30 January, 2010

ဂင်္ဂါကမ်းက ကဗျာလမ်း

(၁)

၂၀၀၈ ခုနှစ်ပိုင်းဆီက ဆရာမောင်သာနိုးနဲ့ သူ့ကတော်ဒေါ်ခင်လေးနွယ်တို့ ဗာရာဏသီကို ရောက်လာ ပါတယ်။ ဇနီးမောင်နှံနှစ်ယောက်တည်း သံဝေဇနိယဘုရားဖူးခရီးထွက်လာကြတာပါ။ ဆရာမောင်သာနိုးကြီး တို့ရဲ့ အမြိုက်လမ်းညွှန်ဖြစ်တဲ့ မိတ်ဆွေရဟန်းတော်က မိတ်ဆက်ပေးလို့ ဗာရာဏသီမြို့လုံးအနှံ့လှည့်လည် ရင်းစကားပြောခွင့်ရပါတယ်။ ဗာရာဏသီမှာက ဗုဒ္ဓအရှင်တရားဦးဟောရာမိဂဒါဝုန်အပြင် လေ့လာစရာ တွေကများပါတယ်။ဗုဒ္ဓဓမ္မနဲ့ ဟိန္ဒူယဉ်ကျေးမှုအပါအ၀င် ယုံကြည်ကိုးကွယ်မှုပေါင်းစုံထွန်းကာခဲ့ရာ ရှေး ဟောင်းမြို့ကြီးမို့ HOLY CITY (မြင့်မြတ်သောမြို့တော်)လို့ ဂုဏ်ယူလေးမြတ်ကြပါတယ်။ ဂင်္ဂါမြစ်ကမ်းပါး မှာထိုင်ရင်း မဇ္ဈိမရဲ့ ရသကို ခံစားနိုင်တဲ့ မြို့တော်ပါပဲ။

အစုအဖွဲ့နဲ့လာတဲ့ ဘုရားဖူးတွေအတွက်တော့ ဗာရာဏသီမြို့ကြီးကို အရင်းအတိုင်းမြင်ခွင့်မရပေဘူး။ သတ်မှတ်ခရီးစဉ်ထဲမှာ ဗာရာဏသီလှည့်လည်ကြည့်ရှုခြင်း(Varanasi Sightseeing)မှ မပါလေဘဲကိုး။ ဆရာ မောင်သာနိုးကြီးတို့ကတော့ အေးအေးလူလူ ဇနီးမောင်နှံနှစ်ယောက်တည်း ပရိုက်ဗိတ်ကားတစ်စီးငှါးပြီး အမြိုက် လမ်းညွှန်ရဟန်းတော်တစ်ပါးရဲ့ ဦးဆောင်မှုနဲ့ ဘုရားလည်းဖူးရင်း မဇ္ဈိမရဲ့ ရှုကွက်တွေကိုလည်း စူးစမ်းရင်း ထွက်လာကြတာကိုး။

ဆရာမောင်သာနိုးဆိုတာ စာပေလူကြမ်းကြီးလို့ မြင်ခဲ့ရတာပါ။ အမြင်ကတ်အောင်လည်း ရေးတတ်သလို မှတ် သားစရာတွေးစရာတွေလည်း ပါတာမို့ မဖတ်ဘဲလည်း နေလို့မရအောင် စောင့်ဖတ်ရတဲ့ စာရေးဆရာကြီး တစ်ယောက်လည်းဖြစ်ပါတယ်။ နိုင်ငံတကာကဗျာတွေကို မောင်သာနိုးကြီး မိတ်ဆက်ပေးလို့ “ထင်ရူးပင်ရိပ်”
မှာ ခိုခဲ့ဖူးသလို ဗုဒ္ဓအရှင်ရဲ့ ဖြူစင်မြင့်မြတ်တဲ့ဘ၀နဲ့ ဓမ္မအလှတွေကို ကမ္ဘာ့မျက်လုံးနဲ့ ရှုမြင်ထားတဲ့ “အာရှ တိုက်ရဲ့ အလင်းရောင်” ကြောင့်လည်း လင်းခဲ့ရဖူးပါတယ်။

တစ်ခါတစ်ရံမှာတော့ မောင်သာနိုးကြီး အာဘော်လွန်လို့ဖြစ်စေ၊ သဘောထားကွဲလွဲလို့ဖြစ်စေ ပေါက်ကွဲကြတဲ့ စာပေကြိုးဝိုင်းထဲက ပိဿာလေး နံဘေးပစ်စကားလုံးတွေလည်း ကြားရတတ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ဗာရာဏသီမှာ တွေ့တဲ ဆရာမောင်သာနိုးကြီးကတော့ စကားပြောလို့အဆင်ပြေသလို လူပုဂ္ဂိုလ် ပါဠိပညာရှင်တစ်ယောက်အဖြစ်နဲ့လည်း ပိဋကတ်အမြင်တွေကို စောကြောခွင့်ရခဲ့ပါတယ်။ ပြီးတော့ ဆရာ မောင်သာနိုးကြီးက ပိဋကတ်ကျမ်းစာထဲက ဗုဒ္ဓရဲ့စကားတော်တွေကို သူ့မူအတိုင်းပြန်ဆိုပြီး ဓမ္မဒါနပြုနေပြီ ဆိုတာကိုလည်း သာဓုခေါ်ခဲ့ရပါတယ်။ ယနေ့ခေတ် လူငယ်တွေအတွက် ဒက်ကနဲလင်းစေမယ့် ပြန်ဆိုချက် တွေမှန်း မြည်းစမ်းကြည့်လိုက်တာနဲ့ သိလိုက်ရပါတယ်။ သူ့ကိုလည်း နိကာယ်ကျမ်းစာတော် ဘာသာပြန် ကောက်နှုတ်ချက် ဘုတ်အုပ်ငယ်လေးနှစ်အုပ်ဓမ္မလက်ဆောင်အဖြစ် ဆက်ကပ်သွားသေးတာကိုး။်

(၂)

ပိဋကတ်ဘာသာပြန်ဆိုခြင်းနဲ့ပတ်သက်ပြီး မောင်သာနိုးပြောတဲ့ စကားထဲမှာ ဗုဒ္ဓအရှင်မြတ်ရဲ့ အနှိုင်းမဲ့ဘာသာ စကားစွမ်းရည်အကြောင်းတစ်စွန်းတစ်စ ကြားခဲ့ရပါသေးတယ်။ မောင်သာနိုးကြီးရဲ့ အယူအဆအရ ဗုဒ္ဓအရှင်ရဲ့ စကားတော်တွေကို ဘာသာပြန်ဆိုတဲ့အခါမှာ ပရိယာယ်တူ အဓိပ္ပါယ်တူဆိုပြီး ကျုံ့မပစ်သင့်ကြောင်း၊ ဖြုတ်မပစ် သင့်ကြောင်းနဲ့ သဗ္ဗညုတဉာဏ်တော်ရှင်ရဲ့ ဗုဒ္ဓ၀စနလို့ညွှန်းဆိုရတဲ့ စကားလုံးတော်တိုင်းမှာ လှပ မြင့်မြတ်တဲ့ ကဗျာအသက်ဓါတ် တွေပါနေကြောင်း၊ အဇ္ဈတ္တမတူတဲ့ လူအမျိုးမျိုးရဲ့ ခံယူချက်အားလျော်စွာ နားလည်ညွတ် နူးသွားနိုင်ကြောင်း မှတ်သားရပါတယ်။

ပါဠိပိဋကတ်တော်မူရင်းအတိုင်း ထိတွေ့ခွင့်ရတဲ့ ပုဂ္ဂိုလ်တွေအတွက်ဆို ဗုဒ္ဓအရှင်ရဲ့ စကားတော်တွေက ပိုပြီး အရသာရှိပါတယ်။ တစ်ချို့စာချအကျော်အမော်ဆရာတော်ကြီးတွေဆို စာချရင်းနဲ့ “ကောင်းလိုက်တဲ့ စကားလုံးဗျာ”ဆိုပြီး လက်အုပ်တချီချီနဲ့ဗုဒ္ဓအရှင်ကို တကြရတာပါ။ ကောင်းပေမပေါ့ ၊ ညွန့်ပေမပေါ့ ၊သဗ္ဗညုတ ဉာဏ်တော်ရှင်အနှိုင်းမဲ့ကဗျာ ဆရာကြီးရဲ့ အတုမဲ့ဘဏ္ဍာတော်တွေပဲ။

(၃)

တကယ်ပါ မနေ့ကပဲ ပိဋကတ်လမ်းပေါ်လျှောက်ရင်း ဘုရားဖူးထွက်ခဲ့ပါသေးတယ်။
ဘုရားရှင်နဲ့ နတ်သားတစ်ယောက်တို့ရဲ့ ဓမ္မဒိုင်ယာလော့ဂ်ကို ဒီလို ကြားရပါတယ်။
“အရှင်ဘုရား သံသရာရေအယဉ်ကို ဘယ်လိုကူးမြောက်ခဲ့ပါသလဲ။”
“ဒကာနတ်သား ငါကိုယ်တော်ဟာ ရပ်တည်မနေဘဲ အားမထုတ်ဘဲ သံသရာရေအယဉ်ကို ကူးမြေက်ခဲ့ပေရဲ့”
“ဘယ်လို ရပ်တည်မနေဘဲ အားမထုတ်ဘဲ သံသရာရေအယဉ်ကို ကူးမြောက်ခဲ့သလဲ အရှင်”
“ဒကာနတ်သားရပ်တည်နေရင် နစ်မြုတ်ပေမယ်။ အားထုတ်မယ်ဆိုလည်း မျောရပေမယ်၊ ငါကိုယ်တော် အရှင်ကတော့ ရပ်တည်မနေဘဲ အားမထုတ်ဘဲ သံသရာရေအယဉ်ကို ကူးမြေက်ခဲ့ပေရဲ့”
နတ်သားဟာ ဗုဒ္ဓအရှင်ရဲ့ ကျစ်လစ်သေသပ်ပြီး အဓိပ္ပါယ်နက်ရှိုင်းတဲ့ စကားတော်ကို ကြိုက်သွားပါတယ်။
ပြီးတော့ ဒီကဗျာကို ချက်ချင်းကောက်ရွတ်တော့တာပါ။

စိရဿံ ၀တ ပဿာမိ၊
ဗြဟ္မဏံ ပရိနိဗ္ဗုတံ။
အပ္ပတိဋ္ဌံ အနာယူဟံ။
တိဏ္ဏံ လောကေ ၀ိသတ္တိကံ။

အတွေ့နောက်ကျခဲ့ပါပေါ့၊
မကောင်းမှုအပပြုကာ ကိလေသာငြိမ်းအေးပြီးသူအရှင်။
မရပ်နားဘဲ အားမထုတ်ဘဲ
လောကထဲက တဏှာကို ကူးမြောက်ခဲ့သူ အရှင်။

(၄)

ဘာသာစကားနဲ့ပတ်သက်ပြီး ဆက်ပြောကြတဲ့အခါ “ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” ဆိုတဲ့ အသံကို ကြားတိုင်း နားထဲမှာ အဆင်မပြေဘူးဘုရားတဲ့။ သဒ္ဒါမှန်ပေမယ့် အသုံးအနှုံး(Usage)က တစ်မျိုးတစ်ဖုံဆိုပြီး “ စရထ ဘိက္ခဝေ စာရိကံ” “ဒေသေထ ဓမ္မံ” “ ဘ၀တု သဗ္ဗမင်္ဂလံ၊ ရက္ခန္တု သဗ္ဗဒေ၀တာ” စတဲ့ အသုံးအနှုံးလေးတွေနဲ့ နှိုင်းယှဉ်ပြခဲ့ပါသေးတယ်။

ဘာပဲဖြစ်ဖြစ် ဗုဒ္ဓအရှင်ရဲ့ ဘာသာစကားကြွယ်ဝမှုနဲ့ ကဗျာအသက်ဓါတ်ပါတဲ့ ဒေသနာဉာဏ်တော်ကိုတော့ ချီးပလို့မကုန်ခဲ့ချေဘူး။

No comments: