21 August, 2010

မနေ့ကလို ဒီနေ့ကိုတွေ့ရတော့

မနေ့ကလို ဒီနေ့ကို တွေ့ရတော့
ဒီနေ့လို မနက်ဖြန်တွေမှာ
မေးခွန်းတွေ တစ်လိပ်ပြီး တစ်လိပ်မီးညှိသောက်မိပေါ့။
မောင်သစ်ဝေ(မြင်းခြံ)

တစ်ရံရောအခါဆီက မိတ်ဆွေကဗျာဆရာရဟန်းတော်ရဲ့ ဆေးပြင်းလိပ် ဆိုတဲ့ ကဗျာအဖွင့်စာပိုဒ်လေးပါပဲ။ ကဗျာအပြည့်အစုံတော့ မမှတ်မိ။ မှတ်မိတဲ့ စကားလုံးတွေကိုပဲ ခပ်နင့်နင့်ရှိုက်မိပါသေးတော့။ ဆေးပြင်း လိပ်ကြီးပေကိုး။ အဲဒီကဗျာကို ၁၉၉၀ လွန် ဟန်သစ်မှာရေးခဲ့တာပါ။ ကဗျာဆရာကြီးမောင်ခိုင်မာ ကိုယ်တိုင်က ဧည့်ခန်းများကို ဖြတ်သန်းခြင်းဆိုတဲ့ ကဗျာခံစားမှုဆောင်းပါတွဲကြီးမှာ တခုတ်တရဖော်ပြခဲ့တာပါ။ ခုတော့ ကဗျာဆရာရဟန်းတော်လည်း မြင်းခြံမြို့နယ်ထဲက ထနောင်းဒိုင်ဆိုတဲ့ ရွာမှာ ရွာဦးကျောင်းဆရာတော်ဘ၀ကို့ ရိုးစင်းစွာ ခံယူရင်း ကလေးတွေရဲ့ ပညာရေးအတွက် ဘ၀တစ်ခုလုံးပေးအပ်ထားလေရဲ့။

မနေ့ကလို ဒီနေ့ကို တွေ့ရတော့
ဒီနေ့လို မနက်ဖြန်တွေမှာ တဲ့.....
နန်းတော်ရှေ့ရဲ့ လသာညတွေမှာ ကဗျာဆရာကိုယ်တိုင် ရွတ်ပြခဲ့ဖူးတဲ့ ကဗျာအပိုင်းအစတွေဟာ မိဂဒါဝုန်ည တွေထိ ရိုက်ခတ်မှုရှိနေတုန်းပါပဲ။ ထူးမခြားနားနေ့ရက်တွေနဲ့ သာမန်ရဟန်းတစ်ပါးရဲ့ ဒိုင်ယာရီဟာ ပျင်းရိဖွယ် တော့ ကောင်းနေပေလိမ့်မယ်။ ဗာရာဏသီဟာ သူ့အတွက်တော့ စိန်ခေါ်မှုတစ်ရပ်ဖြစ်နေခဲ့ပါတယ်။

ရာသီဥတုက အခြေခံစမ်းသပ်လိုက်ပါတယ်။ ဧပြီ၊ မေ၊ ဇွန်တို့လို ပူတဲ့ ရာသီ (ဥဏှသမယ)မှာ ရင်တထိတ် ထိတ်ဖြတ်သန်းရသလို ဇူလိုင်၊သြဂုတ်နဲ့ စက်တင်ဘာတို့လို အိုက်တဲ့ ရာသီ(ပရိဠာဟသမယ) ဆိုတာကိုကြီး လည်း စိတ်မသက်မသာဖြစ်ရပြန်ပါတယ်။ ပူတဲ့ရာသီမှာ အပူလှိုင်းထဲ ပါမသွားဖို့ ရင်တမမပါ။ လေပူတွေနဲ့အတူ ရောထွေးပါလာတတ်တဲ့ ဗိုင်းရပ်စ်ပိုးတွေကြောင့် ခန္ဓာကိုယ်အနှံ့မှာ အပူလောင်နာတွေ ပွလို့ပါပဲ။ ခုသြဂုတ်လကတော့ မပူဘူး။ အိုက်တာပါ။ စာလိုပေလိုဆိုရင်တော့ ပရိဠာဟ သမယပေါ့လေ။ ချွေးစီးတွေ တဒီးဒီးကျပြီး တစ်ကိုယ်လုံး ယားယံနေတတ်ပါတယ်။ ရေးချိုးလိုက်မှ သက်သာတာပါ။

ခက်တာက မီးက ပုံမမှန်ပျက်တတ်တော့ ရေကလည်း အခက်အခဲ ဖြစ်ရပြန်ပါတယ်။ ဘုရားမှာ ဆီးမီးလှူဖူးတဲ့ ကုသိုလ်ချို့ယွင်းခဲ့ပုံပါပဲ။ မီးပျက်တဲ့ နိုင်ငံတွေနဲ့ပဲ အကျိုးပေးနေခဲ့လေတာကိုး။ မီးကလည်း ပုံမှန်ပျက်တာမျိုး မဟုတ်တော့ မီးလာတာနဲ့ ရေတင်နိုင်ဖို့ သတိပဋ္ဌာန်ပွားရပါတယ်။ ကြံဖန်ပြီး ၀ိပဿနာ တင်နေရတာပါ။ ဘုန်းကြီးဖြစ်ပြီး ဒီလောက်လေးမှ သည်းမခံနိုင်ဘူးလား လို့တော့ မလုပ်လိုက်ပါနဲ့။ နည်းနည်းလေးတော့ ငြီးတွားခွင့်ပြုပါ။

မီးလာပြန်လို့ အင်တာနက်နှိုက်မိပြန်တော့ ကော်နက်ရှင်က နှိပ်စက်ပြန်ပါတယ်။ လိုင်းက ခဏ ခဏကျ တတ်ပါ တယ်။ ရွှေပြည်ကြီးက မိတ်ဆွေတွေက နိုင်ငံခြားရောက်လို့ မာနကြီးသွားသလား တဲ့။ ပေါ်လိုက် ပျောက်လိုက် နှုတ်မဆက်ချင်သလိုလို ဘာလိုလိုနဲ့ တဲ့။ မာနက မကြီးတဲ့အပြင် သေးသေးသွားလို့ မနည်းပြန် တင်နေရပါသကောဗျာ။

ဒီမှာ ရောက်နေကြတဲ့ ပညာသင်ရဟန်းအများစုက ရွှေပြည်ကြီးမှာတုန်းက ကျောင်းတိုင်ဆရာတော်တွေ ကမ္မဋ္ဌာနာစရိယ၊ ဓမ္မကထိက ၊နာယက စာချဆရာတော်တွေ ဆိုပြီး တပည့်တပန်းတွေ၊ ကိုးကွယ်ဆည်းကပ်မယ့် ဒကာ ဒကာမတွေနဲ့ ဝေေ၀ဆာဆာလောကဓံရှိခဲ့ကြဖူးသူတွေပါပဲ။ ခုတော့ ဆာဆာလောင်လောင်လောကဓံကို ရွေးချယ်မိခဲ့ကြမှကိုး။ ဂလိုဘယ်လိုက်ဇေးရှင်းကြီးက ရွာဦးကျောင်းဘုန်းတော်ကြီးတွေကိုတောင် နိုင်ငံခြား တက္ကသိုလ်တံခါးတွေဆီ တွန်းပို့နေတော့တာကလား။ ဒီတော့လည်း အောင့်သာ ခံကြပေရော။

ဘာပဲဖြစ်ဖြစ် အရင်းအနှီးတွေ များများစိုက်ထုတ်ပြီးမှတော့ အမြတ်တွေ ကျန်ဖို့လည်း ရုန်းကန်ကြရတာပါပဲ။ ရဟန်းတော်တွေရဲ့ ပညာရေးအတွက် အလှူ့ရှင်တွေရဲ့ နာမ်ပိုင်းဆိုင်ရာသဒ္ဓါတရား၊မျှော်မှန်းချက်နဲ့ ရုပ်ပိုင်းဆိုင်ရာ ငွေကြေးစိုက်ထုတ်ရမှုတွေက အများသားပါပဲ။ ဘာတွေ ပြန်ပေးကြမှာလဲ လို့ မေးခွန်းတွေ မေးမိကြတော့ ဖြေဖို့လည်း အားစိုက်ကြရတော့တာပါ။

လောလောဆယ်တော့ သူ့အနေနဲ့က မိတ်ဆွေကဗျာဆရာရဟန်းတော်ရဲ့ ကဗျာကို တီးတိုးရွတ်မိရင်း
မနေ့ကလို ဒီနေ့ကို တွေ့ရတော့
ဒီနေ့လို မနက်ဖြန်တွေမှာ
မေးခွန်းတွေ တစ်လိပ်ပြီး တစ်လိပ်မီးညှိသောက်ခဲ့ပေါ့။

ဓမ္မဂင်္ဂါ
၂၁-၈-၂၀၁ဝ


ပျင်းလို့ ရေးတဲ့စာပါ။ ဘာမှမကျန်ရင်တော့ သည်းခံကြပါလော့။

3 comments:

Dhamma Latsaung said...

မာနက မကြီးတဲ့အပြင် သေးသေးသွားလို့ မနည်းပြန် တင်နေရပါသကောဗျာ။
အဲဒီစာကြောင်းလေးကိုသဘောကျမိတယ်ဆရာမော်ဒန်
တပည့်တော်လည်းထို့ အတူ...။
ဗာရာဏသီမှာအပူဒဏ်
မြန်မြန်သက်သာပါစေကြောင်းဆုတောင်းရင်း....။

Ashin Acara. said...

မျှော်လင့်ခြင်းတွေ တဟွတ်ဟွတ်နဲ့ မေးခွန်းတွေ တစ်စွတ်စွတ် ဖွာနေမယ့် အသားညိုညို အသံစိုစို ကောင်လေးရေ . . .။
နိကန္တိဆိုတာကြီး ဦးညွတ်ဂုဏ်ပြုလိုက်ဖို့ မကောင်းဘူးလား။
ဖိနပ်မထိ ဆူးမငြိပါစေနဲ့လို့ ဆုတောင်းလိုက်ပါတယ်။
"ငါ့လူကြီး ကံအတိုင်း ဖြစ်စေဗျား။"

Maung said...

ဓမ္မဂင်္ဂါ
(သစ္စာတရားရဲ့
ရိုးသားတဲ့
မီးလျှံအောက်မှာ
နောက်ပြန်မလှည့်ဘဲ
ရဲရဲချီတက်နိုင်ဖို့သာ
ငါဆုတောင်းတယ်။

မာယာကော့စကီး )

အထက်ပါ စာသားရဲ့  အင်္ဂလိပ် မူရင်းကို ကျေးဇူးပြုပြီး ဖော်ပြပေးစေလိုပါတယ်။

မေတ္တာဖြင့်