09 July, 2010

ကိုရင်လက္ခဏကို ပြန်တွေ့ပြီ(၆)

(၁၂)
ဆရာဘုန်းတော်ကြီး၏ မျက်နှာသာပေးမှု မခံရသော ကိုရင်ငယ်တစ်ပါး၏ အနေကျုံ့မှုမျိုးကို အသင်းခွဲခံ လိုက်ရသော သိုးမဲတစ်ကောင်လို သူခါးသီးခဲ့ဖူးသည်။ သို့သော် သူက နောင်တရခဲ့သည်တော့ မဟုတ်၊ စာရူးပေရူးဘ၀ကို ခုံမင်နေဆဲဖြစ်သည်။ ဖတ်လိုက်စ ဘုတ်အုပ်များကို သူက လွှတ်မချခဲ့။

ညဘက်တစ်ခုတွင် ဖယောင်းတိုင်များ တစ်တိုင်ပြီး တစ်တိုင်ထွန်းကာ ၀တ္ထုစာအုပ်တစ်အုပ်ကို ပြီးအောင် ဖတ်ပစ်လိုက်သည်။ ကျိန်းစက်ရာမှ တစ်ရေးနိုးထလာသော ဆရာဘုန်းတော်ကြီးက မီးယောင်ပျပျလင်းနေသော သူ့အခန်းကို သတိပြုမိ သွားသည်။ သူစာဖတ်နေသည်ကို ဆရာဘုန်းတော်ကြီး သိပါသည်။ သို့သော် သူဖတ်နေသည့်စာက ဆရာဘုန်းတော်ကြီးနှစ်ခြိုက်သော စာပေအမျိုးအစားတော့ မဟုတ်လေ။

နံနက်အရုဏ်ဆွမ်းစားချိန်မှာတော့ “ အင်း မောင်ရင်လက္ခဏတို့ ကိုယ့်စာကိုယ်သာ ညတုန်းကလို သန်းကောင်သန်းလွဲ ကြိုးစားရင် ငါတို့များတော့ တိပိဋကဓရ ဆရာဖြစ်ရချေသေးဗျား” တဲ့။ ဆရာဘုန်းတော်ကြီးက ယခုလိုမျိုးရယ်သွမ်းသွေးစကားနှင့် ထိမိစွာ ဆုံးမတတ်သော်လည်း အသိဉာဏ်တိုးတိမ်နေသေးသော သူက အဓိကနှင့် သာမညကို မကွဲပြားခဲ့ပါ။ ကိုယ့်အဖြေလွှာကိုသာ ကိုယ်အမှတ်ပြည့်ပေးခဲ့ပါသည်။ သူနှင့် ဆရာဘုန်းကြီး အကြားဆက်ဆံရေးက မနွေးထွေးလှတော့ပါ။

(၁၃)
ကမ္မဋ္ဌာန်းဘက်ကို မျက်နှာမူထားသော ဆရာဘုန်းကြီးက သူ့ကို အမျိုးသမီးယောဂီငယ်လေးများနှင့်လည်း စိတ်မချတတ်ပြန်ပါ။ ကဗျာယောင်ယောင် စာယောင်ယောင် စာမေးပွဲကျကာ စိတ်လေနေသည့် ရှင်ငယ်လေး တစ်ပါးနှင့် ပေါ်ပြူလာယောဂီမလေးများ ရောထွေးသွားမှာကို စိုးရိမ်ခဲ့ပါသည်။ နွေရာသီကျောင်း ပိတ်ရက်အတွင်းဆိုလျှင် ဆရာဘုန်းတော်ကြီး၏ ရိပ်သာတရားစခန်းပွဲများက ဆယ်ကျော်သက်ယောဂီမလေး များဖြင့် ပြည့်နေတတ်ပါသည်။

ကဗျာရေးသော၊ အဆင်သင့်မျက်နှာချိုနေတတ်သော(“မျက်နှာပြောင်၊မျက်နှာရူး ဆိုသော ဝေါဟာရများကို ဆင်ဆာဌာနသို့ ပို့လိုက်ပါသည်။) သူ့ကို ယောဂီမလေးများက ခရီးသွားဟန်လွှဲ ဓမ္မမိတ်ဆွေ လုပ်ပစ်လိုက်ကြသည်။ သူကလည်း ဆရာဘုန်းတော်ကြီး၏ “ သံသရာဆွေမျိုး ”ဆိုသည့်တရားကို ယောဂီမ လေးများနှင့် လိုက်ဖက်အောင် ဆက်ဟောခဲ့ပါသည်။

(၁၄)
အမှန်တကယ်တော့ အထက် အညာမြို့လေးများ၏ ထုံးစံအရ သာသနာ့ဝန်ထမ်းကို မိသားစုဝင်တစ်ယောက်လို ခင်မင်ကျွမ်းဝင်လိုကြခြင်းသာဖြစ်ပါသည်။ တကယ်လည်း မိသားစုဝင်လိုပင် သဘောထားကာ တံခါးမရှိ ဓါးမရှိ ၀င်စေ ထွက်စေဖြစ်ပါသည်။ ရထားပေါ် ကားပေါ်မျိုးမှာပင် သာသနာ့ဝန်ထမ်းရှင်ရဟန်းတစ်ပါးပါးနှင့် တွေ့ကြုံသည့် အခါ ဦအောင် မိတ်ဖွဲ့၍ ရပ်ရွာမြို့ရပ်သို့ လာလည်ဖို့ ဖိတ်ခေါ်တတ်ကြသည်။ ရောက်သွားသည့်အခါမျိုးတွင်လည်း မြတ်မြတ်နိုးနိုး တန်ဖိုးထားကာ ဧည့်ဝတ်ကျေပွန်တတ်ကြပါလေသည်။

(အထက်ပိုင်းမြို့လေးတစ်မြို့မှ မိတ်ဆွေရဟန်းတော်တစ်ပါးကတော့ “ ရွာမှာ ပဌာန်းပွဲ သုံးနှစ်ကျင်းပလိုက်တာ ရဟန်းလူထွက် အယောက်နှစ်ဆယ်လောက် အဖတ်တင်သွားတယ် ”တဲ့။ “ငါတို့ရွာသူတွေက ရိုးရိုးခင်တာ ငါ့ရှင်တွေက တစ်မျိုးဘာသာပြန်ကြတာကိုး”တဲ့။ ဘာသာပြန်မှားသွားသည့်အခါမျိုးတွင်လည်း မိဘမောင်ဘွား နှင့် ရပ်ရွာက အလွယ်တကူပင် ခွင့်လွှတ်လိုက်ကြပြန်သည်။ ကမ္မဿကာတရားကို နှလုံးသွင်းရာတွင် အလွန်ငြိမ်းချမ်းသော လူများဖြစ်သည်။)

ဝန်းသိုမြို့လေးတွင် “နင်” “ငါ”ဆိုသော စကားလုံးများကို အင်္ဂလိပ်စကား “အိုင်နှင့် ယူ “ လိုပင် သုံးစွဲပြောဆိုတတ်ကြသည်။ ၀န်းသိုမြို့လေး၏ နာပျော်ဖွယ်ရာကောင်းသော အခြားအသုံးအနှုံးတစ်ခုက အောက်ပြည်အောက်ရွာတွင် ယဉ်ကျေးဖွယ်ရာစကားနောက်ဆက်တွဲဖြစ်သည့် “ဗျာ”နှင့် ”ရှင်” ကဲ့သို့သော အသုံးများနှင့် အဓိပ္ပါယ်တူသည့် “ ညယ်” ဆိုသော အသံချိုချိုလေးဖြစ်ပါသည်။ “ဘာလဲဗျာ” သည် “ဘာလဲ ညယ်” ။ “မသိပါဘူး ရှင်”သည် “သိပါဘူး ညယ်”။ သို့နှင့် ယောဂီမလေးများနှင့် သူပြောနေသော စကားကိုသာ အောက်ပြည်အောက်ရွာက လူများကြားလျှင် မယဉ်ကျေးဖွယ်ရာ ဟု မြင်ကောင်းမြင်ပေလိမ့်မည်။ “ ဒီမှာညယ့် ကိုရင် လက္ခဏ၊ နင့်အသက်ဘယ်လောက်ရှိပြီလဲညယ်” ဆိုတာမျိုးလေ။

မည်သို့ဖြစ်စေ ဆရာဘုန်းတော်ကြီး၏ ကရုဏာဒေါသောနှင့် သံသယရောယှက်သော မျက်လုံးများကို ရင်မဆိုင်နိုင်တော့သောအခါ ခင်မင်ရသော မိတ်ဆွေ သီတင်းသုံးဖော်နှင့် စာတက်ဖက်များ၊ တညယ်တည်း ညယ်ကြသော အနယ်နယ်အရပ်ရပ်က ယောဂီမလေးများ၊ ထုတ်ဝေလက်စ ကဗျာစာအုပ်အတွဲလေးများကို ချန်ထားကာ ပထမကြီးတန်းကို ဒုတိယအကြိမ်ကျရှုံးရန် ကောလင်းမြို့လေးသို့ သူပြောင်းရွှေ့ခဲ့ပါသည်။
ဒီလိုလေးရေးခဲ့မိသေးသည်ထင်၏။
“ထာဝရ”ဟု၊
ဘာမှ မချန်၊
နောက်ဆံမတင်း၊
အရှင်းပယ်ဖျက်၊
နှုတ်ဆက်ခဲ့သည်။

2 comments:

vowel said...

သိတော့ပါဘူးညယ်။

Anonymous said...

အတော်တင်းတယ်နော် မထင်ရဘူး