ဂုရုဂျီးနော၊ပါမောက္ခဆူရင်ဒရာကူးမားရ်နှင့် ဂုရုဂျီးမော်
(၁) ပစ္စက္ခသတင်းများအခြေအနေအရ ကုလားကျောင်းဆရာမလေးကို ဘလော့ထဲက ရုတ်ရုတ်သဲသဲ ခိုးပြေးတဲ့ ဘလော့ဂါဘုန်းကြီးတစ်ဖြစ်လဲ ကိုနောဟာ မဟာဗန္ဓုလဗျူဟာနည်းနဲ့ ပေါက်သွားခဲ့ပါတယ်။ ကိုနောလုပ်ပုံလေး လှပါတယ်။ ပုဏ္ဏားကိုပိန်ပြောသလိုဆိုရင်တော့ ဗာရာဏသီပုဏ္ဏားတစ်စု ငေးသွားရပါတယ်။ ကိုနောကား ဖြစ်ချေပြီတည့်အချိုးမျိုးပေါ့။
မြန်မာ့သူရဲကောင်းစစ်သူကြီးမဟာဗန္ဓုလဟာ သာမန်မင်းမှုထမ်းမောင်ရစ်ဘ၀က ဘကြီးတော်မင်းဖြစ်လာမယ့် အိမ်ရှေ့စံစစ်ကိုင်းမင်းသားထံမှာ အခစားဝင်ရပါတယ်။ မောင်ရစ်မှာ သာမန်ထက်ထူးကဲတဲ့ အရည်အသွေး ကောင်းတွေရှိပေမယ့် မောင်ရစ်ကလည်း သူတကာထက်ချွန်ပြီး အမှုတော်ဝန်ကို ကျေပွန်အောင် ဆောင်ရွက် ပေမယ့် စစ်ကိုင်းမင်းသားက အသိအမှတ်မပြုခဲ့ပါဘူး။ အဲဒီမှာ မောင်ရစ်က ဖောက်ရတော့တာပါ။ ပေါက်ရင်ပေါက်၊ မပေါက်ရင်တော့ ပျောက်ပါပဲ။ ပဒေသရာဇ်အရေးအရာမှာ အသက်ဆိုတာ ဖက်ရွက်ပါပဲ။
အိမ်ရှေ့မင်းနန်းတော်မှာ နောက်နားက အခစားဝင်နေဆဲ အနီးမှာရှိနေတဲ့ နန္ဒဗလဆိုတဲ့ မင်းချင်းတစ်ယောက် ကို ဘာမဆိုင်ညာမဆိုင် တံတောင်နဲ့ ထထောင်းလိုက်တာပါ။ နန်းတွင်းမှာ ရုတ်ရုတ်သဲသဲ အထိတ် တလန့် ဖြစ်အောင် လုပ်ဆောင်ခြင်းဟာ ကြီးလေးလှတဲ့ ရာဇ၀တ်တော်ပန်းကို ဆင်မြန်းရမှာဖြစ်ပါတယ်။ ပြည်နှင်ဒဏ်နဲ့ သေဒဏ်ပါပဲ။ အိမ်ရှေ့မင်းရှေ့တော်သွင်းတဲ့အခါ “ဟဲ့ ငရစ်၊ မောင်မင်း ရာဇဒဏ်ကို မကြောက်မရွံ့ အဘယ့်ကြောင့် မထီမဲ့မြင်ကျူးလွန်ရသနည်း” လို့ မေးစစ်တဲ့အခါ မောင်ရစ်ပြောတဲ့ စကားက ပေါက်သွားတယ်။ လုပ်ရပ်ကလည်း ကျော်သွားပါတယ်။
“အရှင်အထံတော်တွင် အမှုတော်များထမ်းရွက်ခဲ့ရာ ဆုတော်လာဘ်တော် ရိက္ခာတော်များ မပြတ်ခံစားရ ပါသော်လည်း `ငရစ်´ ဟူ၍ တစ်ကြိမ်ခါမျှ ခေါ်ယူ အရေးလုပ်တော်မူခြင်း မခံခဲ့ရပါ ။ကျွန်တော်မျိုးသည် နန္ဒဗလ အား စော်ကားလို၍ ထောင်းခြင်း မဟုတ်ပါ။ယခုမူကား အရှင် မှ ငရစ် ဟုခေါ်တော်မူသည်ကို ခံပြီးဖြစ်ပါသဖြင့် ကြီးလေးသော ရာဇဒဏ်ကို ခံယူရန် အသင့် ဖြစ်ပါပြီဘုရား´´ လို့ ခပ်ရဲရဲ တင်လျှောက်ခဲ့ပါသတဲ့။
အိမ်ရှေ့ကိုယ်တော်လေးက မောင်ရစ်စကားကို ခိုက်သွားခဲ့ပါတယ်။ ရာဇ၀တ်မသင့်တဲ့အပြင့် အရေးအရာ အားလျှော်စွာ မြှောက်စားခြင်းခံရတဲ့အတွက် သာမန်မောင်ရစ်လေးကနေ သတိုးမဟာဗန္ဓုလကြီးဖြစ်လာတဲ့ အထိ တောက်ပခဲ့ပါတယ်။ မဆိုင်တဲ့ နန္ဒဗလဆိုတဲ့ ခမျာလေးကတော့ အချောင်အထောင်းခံရလေသပေါ့။
ခုလည်း ကိုနောက ဗန္ဓုလဗျူဟာနဲ့ ဘလော့ဂါတပ်ဦးထဲ ထိုးဖောက်ဖို့ ကြိုးစားလိုက်တာပါ။ ကိုနောဆိုတာက စုဆောင်းရှာမှီးထားသမျှ။ ဆည်းပူးလေ့လာထားသမျှ (စာတိုပေစများသာမက) အတွေးအမြင်သစ်လေးတွေ ချခင်းပြနေတာကြာပါပြီ၊ မနက်တိုင်း သူ့ကိုလည်း ` ဘယ်လိုလဲဗျ´ လို့ မေးလေ့ရှိတာမို့ မဖတ်ရသေးလည်း ခပ်တည်တည်နဲ့ ` အင်း မဆိုးပါဘူး´ တို့၊`ချဗျာ မိုက်တယ်´တို့ လုပ်ပေးရလေ့ရှိပါတယ်။ ``ပရိသတ် တစ်ယောက်ရှိမှတော့ အခိုင်ပဲ´´ လို့ဆိုတတ်လေတော့ သူလည်း ယောင်ချာချာ ကိုနောရဲ့ ပရိသတ် မဟာကြီးဖြစ်ရရှာတော့တာကိုး။
တကယ်က ကိုနောရေးသမျှတွေက မကြားဖူးမနာဖူးတဲ့ (ဟုတ်ချင်မှလည်း ဟုတ်မှာလည်း ဟုတ်မယ့်)တွေးကွက် ရှုကွက်အသစ်လေးတွေ ပေးတတ်ပါတယ်။ ကိုနောခမျာ အားထုတ်မှုအသစ်လေးကို ဘလော့ စာမျက်နှာပေါ် တင်လိုက်တိုင်း အသံဗလံလေးတစ်ချက်လောက် ပလုံစီလိုက်ရင်ပဲ ပီတိမြစ်ဖျားထိ ဆန်တက်ချင်လောက်အောင် တက်ကြွလေ့ရှိသူပါ။ ကိုနောကို ညှစ်ထုတ်လိုက်ရင် အများကြီးထွက်လာနိုင်ဖွယ်ရှိပါတယ်၊(စာတွေ၊စာတွေ)။ သီတင်းသုံးဖော်တစ်ပါးကဆိုရင် ကိုနောရယ်၊မစ္စတာပါရဂူရယ်၊ ဓမ္မဂင်္ဂါ(အဟဲ ချန်ထားလို့မဖြစ်၊ ကျန်ခဲ့လည်း ပြေးလိုက်မှ၊)ဘလော့ဂါသုံးပါးကို ကော်ဖီဝိုင်းလေးနဲ့ ဧည့်ခံပြီး ``ဘာတွေ ပြောကြမလဲ´´ နားထောင်ချင် ပါသတဲ့။ တကယ်တွေ့ရင်လည်း ကော်ဖီသောက်မယ့်သူတွေမှန်း မရိတ်မိသေးဘဲကိုး။
ကိုနောရေးသမျှ (ကိုနောထွင်သမျှ) ထင်သလောက်မပေါက်ပေမယ့် သီးခြားပရိသတ်လေးတော့ ရှိတာမို့ ရေထဲသဲသွန်သဘောပဲလို့ အချင်းချင်းကောက်ချက်ချပြီး သွားလက်စလမ်းလေးဆက်ပြီး ဖောက်ခဲ့ကြတာပါပဲ။ ကိုနောနဲ့ သူက ပိဋကတ်ကို အခြေခံတဲ့ ပြတင်းပေါက်လေးတွေ ဖွင့်ချင်ကြတဲ့ ဆန္ဒလေးတစ်ခုတည်းပါပဲ။
ဘာပဲဖြစ်ဖြစ် ၂၀၁၀ ဧပရယ်လ်(၁)ရက်ကို ကိုနောအပိုင်စီးသွားနိုင်ခဲ့ပါတယ်။ ကုလားကျောင်းဆရာမလေးကို ခိုးပြေးတဲ့ ဘလော့ဂါဘုန်းကြီးလို့ လုပ်ချလိုက်လေတော့ အနီးကပ်ဘလော့နီးချင်းဖြစ်တဲ့ သူကိုယ်တိုင် တရေးနိုးထဖတ်ရတဲ့အထိ။ ဧပရယ်လ်ဖူးလ်ကို ခပ်မြူးမြူးလေးနဲ့ ခေါက်လိုက်တော့ ကိုနော ပေါက်ပြီ။ ကိုနော ဘလော့မှာ လူစီသွားတယ်။(အေးဆေးလူစီရိပ်သာဆရာတော်ကြီးပေပဲ) တိုးမပေါက်တော့ဘူး။ ကိုနောပြောချင် တာလေးတွေ ကျယ်ကျယ်ပြန့်ပြန့် ပြောခွင့်ရပြီပေါ့။ ဒါပေမယ့် ကျောင်းဆရာမလေးတော့ အထောင်းခံလိုက် ရတာပ။ (အဟမ်း အဟမ်း ပိုင်လည်းပိုင်ပါပေစွ၊)
(ကိုနောနဲ့ ပါဠိပါမောက္ခဆက်ရန်)(ဤကား စကားချပ်ပြားကြီးတည်း)

5 comments:
အဟမ်း အဟမ်း
ပိုင်ပါပေစွ
ပေါက်ကြောင်း
သိလိုက်ပါပီ။
ကောင်းပိမ့်။
ကော်ဖီဝိုင်းလေးစီစဉ်နေပါတယ်... သုံးပါးစုံအားမဲ့ရက်ကို ကြိုပြောပါ..
ရွှေလမ်းငွေလမ်းဝင်းကြည်
ခင်မင်လေးစားအားကိုးစွာနဲ့
ကိုနော၏ ရှာပုံတော် အချစ်ဇာတ်လမ်းရေးဖို့
(၁၀-၄-၂၀၁၀)နေ့ လာခဲ့ပါမည်။ ဘယ်လိုဆက်သွယ်ရပါမည်လဲ ဆရာရှင်မော်ဒန်ခင်ဗျား။
ပိုင်တယ်ဗျာ.....ဖတ်လို့အရမ်းကောင်းတယ်ဗျာ။ ကိုယ်တွေ့ဖြစ်ရပ်ကို ပိုစိတ်ဝင်စားတယ်။
Post a Comment