆောင်ရွက်ကြမလဲ၊ ဘာအစီအစဉ်တွေ ထည့် သွင်းရမလဲ ဆိုတာကို ဥက္ကဋ္ဌအသစ်ကိုသာမက ဥက္ကဋ္ဌအဟောင်းတွေ၊ ၀ါရင့်အဖွဲ့ဝင်ရဟန်းတော်တွေ ကိုပါ တိုင်ပင်ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ အဖွဲ့ဝင်ရဟန်းတော်တွေအားလုံးလက်ခံနိုင်မယ့် အချက်အလက်တွေကို စုစည်းနိုင်ခဲ့ပါတယ်။ အဓိက ကတော့ အဖွဲ့ပိုင်ကျောင်းတော်ကြီးပေါ်ပေါက်လာပြီဆိုတော့ ကျောင်းတော်ကြီးထိန်းသိမ်းစောင့်ရှောက်ရေးနဲ့ ဒီကျောင်းတော်ကြီးကို အခြေပြုပြီး အဖွဲ့ဝင်ရဟန်း တော်တွေအတွက် ပညာရေးမြှင့်တင်မှုတွေလုပ်ဆောင်သွားဖို့ ရည်ရွယ်ချက်က ဧကာဒသမနှစ်ပတ်လည် အမှုဆောင်အဖွဲ့ရဲ့ အဓိကပြစ်မှတ်ဖြစ်ရပါမယ်။

အခမ်းအနားမှူးအဖြစ် သူဆောင်ရွက်ခဲ့ပါတယ်။ နမော တဿ သုံးကြိမ်သံပြိုင်ရွတ်ဆိုကာ အခမ်းအနားကို မင်္ဂလာရှိစွာဖွင့်လှစ်ခဲ့ပါတယ်။ဒသမနှစ်ပတ်လည်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌအရှင်ပညာဒီပက ဧကာဒသမနှစ်လည်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဥက္ကဌအရှင်ပညာသာမိကို အဖွဲ့ကြီးနဲ့ပတ်သက်တဲ့ စာရွက်စာတမ်းများကို လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

ဥက္ကဋ္ဌသစ်က အဖွင့်အမှာစကားပြောကြားရာမှာတော့
“ကမ္ဘာမှာ အဖွဲ့အစည်းတိုင်းဟာ ညီညွတ်ရေးအတွက် ဖွဲ့စည်းထားခြင်းဖြစ်ပါတယ်။ ကမ္ဘာ့ကုလ သမဂ္ဂအဖွဲ့ ကြီးကို ကြည့်ရင် သိနိုင်ပါတယ်။ အဖွဲ့တိုင်းဟာ ညီညွတ်မှုသာမဂ္ဂီစိတ်ဓါတ်ကို ရည်ညွှန်းပါတယ်။ ဒီအဖွဲ့ကြီးဟာ လည်း ညီညီညွတ်ညွတ်နဲ့ (၁၀)နှစ်တိုင်ခရီးကို ဖြတ်သန်းခဲ့ပါပြီ။ တပည့်တော်တို့ တာဝန်ထမ်းဆောင် စဉ်မှာလည်း အရင်ကလိုပဲ ညီညီညွတ်ညွတ်ဖြစ်ဖို့ ကြိုးစားရပါမယ်။

ရှေးယခင်ဥက္ကဋ္ဌတာဝန်ထမ်း ဆောင်တော်မူခဲ့ကြခဲ့တဲ့ ဒေါက်တာအရှင်သီရိန္ဒ(ကိုးလ်ကတ္တားမြန်မာကျောင်း)၊ ဒေါက်တာအရှင်ကစ္စာယန( သြ စတေးလျနိုင်ငံ၊ ဘရစ္စဘိန်း)၊ဒေါက်တာအရှင်နန္ဒ၀ံသ (ဗာရာဏသီမဇ္ဈိမ သုခဖောင်ဒေးရှင်း)၊ အရှင်ပညာဒီပ (မဂဓတက္ကသိုလ်) တို့ရဲ့ ကြိုးပမ်းအားထုတ်ခဲ့မှုများကြောင့် အခုလို စည်းဝေးနိုင်ကြ စုစည်းနိုင်ခဲ့ကြတာဖြစ်ပါတယ်။အဖွဲ့ပိုင်ကျောင်းတော်ကြီးပေါ်ထွန်း လာခဲ့ရတာဖြစ်ပါတယ်။

ဒေါက်တာအရှင်နန္ဒ၀ံသ(ဗာရာဏသီမဇ္ဈိမသုခဖောင်ဒေးရှင်း)၊ အရှင်ပညာဒီပ (မဂဓတက္ကသိုလ်) တို့အနေနဲ့လည်း ဆောင်ရွက်ခဲ့တဲ့အတွေ့အကြုံများကို မျှဝေလက်ဆင့်ကမ်းပေးကြဖို့ လျှောက်ထားလိုပါတယ်။ တပည့်တော်များအနေနဲ့လည်း ညီညီညွတ်ညွတ်ဆက်လက်လျှောက်လှမ်းကြပါစို့ လို့ ဆန္ဒပြုလိုက်ပါတယ။်” တဲ့။

လိုတိုရှင်းပါပဲ။ စီနီယာအဖွဲ့ဝင်ကြီးတွေရဲ့ ကျေးဇူးတရားကို သိမြင်ဖို့နဲ့ အတွေ့အကြုံ အသိအမြင်တွေကို လက်ဆင့်ကမ်းကြဖို့ပါ။ ညီညွတ်မှုဆိုတာတော့ အဖွဲ့အစည်းတိုင်းအတွက် ဆားပါ။ဆားမပေါ့စေနဲ့ ဆားမငံစေနဲ့။ မစည်းလုံးရင်တော့ ပေါ့ပါတယ်။ အစည်းအရုံးလွန်ပြီး အဂတိနွှယ်သွားရင် ငံတော့တာပါ။

အဲဒီနောက်မှာတော့ သူက ယခင်ကျောင်းတော်ကြီးဖြစ်မြောက်ရေးကော်မတီကိုကျောင်းတော်ကြီး ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီအဖြစ် အသိအမှတ်ပြုပြောင်းလဲဖွဲ့စည်းဖို့တင်သွင်းခဲ့ရာမှာ အဖွဲ့ဝင်ရဟန်းတော်အားလုံးက သာဓုသုံးကြိမ်ခေါ်ကာ အတည်ပြုခဲ့ကြပါတယ်။
အဖွဲ့ပိုင်ကျောင်းတော်ကြီးနဲ့ ပတ်သက်ပြီး ကျောင်းတော်ကြီးဖြစ်မြောက်ရေးဘဏ္ဍာငွေရှာဖွေရေးကော်မတီနဲ့ ကျောင်းတော်ကြီးဖြစ်မြောက်ရေးကော်မတီဆိုပြီး ကော်မတီနှစ်ရပ်ဖွဲ့စည်းဆောင်ရွက်ခဲ့ကြပါတယ်။

ဘဏ္ဍာရှာဖွေရေးကော်မတီကတော့ ကျောင်းတော်ကြီးရုပ်လုံးပေါ်ပြီး အကြမ်းထည်ဖြစ်တည်ချိန်မှာပဲ ဖျက်သိမ်းခဲ့ပါတယ်။ ဆိုလိုတာက မဏ္ဍပ်ထိုးအလှူခံခြင်းကို ရပ်ဆိုင်းခဲ့တာပါ။ ရွှေပြည်ကြီးနဲ့ နိုင်ငံတကာက ပေးပို့လှူဒါန်းငွေများ၊ ဗုဒ္ဓဂယာဘုရားဖူးခရီးသည်များရဲ့ အလှူငွေများနဲ့သာ ကျောင်းတော်ကြီးကို အပြီးသတ်နိုင်အောင် ကြိုးပမ်းခဲ့ကြတာပါ။ကျောင်းတော်ကြီးဖြစ်မြောက်ရေးအဖွဲ့ရဟန်းတော်များရဲ့ ကျေးဇူးပါပဲ။
ဒါပေမယ့် သိမ်တော်ကြီးနဲ့ အခြားအချောသတ်လုပ်ငန်းအချို့ကတော့ ကျန်ရှိနေပါသေးတယ်။

ကျောင်းတော်ကြီးထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီဥက္ကဌအရှင်ပညာဒီပ(ဒသမနှစ်ပတ်လည်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ)က
“ ကျောင်းတော်ကြီးကို အဖွဲ့ကြီးက တည်ထောင်ထားသဖြင့် တစ်ဦးတစ်ယောက်တည်းပိုင်မဟုတ်ပါ၊အဖွဲ့ကြီးရဲ့ စွမ်းအားကြောင့် အခုဆိုရင် အောင်မြင်သင့်သလောက် အောင်မြင်ခဲ့ပါပြီ။ အဖွဲ့ကြီးရဲ့ ဥက္ကဋ္ဌဟောင်း ဗာရာဏသီ မဇ္ဈိမသုခဖောင်ဒေးရှင်းဆရာတော်ဒေါက်တာအရှင်နန္ဒ၀ံသနဲ့ တပည်တော်တို့ အိန္ဒိယနိုင်ငံဥပဒေများနဲ့အညီ ဖြစ်အောင် ခက်ခက်ခဲခဲ ဆောင်ရွက်ခဲ့ကြရတာပါ။ ဒီကျောင်းတော်ကြီးထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် အဖွဲ့ကြီးက ပေးအပ်တဲ့တာဝန်ကို တပည့်တော်များ ကျေပွန်အောင် အကောင်းဆုံးဖြစ်အောင်ကြိုးစားပါ့မယ်” လို့ ကတိပေးစကားပြောကြားခဲ့ပါတယ်။

အဲဒီနောက်မှာတော့ အဖွဲ့ကြီးရဲ့ ဥက္ကဋ္ဌအဖြစ်ဦးဆောင်မှုပေးခဲ့ပြီး ကျောင်းတော်ကြီးဖြစ်မြောက်ရေးအတွက် နှောင်ကြိုးမဲ့စွာ အဓိကကြိုးပမ်းခဲ့တဲ့ ဗာရာဏသီမဇ္ဈိမသုခဆရာတော်ဒေါက်တာအရှင်နန္ဒ၀ံသကို အဖွဲ့ကြီးရဲ့ ပြည်တွင်းဦးဆောင်နာယကအဖြစ်အဖွဲ့ဝင်များက အသိအမှတ်ပြုသာဓုခေါ်ခဲ့ကြပါတယ်။အဖွဲကြီးက ပြည်တွင်း ပြည်ပသြ၀ါဒါစရိယဆရာတော်များအဖွဲ့နဲ့ပြည်တွင်းပြည်ပဦးဆောင်နာယကဆရာတော်များအဖွဲ့ရဲ့ သြ၀ါဒနဲ့ အကြံဉာဏ်ကို လေးစားစွာ ခံယူလေ့ရှိပါတယ်။

အခမ်းအနားထဲမှာ ထူးခြားတဲ့ အစီအစဉ်တစ်ရပ်အနေနဲ့ ပြည်တွင်းဦးဆောင်နာယက မဇ္ဈိမသုခဖောင်ဒေးရှင်း ဆရာတော်ဒေါက်တာအရှင်နန္ဒ၀ံသရဲ့ အကြံပြုချက်အရ အဖွဲ့ကြီးစတင်တည်ထောင်ချိန်က စပြီး ဆယ်နှစ်တိုင် တိုင် နှစ်ပတ်လည်အစည်းအဝေးများကို မပျက်မကွက်တက်ရောက်ခဲ့နာလန္ဒာတက္ကသိုလ်က အရှင်ဝိသုတကို အမှတ်တရလက်ဆောင်ပေးအပ်ခဲ့ခြင်းပါပဲ။

အစည်းအဝေးကြီးရဲ့ ပထမနေ့မှာ ဆယ်နှစ်မြောက်အထိမ်းအမှတ်အဖြစ် အဖွဲ့ကြီးက ဘွဲ့နှင်းအပ်ရန် အတည်ပြုကြေငြာခဲ့တဲ့ ကျောင်းအမကြီးဒေါ်မြရှင် (ပုလဲရတနာရောင်းဝယ်ရေး)အား “ မဇ္ဈိမသံဃမာတာ” ဘွဲ့အထိမ်းအမှတ် မဟာဗောဓိစေတီတော်ပုံတူကို အပ်နှင်းခဲ့ပါတယ်။ အဖွဲ့ကြီးရဲ့ ဗဟိုအလုပ်အမှုဆောင် ဥက္ကဋ္ဌနဲ့ ကျောင်းတော်ကြီးထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီဥက္ကဋ္ဌတို့က ပေးအပ်ခဲ့တာဖြစ်ပြီး ကျောင်းအမကြီးကိုယ်စား မဇ္ဈိမသုခဖောင်ဒေးရှင်းဆရာတော်က လက်ခံရယူခဲ့ပါတယ်။

အဖွဲ့ကြီးရဲ့ ကိုယ်ပိုင်ဝက်ဘ်ဆိုဒ်တင်ရေးကိစ္စကိုတော့ မဂဓဌာနက ပြန်ကြားရေးမှူးအရှင်ဝိလာသဂ္ဂါလင်္ကာရက တာဝန်ယူဆောင်ရွက်မယ့်အကြောင်းတင်ပြခဲ့ပါတယ်။အဖွဲ့ရဟန်းတော်များ ကျန်းမာရေးထောက်ပံ့မှုအစီအစဉ်၊ နှစ်ပတ်လည်စာစောင်ထုတ်ဝေရေးအတွက် ကုန်ကျစရိတ်သတ်မှတ်ရာထားရေးအစီအစဉ်တွေ ပြီးသွားတဲ့ အခါမှာတော့ ပညာရေးကော်မတီတစ်ရပ်ဖွဲ့စည်းရေးအတွက် သူတင်သွင်းခဲ့ပါတယ်။ အဖွဲ့ဝင်ရဟန်းတော် တွေအတွက် တက္ကသိုလ်ပညာရေးအပြင် သာသနာပြုလုပ်ငန်းဆောင်ရွက်ရေးမှာ အထောက်အကူပြုစေမယ့် အသိပညာ၊အတတ်ပညာများဖြန့်ဝေးပေးရေးအတွက် ရည်ရွယ်ပါတယ်။

ခက်တာက ပညာရေးပဒေသာပင်ငွေက ပထမနေ့မှာပဲ ပညာရေးထောက်ပံ့ငွေလှူဒါန်းလိုက်တာနဲ့ လက်ကျန်မရှိဖြစ်သွားခဲ့ပါတယ်။ ပညာရေးမြှင့်တင်မှုအစီအစဉ်တွေ တိုးမြှင့်လုပ်ဆောင်မယ်ဆိုရင် ပဒေသာပင်ငွေလိုအပ်မှာ သေချာပါတယ်။ ဒါပေမယ့် ပညာရေးကော်မတီကို နိဒါန်းပျိုးဖို့ လက်ညှိုးတစ်ချောင်းက ကယ်လိုက်ပါတယ်။

ဗာရာဏသီ (B.H.U) က အရှင်နန္ဒသာရက စကားအနည်းငယ်ပြောပါရစေဆိုပြီး ထလာတာပါ။ ပညာရေးကော်မတီသာ ဖွဲ့စည်းဖြစ်မယ်ဆိုရင် အရှင်သီရိဓမ္မ(ပါရဂူကျမ်းပြု)(ဆန်ဆခရစ်တက္ကသိုလ်) က အမေရိကန်ဒေါ်လာနှစ်ရာမတည်လှူဒါန်းမယ့်အကြောင်း ကြေငြာပေးလိုက်ပါတယ်။အရှင်နန္ဒသာရ နိဗ္ဗာန်ဆော်ကောင်းလို့ လက်ညှိုးတွေ တော်တော်များထောင်သွားကြပါတယ်။ ပညာရေးကော်မတီမတည် အလှူရှင်ရဟန်းတော်တွေရဲ့ ဘွဲ့တော်တွေကို နှစ်ပတ်လည်စာစောင်နဲ့ အဖွဲ့ဘလော့မှာ ဖော်ပြပေးပါ့မယ်။ အမေရိကန်ဒေါ်လာတစ်ထောင်ကျော်ခန့်ပညာရေးကော်မတီငွေပဒေသာပင်ရရှိသွားပါတယ်။

ဒီလိုဆိုရင်တော့ ပညာရေးကော်မတီဖွဲ့ဖို့ လမ်းစရသွားပါပြီ။ တက္ကသိုလ်အသီးသီးက အဖွဲ့ဝင်ရဟန်းတော်တစ်ပါးစီပါဝင်တဲ့ ပညာရေးကော်မတီတစ်ရပ်ကို စနစ်တကျဖွဲ့စည်းနိုင်ခဲ့ပါတယ်။ ပညာရေးကော်မတီဝင်ရဟန်းတော်တွေကတော့ သီးခြားဆွေးနွေးကြပြီး ဆောင်ရွက်မယ့် ပညာရေးအစီအစဉ်တွေကို ထုတ်ပြန်ကြေငြာပေးရမှာ ဖြစ်ပါတယ်။

ပညာရေးကော်မတီအပြီးသတ်ဖွဲ့စည်းပြီးချိန်မှာတော့ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်နဲ့ ဆယ်စုနှစ်နှစ်ပတ်လည်အစည်းအဝေးကြီးကို ပျော်ရွှင်တက်ကြွစွာ ရုတ်သိမ်းခဲ့ကြပါတော့တယ်။
အစည်းအဝေးပွဲကြီးပြီးချိန် ညနေပိုင်းမှာတော့ အဖွဲ့ဝင်ရဟန်းတော်တွေ သင်္ကန်းညီညီ စိတ်ကြည်ကြည် ခြေလှမ်းအတည်အခန့်တွေနဲ့ ဗုဒ္ဓအရှင်သစ္စာသိမြင်ရာ မဟာဗောဓိစေတီတော်မြတ်ဆီ ဦးတည်ခဲ့ကြပါလေရဲ့။
(ဓါတ်ပုံများဖော်ပြပြီး)

No comments: