13 February, 2010

ကိုယ်တိုင်ကြွားအတ္ထုပ္ပတ္တိ (၁)

(၁)
ပြုံးမိသည်တည့် ပြုံးမိသည်၊ မလေးမောင် သည်ယနေ့ ပြုံးမွေ့မိသည် ဟုသာ ဥဒါန်းကျူးခဲ့မိလေသည်တကား။ ကဗျာက၀ိ ဆရာဇော်ဂျီ ညှိခဲ့သော ကာရံအရှိကိုပင် ပြန်လည်တုပကာ တို့ထိမိခြင်းပေတည်း ။ အမှန်စင်စစ် ဆရာဇော်ဂျီ၏ ကာရံတွင် သွေးစက် စွန်း၏။ မျက်ရည်မြစ် စီး၏။ သောကသောင် ထွန်း၏။ ရာဇ၀င်မြက်ခင်းစိမ်းတို့၏ ဗျာပါဒတောအုပ်ဖြင့် မျှော်လင့်ချက် ရှုပ်ထွေးခဲ့သော နေ့ကို ဖွဲ့သောမဟာကဗျာအပိုင်းအစများပါပေ။

ဆရာဇော်ဂျီက “ဆွေးမိသည်တည့် ဆွေးမိသည်၊ မလေးမောင် သည်ယနေ့ဆွေးမြေ့မိသည်”တဲ့။ သို့သော် သူကား ဤသို့မဟုတ်ပြီ၊ “ပြုံးမိသည်တည့် ပြုံးမိသည်၊ မလေးမောင် သည်ယနေ့ ပြုံးမွေ့ မိသည် ဟု ပုဂ္ဂလိကအရေးအရာကို ကာရံလေးမြားတွင် တင်၍ လူမြင်သူမြင် ပစ်လွှတ်မိတော့သည်။ ဘလော့ပို့စ်အသစ်ရေးရန်မဖြစ်နိုင်တော့လောက်အောင် အလုပ်များသည်ဟု သူ့ကိုယ်သူ ထင်မြင် စေသည်အထိ လှည့်ဖြားခဲ့လေသော ယခုလိုနေ့ရက်များတွင် သူရေးခဲ့ပြီးသော ဘလော့ပို့စ်အဟောင်း များကိုတော့ ဟိုဟိုဒီဒီ စောင်းငဲ့ကလစ်မိချေသေး၏။

ဤကား ဘလော့ဂါ တစ်ဦး၏ နိကန္တိ၊ ဤကား ဘလော့ဂါတစ်ဦး၏ အင်နားရှား၊ ဤကား ဘလော့ဂါတစ်ဦး၏ ချင်ခြင်း ဖြစ်ပေတော့သတတ်။ ထိုအချိန်မှာပင် သူ၏ချစ်လှစွာသောမိတ်ဆွေကြီး၏ ကွန်မင့်တော်ကြီးကို ဖတ်ရခြင်းဖြစ်တော့၏။

Ashin Acara. said...
တစ်ချိန်ချိန်မှာ Post တွေကို လုံးချင်းထုတ်နိုင်ရင် Autobiography ဆိုတဲ့ ကိုယ်တိုင်ကြွားအတ္ထုပ္ပတ္တိ ဖြစ်လာမယ်။
:)
ထိပေစွ။ မိပေစွ။ ပြောတတ်ပါပေစွ။ သူ့ရင်ဘတ်တည့်တည့်သို့ တရိရိငြိစေသော စကားလုံးတော်များပါ ပေတည်း။ သူကား အပျော်တစ်ဝက် အရိတစ်ဝက်ဖြင့် အိပ်ရေးမပျက်အောင် ကြိုးစားယူရသောညကို ဖြတ်သန်းရတော့မည်မှန်းသိလိုက်ရတော့၏။ သူအနေဖြင့် ပို့စ်အထူးကို နယူးဖြစ်အောင် ဖန်တီးရတော့မည် တည်း။

စေတနာအဖြူထည်သက်သက်ကြီးဖြင့် ကွန်မင့်ရေးကာ မထိတထိ ရိလေ့ရှိသော အရှင်ကား သူ့အား အမြဲတမ်း ပင် မတိမ်းမစောင်းအောင် စကားလုံးများဖြင့် ထိန်းကျောင်းပေးလေ့ရှိသူဖြစ်၏။

သာသနာ့တက္ကသိုလ် နေ့ရက်များတွင် အရှင်ကား တပည့်ခန့်ဆရာဖြစ်လိုက် မိတ်ဆွေဖြစ်လိုက်၊ (သူက အတ်တ် အင် ဆိုင်းယင့်စ်(Arts and Science) ခေါ် ၀ိဇ္ဇာသိပ္ပ တတ်ကောင်းစွများကို သင်ပေးပါဟု ပူဆာကာ ဆရာခန့်သောကြောင့် ဆရာတပည့်တော်ခဲ့ကြ၏။ သို့သော် သုံးရက်မျှသာ သက်တမ်းရှည်သော ထိုသင်တန်းကို နှစ်ဦးသဘောညီစွာ ဖျက်သိမ်းခဲ့ကြ၏။ အပျင်းထူ ဤသူစာမတတ် ဟူလိုသော်တွင် သူလည်းရှော် ခဲ့ဖူးညံခဲ့ဖူးပါ၏တကား )

ထေရ၀ါဒတက္ကသိုလ်နေ့ရက်များတွင်တော့ တရားဝင်ဆရာဖြစ်လိုက် မိတ်ဆွေဖြစ်လိုက် အတူဖြတ်သန်းခဲ့ ရဖူး၏။(သူက မဟာတန်းကျောင်းသား အရှင်ကား တက္ကသိုလ်နည်းပြရဟန်းဖြစ်၍ တရားဝင်ဆရာတပည့် ဖြစ်ခဲ့ပြန်၏)အရှင်၏ တက္ကသိုလ်အဆောင်အခန်းတွင် ထင်တိုင်းမွှေသည်ကို သည်းခံခဲ့သော ဆရာလည်း ဟုတ်၏၊ မိတ်ဆွေ လည်း မည်ပေ၏။

သို့ဖြစ်ရကား အရေးအရာ အခွင့်သာတိုင်း သူ့အား စိတ်အယားပြေအောင် သာသာနှင့်နာနာ နှက်တတ် ပါပေသည်။ စကားလုံးများနှင့် နှလုံးသားခေါင်းကို ခွပ်ကနဲမည်အောင် ခေါက် တတ်ပါပေသည်။

လွန်ခဲ့သော ၂၀၀၆ လွန်နှစ်များတွင်တော့ သူက တက်လက်စမဟာတန်းကို ကျောခိုင်းကာ မဇ္ဈိမသို့ ထွက်ခွာစဉ် အရှင်ကား ပါရဂူကျမ်းတော်ကြီးကို ခဲတံတပြင်ပြင်နှင့် အသော့နှင်ရေးသားကျန်ခဲ့လေသတည်း။

(၂)

ဤရက်ပိုင်းတွင် သူက ဓမ္မဂင်္ဂါမည်သော ဘလော့တော်ကြီးတွင် ဟူးဟူးငြားငြား ကြိုးစားရေးသမျှသောပို့စ် မှန်သမျှကို သူ့ပုဂ္ဂလိက အရေးအရာ (အကြွားအ၀ါ)ဟု ထင်စကောင်းသော အရာတို့ဖြင့် တန်ဆာဆင်လေ့ရှိ သည်တည့်။ပရိယာယ်ဖြင့်တစ်ဖုံ တိုက်ရိုက်က တစ်မျိုး မရိုးနိုင်သော စကားတို့ဖြင့် သူသည် အရတော်သောသူ တစ်ဦးကဲ့သို့ ဖြစ်အောင် ရေးလေ့ ရှိခဲ့ချေသည်တကား။
ဤသည်ပင်လျှင် အရှင့်အတွက် ကွန်မင့်ရေးကွက်ရခဲ့ယောင်ယောင်တည်း။

လွန်ခဲ့သောနှစ်က သူနှင့် အရှင်ကို သီဟပူရတိုင်းနိုင်ငံ ဗုဒ္ဓ၀ိဟာရတစ်ခုတွင် လက်တွဲသာသနာပြုရေးအတွက် မိတ်ဆွေကျောင်းထိုင်ဆရာတော်၏ ဖိတ်ခေါ်ခြင်းခံခဲ့ကြရ၏။ အရှင်ကား ပါရဂူပူပူနွေးနွေး၊ သူက မဟာဝိဇ္ဇာ ခပ်အေးအေး။ သို့သော် သူနှင့် သီဟပူရလွဲခဲ့၏။ အရှင်နှင့်လည်း ကွဲခဲ့၏။ ကမ္ဘာ့စီးပွားပျက်ကပ် ကိန္နရာ ချောင်းခြားတွင် အလွမ်းစကားသာ ဆိုခဲ့ရလေပြီကော။ အရှင်ကမူ ယခုအခါ သီဟပူရသာသနာ့စာမျက်နှာကြီး ကို လှန်လှောလျက်ရှိချေပြီ။

သူကား ပုတီးမစိတ်ဟန်ရှိခဲ့တကား။ သို့သော် သူ စိတ်မပျက်၊သူ ဇွဲမလျှော့။ သူ့ကိုယ်သူ ချော့ခဲ့၏။ သီဟပူရတွင် နှစ်လတာမျှနေထိုင်ခဲ့စဉ်အတွင်း သီဟပူရတိုင်းသားတိုင်းသူအချို့အား အဘိဓမ္မာသင်တန်းလေး မစို့မပို့ အင်္ဂလိပ်စာမခို့တရို့ဖြင့် သင်ကြားပေးခဲ့ရသည်ကို “သီဟပူရတွင် အဘိဓမ္မာတစ်ခေတ်ဆန်းပြီ”ဟု ရွာဆွေ မျိုးရပ်ဆွေမျိုးများအား တရားပွဲမှန်သမျှ လူစုစုရှိရာတွင် သွင်သွင်စီးအောင် ပြောဟောလေတော့၏။

သီဟပူရမှ အောင်မြင်စွာ ဆုတ်ခွာရန်ပြင်ဆင်ချိန် ကံကောင်းထောက်မစွာပင် သီတဂူဆရာတော်၏ ဘုန်းရိပ်ကံရိပ်ကို ခိုခွင့်ရရန်အကြောင်းနိဒါန်းပျိုးသတည်း။ သီတဂူဆရာတော်၏ မွေးနေ့အခါသမယတွင် ကျင်းပမည့် ထေရ၀ါဒတက္ကသိုလ်များညီလာခံသို့ တက်ရောက်ရန် မဇ္ဈိမဒေသရောက်ရွှေပြည်သား ရဟန်းတော်ဆယ်ပါးတွင် ထည့်သွင်းရွေးချယ်လိုက်ကြောင်းနှင့် စာတမ်းတစ်စောင်တင်သွင်း ဖတ်ကြားရ မည်ဖြစ်ကြောင်း မဇ္ဈိမဒေသရဟန်းတော်များအဖွဲ့မှ အကြောင်းကြားစာရောက်လာလေတော့၏။

အမှန်စင်စစ် ထိုအချိန်သည် မဇ္ဈိမဒေသ၏ ၀ိရွှဝိဒျာလယ်(၀ိဿဝိဇ္ဇာလယ)ခေါ် တက္ကသိုလ်ကြီးများ၏ စာစစ်ချိန်ပေတည်း။ ရဟန်းတော်အများစုကား စာစုခြင်း၊ စာကျက်ခြင်းတို့ဖြင့် မအားမလပ်ရှိကြလေ၏။ သို့အတွက် စာမေးပွဲမရှိသည့် ပါရဂူဘွဲ့အတွက် ကျမ်းပြုနေသူများ။ ကျမ်းတင်ရန်စောင့်နေသူများကို အထူးအလေးထားရွေးချယ်ခဲ့ကြလေ၏။ ဆယ်ပါးပြည့်ရန်တစ်ပါးအလိုတွင် လူစုစုမြင်လျှင် အခမ်းအနားမှူး ယောင်ယောင် စာဟောဆရာယောင် ယောင်လုပ်တတ်ပေသော သူ့အား စာရင်းသွင်းကာ သီတဂူ ညီလာခံကိုယ်စားလှယ်အဖြစ် ရေးထွင်းလိုက်ကြပါပေသည်။ စာမေးပွဲများသာ မရှိခဲ့သော် သူ့ထက် ပိုမိုထူးချွန်သော ရဟန်းတော် တစ်ပါးပါးကို ရွေးချယ်ခွင့်ရချိမ့်မည်တည်း။

ဖြတ် ညှပ်ကပ် အနုပညာသည်တို့နည်းနာကို အခါခါလေ့ကျက်ဖူးသော သူ့အတွက် စာတမ်းတစ်စောင် ရေးခြင်းဟူသည် မလွယ်သည့်တိုင် မခက်ဖြစ်ပေ၏။ဘုတ်အုပ်ထူထူကြီးထဲမှ တစ်ပိုဒ်၊ဘုတ်အုပ်သေး သေးလေးများမှ သုံးပိုဒ်စသည် ကူးယူခြင်း၊တုပရေးချခြင်းတို့ကို အား သန်ကြိုးပမ်းလေသော် ပါဠိစာပေ ဆိုင်ရာ စာတမ်း ကြီး တစ်စောင် ချောမောစွာ ဖြစ်သောဟူ၏။ သူကိုယ်တိုင်ကူး သူကိုယ်တိုင် စာစီ ရသောကြောင့် သူ့မူပိုင်အစစ်စာတမ်းကြီးပါပေတည်း။

သို့တစေ နောက်လာနောက်သား အင်္ဂလိသပညာဗေဒဆိုင်ရာသုတေသီငနဲလေးများအတွက်မူ အခက် ကြုံဖွယ်ပါပေတည်း။ တစ်ပိုဒ်နှင့်တစ်ပိုဒ်လေယူလေသိမ်းမတူ စကားလုံးအချို့ကလည်း အသံဝဲ သမို့ “ဤစာတမ်းကြီးသည် တစ်ဦးတစ်ယောက်တည်းရေးခြင်းမျိုးမဟုတ်ဘဲ ပညာရှင်အများ စုပေါင်းရေးသားထား ဟန်တူပေသည်။ အံ့သြဖွယ်ကောင်းသည်မှာ ရှေးခေတ်ပညာရှင်တို့၏ သဘောထား ကြီးမြတ်မှုပင်ဖြစ်၏။ ပညာရှင်ကြီးတို့၏ အရေးအသား ပါဒတစ်ခုပြောင်းလဲတိုင်း ထောင့်မကျိုးသော အင်္ဂလိသ ဘာသာကို ၀င်ရောက်စွက်ဖက်ရေးသားတတ်သူကို လစ်လျူးရှုနိုင်ခြင်းပေတည်း” ဟု မှတ်ချက်ပြုကြအံ့ထင်သည်။

အမှန်တကယ်ပင် သူသည် သီတဂူညီလာခံကြီးတွင် ကိုယ်စားလှယ်တော်ရဟန်းတစ်ပါးအဖြစ် တက်ရောက်ခဲ့ ပါလေ၏။ သူ့ကိုယ်ပိုင်သတင်းရပ်ကွက်ကျဉ်းကျဉ်းလေးတွင်မူ သီတဂူညီလာခံကြီးတက်ရောက်ရန် ဓမ္မဂင်္ဂါသည် သီဟပူရမှ ပိုးသားလေကြောင်းဖြင့် ကြွလာပြီ ဟု အုတ်အုတ်ကျက်ကျက်ဖြစ်နှင့်သတည်း။

သီတဂူညီလာခံ နေ့ရက်များတွင် သူသည် ဆရာတော်အရှင်ဇနကာဘိဝံသ၏ ရုပ်ပုံရှင်ကျင့်ဝတ်ကျမ်းစာမှ ကိုရင်လေးများ ၀တ်ရုံကြသကဲ့သို့ သင်္ကန်းတော်ကြီးကို သပ်ရပ်သေချာစွာ ၀တ်ရုံ၏။ သူ့အမည် ရေးထိုးထားသော ကဒ်ပြားလေးကို လည်တွင်ဆွဲ၏။ သူ့အတွက် ကောင်းကွက်မှာ သူတက် ရောက်ခဲ့သော တက္ကသိုလ်ကြီးနှစ်ခုမှ ပုဂ္ဂိုလ်ကြီး ငယ်တို့ တက်ရောက်ကြ ခြင်းပေတည်း။

ထိုပုဂ္ဂိုလ်ကြီးငယ်တို့၏ အမြင်တွင် သူကား ညီလာခံကိုယ်စားလှယ်တော်ကြီးအဖြစ်၊ ပါဠိစာပေဆိုင်ရာ စာတမ်းတော်ကြီးကို ဖတ်ကြားမည့် သုတဂဝေသီပညာသည်ကြီးအဖြစ် ထင်မှတ်ဖွယ်ရာ ဟန်ရေးပြခဲ့ လေသည်တကား။“ငါတို့များ၏ တက္ကသိုလ်ရင်နှစ်သည်းချာ ဓမ္မဂင်္ဂါသည် နှယ်နှယ်နှင်နှင်မဟုတ်၊ သီတဂူ ဆရာတော်ကိုယ်တိုင်ကပင် တကူးတကဖိတ်ရသော ပုဂ္ဂိုလ်ပေတကား” ဟု တက္ကသိုလ်စာသင်သားတို့အား တဆင့်စကား ၀င့်ဝင့်ကြွားကာ ပြောကြားကြလေသည်ဟု နောက်များတွင် သတင်းရရှိ၏။ ဟုတ်ပေ၏ ။ သီတဂူဆရာတော်ကြီးကား ဖိတ်စာမှန်သမျှတွင် ကိုယ်တော်တိုင်လက်မှတ်ရေးထိုးခဲ့လေသည်သာတည်း။

သူကား ကံကောင်းပြီးရင်း ကံကောင်း၏။ ကျော်ပြီးရင်း ကျော်၏။ လှော်ပြီးရင် လှော်ရလေသည်တည့်။ မဇ္ဈိမကိုယ်စားလှယ်ဆယ်ပါးကို အကြောင်းအရာဘာသာရပ်အလိုက် ဆက်ခ်ရှင်ခွဲ ပင်နယ်လ်ခွဲကာ ဆွေးနွေးရာ ဌာနများခွဲလိုက်လေသော် သူတစ်ပါးတည်းပင် ထီးတည်းကြီးဖြစ်စွာ လွန်စွာမှ ခမ်းနားကြီးကျယ်လှသော သန္တိမဟာ ဘွဲ့နှင်းခန်းမကြီးတွင် သူ၏ မှတ်တမ်းဝင်စာတမ်းတော်ကြီးကို ဖတ်ကြားခွင့်ရသတည်း။

သူစာတမ်းတော်ကြီးကို ဖတ်ကြားနေခိုက် ကင်မရာမင်းများကား စုပြုံတိုးကာဓါတ်ပုံတဖျတ်ဖျတ်ရိုက်ကြ၏။ မှတ်တမ်းတင် ဗွီဒီယိုကင်မရာကြီးများကား ဟိုမှသည်မှ ချိန်ရွယ်ကာ အနီးအဝေး စိတ်ကြိုက်မြင်ကွင်း ရွေးကြလေ၏။

သူ့ပုံတော်ကြီးကား ဘွဲ့နှင်းခန်းမနံရံများနှင့် ဘွဲ့နှင်းမျက်နှာစာတွင်တပ်ဆင်ထားသည့် အယ်စီဒီဖန်သား ပြင်ကြီးများတွင် ထင်းထင်းကြီးပေါ်လွင်ခဲ့လေသည်တကား။ သူကလည်း ဗြိတိန်ဝန်ကြီး ချုပ်ဂေါဒွန်ဘရောင်းနှယ် နားရွက်ကားကား ဟန်များများလုပ်လေတော့၏။ သို့သော် ကင်မရာများကား အရည်အသွေးမမီ။ စာတမ်း ဖတ်ပြီးချိန်တွင် မေးခွန်းများမေးရန် လက်ညှိုးထောင်ကြသောခဏ နှလုံးသွေးနှင့် ရောထွေးစီးဆင်းသော ချွေးစက်များကိုမူ ပေါ်လွင်အောင် မရိုက်နိုင်ကြလေဟန်ရှိဘိ၏။ မည်သို့ဖြစ်စေ သီတဂူညီလာခံကြီးကား ချောမောစွာ ပြီးဆုံးခဲ့လေပြီ။

ဇေယျပူရ(စစ်ကိုင်း)နယ်အတွင်း မှီတင်းနေထိုင်ကြသော မွေးသမိခင်မွေးသဖခင်တို့ရှိရာ ရွာလေးသို့ လော်ကယ်ရထားတစ်တန်၊ ဘတ်စ်ကားတစ်ဖုံ ခြေလျင်တစ်သွယ် သုံးမယ်မျှသော ခရီးလမ်းကြောင်းဖြင့် အပြင်းနှင်ခဲ့ရလေ၏။ သူ၏ ပရိက္ခရာအစုတွင် လက်ပ်တော့ပ်ကွန်ပြူတာတစ်လုံးသည် ရပ်နီးရပ်ဝေး ရွာသူ ရွာသားအပေါင်းကို တရုံးရုံးစုဝေးစေသော ပရိက္ခရာပေတည်း။


2 comments:

မမင်း said...

"ဤကား ဘလော့ဂါတစ်ဦး၏ ချင်ခြင်း"
ဘုန်းဘုန်းဘုရား၊ သမီးကတော့ ကိုယ့်ကိုယ်ကို လူလူသူသူ ဘလော့ဂါ တစ်ဦးလို့ မခံယူသေးပါသော်လည်း၊ ဘုန်းဘုန်းရဲ့ အထက်ပါစကားကိုတော့ တော်တော်ကြီး ထိထိခိုက်ခိုက် ခံစားလိုက်ရပါတယ်။
"ဓမ္မဂင်္ဂါ" ကို Blog List မှာ Add ထားပြီး Post အသစ်တင်တိုင်းဖတ်ပါတယ် ဘုန်းဘုန်း။

My Heaven said...

တိတ်တိတ်လေးဖတ်ပြီး ပြန်ပြေးမလို့ကြံနေတုန်း Leave your comment အောက်ကစာတွေ့တာနဲ့
နည်းနည်းရှာရှည်လိုက်ပါတယ်။
"မျက်ရည်မြစ်၊ သောကသောင်၊ရာဇ၀င်မြက်ခင်းစိမ်း၊
ဗျာပါဒတောအုပ်"..အရှင်ဘုရားလည်း အတော်လန်းတာပဲကိုး..
မြန်မာစာလည်းနိုင်တော့ ရှားရှားပါးပါး adjective/adverb တွေလည်းတွေ့ရပါရဲ့..
"ကိုယ်တိုင်ကြွားအတ္ထုပ္ပတ္တိ"၈ပုဒ်လုံးတစ်ထိုင်တည်းဖတ်သွားပြီး ရယ်သွားပါတယ်။
သာသနာ့အကျိုးကို ဆတက်ထမ်းပိုး
ဆောင်ရွက်နိုင်ပါစေဘုရား။