ကမ္ဘာဦးညနေခင်းတွေဆီ
နောက်ပြန်လှည့်ပြီး
မြက်ရိုင်းတောမှာ
ငါထွက်ရပ်မိတယ်
နေနဲ့လ
သွားလမ်းမှာ
ချိန်းဆိုချက်မရှိတာ
ပေါ့ပါးလို့
ကြယ်တွေ စားတဲ့ညစာ
ကဗျာမဟုတ်သေးရင်
ဆက်ရွတ်မယ်
မျက်နှာချင်းဆိုင်စရာ
အမှားတွေမရှိတော့လည်း
အေးချမ်းလို့
ဟေး...
ပဲ့တင်သံတွေက
ငါ့အရောင်ပါပဲ
ဧကစာရီလား တဲ့
ငါဟာ ခွဲထွက်သူမဟုတ်ဘူး
အထီးကျန်သူလား တဲ့
ငါဟာ အစွန့်ပယ်ခံမဟုတ်ဘူး
ကမ္ဘာပြုမိုးရွာပြီးစ
အစိမ်းအတိုင်းပဲ အပြုံးတွေ
ဝေစုမခွဲခင်အထိ
ပင်လယ်မရှိ
တောင်တန်းမရှိ
ပင်လယ်ထဲက တောင်တန်းယောင်ယောင်ကျွန်းများမရှိ
သစ်တစ်ပင်အဖြစ်စိုက်ပျိုးကြည့်တယ်
ငှက်တစ်ကောင်အဖြစ်ပျံသန်းတယ်
ငါးတစ်ကောင်အဖြစ်ငုတ်လျှိုးတယ်
အားလုံးဟာ လှတယ်
ငါ့နာမည်မရေးထွင်းမိဖို့
စိတ်တင်းလိုက်ခါမှ
ကမ္ဘာဦးက ပိုပြီး အရောင်စိုသွားတယ်
သီချင်းစာသားတွေ ပြောင်းပြီး မဆိုမချင်း.....။
1 comment:
သံစဉ်ပြောင်း စာသားတွေကြောင့် ဒီကမ္ဘာမြေ အကျည်းတန်လုနေပြီ ထင်ပါ၏၊ သံစဉ်မပြောင်းဘဲ ဆက်လက်သီဆိုနိုင်ဖို့ ၀ိုင်းဝန်းကြိုးပမ်း ကာကွယ်ကြရအုံးမည်ပါ့..ဘုရား။ ခံစားတတ်သလောက် ခံစားသွားတယ်၊ ကဗျာဆိုတော့ က၀ိတို့ ခံစားရာပဲ မဟုတ်လား၊
Post a Comment