29 October, 2010

မောင်သိန်းဇော်နဲ့ ဂင်္ဂါမြစ်ကမ်းက ဆွတ်ဆွတ်ဖြူ..............

ဂင်္ဂါမြစ်ကမ်းမှာ မြူတွေ ဆိုင်းစပြုပြီ....။ ဗာရာဏသီရဲ့ လမ်းကျဉ်းကျဉ်းလေးတွေ မလုံမခြုံ အေးစက်လို့ ဓါတ်တိုင်လေးတွေကို မှီထားရသေးတယ်။ လျှပ်စစ်မီးရောင်တွေမပါလည်း လရောင်ကို အာသာငမ်းငမ်း ကဗျာဖွဲ့လို့ရပါသေးတယ်။ ဒီနေ့မနက်မှာတော့ သူနေထိုင်ရာ အခန်းကျဉ်းလေးဆီ ကဗျာတစ်ပုဒ် ရောက်လာတယ်။

ဆယ်စုနှစ်တစ်ခုရဲ့ ဆောင်းထူထူဆီက ပြေးထွက်လာတဲ့ မောင်သိန်းဇော်ရဲ့ ဆွတ်ဆွတ်ဖြူအနမ်း...။ ခဏ ခဏ သရဇ္ဈာယ်မိတဲ့ ပါဒများ... စကားလုံးများ၊ ဟိုးတစ်ခါက မန္တလေးနဲ့ အတိတ်ကို တွယ်ဖက်လိုဟန်မရှိတော့ပေမယ့် နန်းတော်ရှေ့က ကျုံးထိပ်မှာ စံပယ်တွေ ပွင့်နေကြတုန်းပဲလား....။ ကုသိုလ်တော်ဘုရားပရိဝုဏ်မှာလည်း ခရေတွေ ကြွေနေကြပေဦးမယ်..............။ သင်ခန်းစာကော်ပီစာအုပ်လေးကို လက်ထဲမှာကိုင် လမ်းလျှောက် ထွက်ခဲ့တဲ့ ဥပါဒါန်ခြစ်ရာ မထင်သော မန်းတောင်ရိပ်ခိုနံနက်ခင်းများ....။

အော် ဆွတ်ဆွတ်ဖြူလေသော အနမ်း.....တဲ့ ။ မှောင်ပိန်းနေတဲ့ ဒုက္ခသစ္စာထဲက ပါးပါးရှရှလေးကို လင်းမြ ကြည်မွှေး သွားအောင်ဖွဲ့လိုက်တဲ့ မောင်သိန်းဇော်ရဲ့ ဝေဒနက္ခန္ဓာအေးအေးလေးကို ကျေးဇူးတင်စွာ.....။ သာမန် ချစ်ခြင်းဖွဲ့ ကဗျာတစ်ပုဒ်မျှလို့ မယုံကြည်တဲ့ ရဟန်းတစ်ပါးအနေနဲ့ သူကူးရေးနေမိပါတယ်။

ဆွတ်ဆွတ်ဖြူအနမ်း

ကောင်းကင်ဟာ သူ့ရင်ခွင်ထဲက ညကို တကယ်မှ ချစ်ရဲ့လား
လရဲ့ ဆွဲအားနဲ့ ကျွန်တော့်နှလုံးသားကြွတက်လာတဲ့အချိန်
ရင်ထဲက လျှံကျလာတဲ့ စပယ်ပန်းတွေ
ဘယ်သူယူမလဲ

ပျော်ရွှင်စွာ ကြည်နူးစွာ ဆွတ်ဆွတ်ဖြူလို့
တဖိတ်ဖိတ်လက်နေပေမယ့်
တေးသံစဉ်မထွက်နိုင်တဲ့ ကြယ်ကလေးရေ
မင်းပျော်ရဲ့လားကွယ်

ကြင်နာစွာ မြတ်နိုးစွာ ဆွတ်ဆွတ်ဖြူလို့
ကြည်လင်စွာ သန့်ရှင်းစွာ ဆွတ်ဆွတ်ဖြူလို့
တမဟုတ်ချင်းသန်းကောင်ယံတွေ လင်းစေမတဲ့
ယုံကြည်စွာ မျှော်လင့်စွာ ဆွတ်ဆွတ်ဖြူလို့

စင်တော်ဖွင့်အမီ
သမုဒ္ဒရာကို ဖြတ်သန်းလာတဲ့ အနမ်းတစ်ခုဟာ ကျွန်တော်ပေါ့
နှင်းထက်လေးတဲ့ အလွမ်း
ပန်းထက်မွှေးတဲ့လိပ်ပြာ
ကဗျာထက်ဖွဲ့တဲ့ ညနေ
အားလုံးကို ရွှေဖြစ်အောင် ဘယ်သူချစ်ခဲ့ဖူးသလဲ

လရောင်စစ်စစ်ကို ချစ်တယ်
မွှေးရနံ့စစ်စစ်ကို ချစ်တယ်
မေတ္တာစစ်စစ်ကို ချစ်တယ်

သီချင်းတစ်ပုဒ်အဖြစ် ပရိသတ်နှလုံးသားထဲ ကျွန်တော်ရောက်ရှိလာမယ်
ပရိသတ်နှလုံးသားထဲ သီချင်းတစ်ပုဒ်အဖြစ် ကျွန်တော်ရောက်ရှိလာမယ်
ကျွန်တော်ရောက်ရှိလာမယ် ပရိသတ်နှလုံးသားထဲ သီချင်းတစ်ပုဒ်အဖြစ်။

မောင်သိန်းဇော်
(သရဖူ၊ဖေဖော်ဝါရီ၊၁၉၉၅)

ကောင်းကင်ဟာ သူ့ရင်ခွင်ထဲက ညကို တကယ်မှ ချစ်ရဲ့လား ၊အားလုံးကို ရွှေဖြစ်အောင် ဘယ်သူချစ်ခဲ့ဖူးသလဲ၊
တဖိတ်ဖိတ်လက်နေပေမယ့် တေးသံစဉ်မထွက်နိုင်တဲ့ ကြယ်ကလေးရေ မင်းပျော်ရဲ့လားကွယ် တဲ့..။ ဒီမနက် အတွေးတွေ မှိုင်းသွားတယ်... တဖိတ်ဖိတ်လက်နေပေမယ့် တေသံစဉ် မထွက်နိုင်တဲ့ ကြယ်ကလေးရေ မင်းပျော်ရဲ့လားကွယ်....။ ဒါပေမယ့် လှနေပါတယ်။ ဆွတ်ဆွတ်ဖြူအနမ်း.... လရောင်စစ်စစ် မွှေးရနံ့ စစ်စစ် မေတ္တာစစ်စစ်တွေအတွက် ....။

ဓမ္မဂင်္ဂါ
၃၀-၁၀-၂၀၁၀




3 comments:

Dhamma Latsaung said...

တေးသံစဉ်မထွက်နိုင်တဲ့ ကြယ်ကလေးရေ
မင်းပျော်ရဲ့လားကွယ်

လရောင်စစ်စစ်ကို ချစ်တယ်
မွှေးရနံ့စစ်စစ်ကို ချစ်တယ်
မေတ္တာစစ်စစ်ကို ချစ်တယ်

ဖြူစင်သိမ်မွေ့ 
ငြိမ်းချမ်းအေးမြ
ရိုးသားသန့် စင်လိုက်တဲ့ကဗျာလေး~~~

ဤကဗျာအားနှလုံးသားဖြင့်ဖတ်၍
ရေးသားတင်ပြပေးသောဆရာမော်ဒန်အား
ကျေးဇူးအနန္တပါ.........။

Myint Ko said...

မော်ဒန်မဲလုံး
မင်း ဘယ်သူတုံးလို့ မမေးနဲ့
မစိုးရိမ်ရဲ့ ရာဇ၀င်
မောင်ရင် ပြုစု
အညတရ အုပ်စုရဲ့အောက်
ကိုယ်ရောင် ပျောက်နေမှာ
အဲဒါ
ငါ ပေါ့။

မောင်ရင်ရေးတဲ့မော်ဒန်
ဒေါင့်မှန်အနေအထားက
ချီးကျူးစကား ဆိုမိတော့
ပြုံးစိစိ မျက်နှာနဲ့
ငါ့လက်ရာ မမိုက်သေးလို့
မင်းကို မင်း ဆုံးဖြတ်
သုံးသပ်ခဲ့တဲ့အကြောင်း
မင်း
မေ့ကောင်း မေ့လောက်ပါပြီ။

ashin kusalasami said...

အင်တာနက်သုံးရတာ အဆင်မပြေဘူး။ ရောက်အောင်တော့ လာခဲ့ပါတယ်..