17 June, 2011

ဗုဒ္ဓဟူးနေ့မှ မိုင်ငါးရာအလွန်

(၁)

နက္ခတ်အမည်မသိ ကြာသပတေးနေ့တစ်နေ့တွင် သီဟပူရသို့ သူရောက်လာခဲ့သည်။ မိတ်ဆွေရဟန်းတော်၏ အခန်းတွင် သူဖတ်ချင်နေသော စာအုပ်များရှိနေခဲ့သည်မှာ ကြည်နူးချမ်းမြေ့ဖွယ်ကောင်းလှသည်။ ဆယ်စုနှစ်ခုနီးပါး ကင်းကွာခဲ့သည့်တိုင် မှတ်သိစိတ်တွင် စွဲထင်နေဆဲ စာအုပ်ဟောင်းလေးတစ်အုပ်ကို သူ ကောက်ကိုင်မိသည်။

ပိုင်စိုးဝေ၏ ဗုဒ္ဓဟူးနေ့မှ မိုင်ငါးရာ..၀တ္ထုတိုများ...

အခြားသော ၀တ္ထုများထက် သူ မကြာခဏ သတိတရရှိလေတိုင်း တခုတ်ရပြန်လည်ဖတ်ချင်နေသည့်
ဝတ္ထုတိုတစ်ပုဒ်ကို သူ ရှာဖွေလိုက်ပါသည်..။ ဦးသောဘိတနှင့် ကျွန်တော်..။ နိဂုံးမှ သူ စဖတ်လိုက်သည်။

'' ဦးဇင်းဘုရား ရင်းနှီးခင်မင်မှုနဲ့ဖြစ်စေ၊ တာဝန်ဝတ္တရားကြောင့်ဖြစ်စေ လောင်းလှူလိုက်ရတဲ့ ဆွမ်းဟာ သန့်ရှင်းစင်ကြယ်မှုမရှိတဲ့ အဆိပ်အတောက်တစ်ခုပဲလို့ ဦးဇင်းခံစားရသလို အစစ်အမှန်ကြိုးစားမှုနဲ့ မဟုတ်ဘဲ တစ်စုံတစ်ယောက်ရဲ့ သြဇာအရှိန်အ၀ါကြောင့် ခင်မင်ရင်းနှီးမှုကြောင့် အသုံးပြုလိုက်ရတဲ့ စာတစ်ပုဒ်ဟာလည်း တပည့်တော် ယုံကြည်မြတ်နိုးတဲ့ စာပေအနုပညာဘ၀ကို အဆိပ်အတောက်ဖြစ်စေတယ်လို့ သိက္ခာတရားကို ထိခိုက်စေတယ်လို့ တပည့်တော်ယုံကြည်တဲ့ အတွက်...''။

ပိုင်စိုးဝေက ဦးသောဘိတသို့ လိပ်မူထားသော ပေးစာတစ်စောင်ဖြင့် ၀တ္ထုကို အဆုံးသတ်ထားသည်။ သူ့ဘ၀တစ်လျောက်လုံး ထိုပေးစာလေးတစ်စောင်၏ လွှမ်းမိုးမှုများစွာ ရှိခဲ့သည်၊ အော် ဦးသောဘိတ ဦးသောဘိတ။

(၂)

တက္ကသိုလ်စာပေးစာယူတက်နေချင်နေသည့် ကိုကံလှနှင့် မြို့ပြရှိ ပရိယတ္တိစာသင်တိုက်များတွင် စာပေသင်ယူလိုသည့် ရဟန်းတော်ဦးသောဘိတတို့ မြင်းခြံမှ မန္တလေးသို့ ထွက်လာခဲ့ကြသည်။ ရဟန်းတော်ဦးသောဘိတ၏ ရဟန်းမယ်တော်ကြီးနှင့် သမီးမမြမြ၀င်းတို့လည်း ဘုရားဖူးရင်း မိမိတို့ရဟန်းကို မန္တလေးရှိမိတ်ဆွေများထံ အပ်နှံရန် လိုက်ပါလာခဲ့ကြသည်။

ငါးရက်တာမျှ မန္တလေး၊ စစ်ကိုင်း၊ မုံရွာအနှံ့ ဘုရားဖူးထွက်ကြသည်..။ ဦးသောဘိတ၏ ရဟန်းအမသမီးက ကိုကံလှအတွက် လမ်းခုလတ်ဝေဒနာတစ်ခု တိုးစေသည်၊ ကိုကံလှက ဗိုလ်အောင်ဒင်လို့ အမည်ပြောင်းချင်ပြန်သတဲ့။ ရဟန်းအမသမီးက '' ကျမနာမည်က မမြ၀င်းမဟုတ်ဘူးနော်၊ မြမြ၀င်း.''..။ ငါးရက်ပြည့်တော့ မြမြ၀င်းတို့ ပြန်သွားကြပြီ၊

ဦးသောဘိတနှင့် ကိုကံလှတို့၏ မန္တလေးဒိုင်ယာရီက ခုမှ စသည်..။ ဘုရားကြီးတိုက်အတွင်း ရပ်ရွာဆွေမျိုးဘုန်းကြီးကျောင်းတွင် ဦးသောဘိတနှင့် ကိုကံလှတို့ နေထိုင်ခွင့်ရကြသည်။ ပရိယတ္တိစာပေသင်ယူမည့် ဦးသောဘိတ မန္တလေးတွင် နှစ်ရှည်လများ ရပ်တည်ဖို့ ဆွမ်းခံထွက်ရမည်..။ ကိုကံလှကတော့ ဦးသောဘိတနှင့် အခြား ရဟန်းတော်များ၏ ဝေယျာဝစ္စကို ဆောင်ရွက်ပေးကာ ဆွမ်းကျန်ကွမ်းကျန်စားရင်း တက္ကသိုလ် စာပေးစာယူ သင်တန်းတက်မည်။ ၀ါသနာပါရာ စာပေနယ်ထဲ ၀င်ရောက်ဖို့ ကြိုးစားမည်.။

ဦးသောဘိတ ဆွမ်းခံထွက်ပါသည်။ ဆွမ်းခံပြန်လာသည့် ဦးသောဘိတ၏ သပိတ်ကို ဆီးကြိုနေရာချထားပေးရသည့် ကိုကံလှ စိတ်မကောင်းဖြစ်ရသည်။ သပိတ်ထဲတွင် ဆွမ်းဟင်းအနည်းငယ်မျှသာ၊ တစ်ပါးစာအတွက်ပင် မလုံလောက်ချင်..။

''အရှင်ဘုရား ရဟန်းမယ်တော်ကြီး အပ်နှံပေးသွားတဲ့ ဒကာ ဒကာမတွေက လူချမ်းသာတွေချည်းပဲဘုရား ..။ သူတို့က ဆွမ်းမလောင်းကြဘူးလား ''

'' ငါ အဲဒီအိမ်တွေ မကြွဘူးကွ ''

(၃)

မန္တလေးရောက် ရဟန်းတော်များအတွက် ဆွမ်းဟင်းက များစွာ အခက်အခဲရှိသည်။ မန္တလေးသူ မန္တလေးသားများကတော့ သံဃာတော်များအတွက် ခေတ်အဆက်ဆက် ဂရုစိုက်ခဲ့ကြမြဲပင်..။ သို့သော် ၀န်နှင့် အားမမျှတာလည်း ဖြစ်မည်။ သို့ မဟုတ် ကံစမ်း မန်းတက် ဟု ဆိုးရိုးအတိုင်း မိမိဘုန်းကံဘယ်လောက်ရှိသလဲ စမ်းသပ်ရန် မန္တလေးကွင်းသို့ တက်လာသော ရဟန်းတော်များအတွက် အစမ်းသပ်ခံနေ့ရက်များက စောင့်နေတာမျိုးလည်း ဖြစ်နိုင်သည်။

မန္တလေးသူ မန္တလေးသားများကလည်း ရဟန်းတော်များကို အဆင့်ဆင့်နေရာပေးကိုး ကွယ်တာမျိုးလည်း ရှိသည်။ မန္တလေးရောက်ရှင်ရဟန်းတစ်ပါးအနေဖြင့် ဆွမ်းခံကြွခွင့်ပေးရန် အိမ်ပေါက်စေ့အောင် လိုက်လံဖိတ်ကြားရသည်။ ကံကောင်းလျှင် ထိုင်ကိုယ်တော်အဖြစ် ကြွခွင့်ရမည်။ ကံမကောင်းလျှင်တော့ ကန်တော့ဆွမ်းပါ ဟု တိုးတိုးဆိုကာ အိမ်တံခါးကို ပိတ်ပစ်လိုက်ကြမည်။

ကံမကောင်းတကောင်းဆိုလျှင်တော့ အိမ်ရှေ့မှာ ရပ်ကြွမယ်ဆို ဆွမ်းတော့ လောင်းနိုင်ပါသည် ဟူသော အာမခံချက်ရမည်..။

(အင်း ကိုယ့်လုပ်စာမှ မပါတာ သည်းခံပေါ့..။ ပျော်ဘွယ်က မိတ်ဆွေရဟန်းကတော့ ရွာက မြင်ကွင်းလေးတစ်ခုကို ပြောပြသည်။ ခပ်ငယ်ငယ်ကိုရင်ဘ၀က ရွာထဲကို ဆွမ်းခံကြရသည်။ ရှေ့ဆုံးက ကြေးစည်တီးသည့် ကျောင်းသား၊ အလယ်က သပိုက်ပိုက်သည့် ကိုရင်၊ နောက်ဆုံးက ဆွမ်းအိုးထမ်းသည့် ကျောင်းသားများ.။ အိမ်တစ်အိမ်ရှေ့ရောက်တော့ ကြေးစည်တီးသည်။ အချိန်တော်တော်ကြာ သည့်တိုင် ကြေးစည်တီးမရသောအခါ ဆွမ်းတော်ဗျို့ သံပြိုင်အော်ကြသည်။ ထိုအခါကျမှ အိမ်ရှင်အမျိုးသားကြီး အိပ်မှုံစုံမွှားထွက်လာသည်..။ လွယ်ပါ့ကွာ တဲ့..။;) )

အိပ်ရှေ့တွင် ကြွရပ်လာသော ရှင်ရဟန်းကို အခါကြီးရက်ကြီးနှင့် ဥပုသ်နေ့များတွင် ဆွမ်းဟင်းတစ်ခွက်လှူသည်မှအပ ဆွမ်း(ထမင်း)သက်သက်ကိုသာ ပုံမှန်လောင်းကြသည်။

နှစ်ရှည်လများ အိပ်ရှေ့တွင် ဆွမ်းရပ်သောရှင်ရဟန်းကို အိမ်ရှေ့တွင် ခုံလေးတစ်ခုံချ၊ နေရာထိုင်လေး ခင်းကာ ဆွမ်းနှင့် ဆွမ်းဟင်းပုံမှန်လောင်းစပြုသည်၊ သို့သော် အကန့်အသတ်ဖြင့်သာ..။ (ထိုသို့ အိမ်ရှေ့တွင် ရပ်ရ.. ထိုင်ရသည့် နှစ်ကာလက တစ်နှစ်ဖြစ်ချင်ဖြစ်မည်..။ နှစ်နှစ်ဖြစ်ချင်ဖြစ်မည်..။ ထို့ထက်လည်း ကြာချင်ကြာသွားနိုင်သည်၊ ထိုနှစ်များအတွင်း စကားလည်း မပြောကြပါ..။ ဘွဲ့အမည်ပင် မမေးကြပါ၊ အံ့သြစရာကောင်းသော စမ်းသပ်မှုများဖြစ်လိမ့်မည်..။ )

ထိုနှစ်များကို လွန်မြောက်ကာမှ ဆွမ်းခံမြဲသော ရှင်ရဟန်းတစ်ပါးကို မန္တလေးက စကားပြောပါသည်၊

ဘယ်အတန်းဘယ်စာဝါတက်နေပါသလဲ မေးမြန်းတတ်ကြသည်။ ထိုအချိန်မျိုးတွင် အမေးမြန်းခံရသည့် ရှင်ရဟန်းကလည်း ပရိယတ္တိစာပေ နယ်ထဲ လေး စားလောက်ဖွယ်နေရာ ရောက်နေပြီဆိုလျှင် အိမ်ဦးခန်းသို့ပင့်ကာ ကိုးကွယ် တတ်ကြသည်။ ရဟန်းဒကာရဟန်းအမအဖြစ် ချီးမြောက်ကြသည်၊ ကျောင်းဒကာ ကျောင်းဒကာမအဖြစ်လည်း ခံယူတတ်ကြသည်..။

သံယောဇဉ်နှင့် အနှောင်အဖွဲ့ကင်းလိုသော၊ သို့မဟုတ် ရပ်ကိုယ်တော်အဖြစ်ပင် ဆွမ်းမရနိုင်သော ရှင်ရဟန်းတို့အတွက် အများသူငါလောင်းလှူသော ဘုံဆွမ်းကို ရှာဖွေကြရသည်။

ရှင်စွဲ ရဟန်းစွဲ ကျောင်းစွဲ ဂိုဏ်းစွဲမထားသော မန္တလေးသူ မန္တလေးသားကြီးများက အိုးကြီးအိုးငယ်အသွယ်သွယ်ဖြင့် ချက်ပြုတ်ကာ နေ့စဉ်သော်လည်းကောင်း သို့မဟုတ် အဖိတ်ဥပုသ်နေ့သော်လည်းကောင်း ကြွလာသမျှ ရှင်ရဟန်းတို့ကို ဘုံဆွမ်းလောင်းလှူတတ်ကြသည်။ လပြည့်လကွယ် အခါကြီးနေ့ကြီးများတွင်တော့ ဘုံဆွမ်းလောင်းလှူသူတွေ စည်စည်ကားကားရှိတတ်ကြသည်။ ဘုံဆွမ်းကြွသည့် ကိုယ်တော်က ၀ီရိယရှိရသည်။ မနက်စောစော လေးနာရီလောက်တွင် အိပ်ရာထ မျက်နှာသစ်ကာ ပြေးပြေးလွှားလွှားကြွကြရသည်။

ဘုံဆွမ်းဆိုသည်ကလည်း အကန့်အသတ်(Limited)နှင့် ဖြစ်သည်။ နောက်ကျလျှင် အပေါက်ဝက လှည့်ပြန်....

(၄)

ဦးသောဘိတက ရဟန်းအမကြီးမိတ်ဆက်ပေးထားသော လူကုန်ထံအသိုင်းအ၀ိုင်းသို့ မကြွခဲ့ပါ။ ဆွမ်းခံအိမ်လည်း မဖိတ်ခဲ့ပါ။ အများသူငါ လောင်းလှူသော ဆွမ်း (ဘုံဆွမ်း)ကိုသာ ခံယူခြိုးခြံခဲ့ခြင်းဖြစ်သည်။ တစ်စုံတစ်ဦးနှင့် ပတ်သက်တာဝန် ယူရ၍ ဒကာ ဒကာမများက အားနာမှုဖြင့် နေ့စဉ်ဂရုစိုက်နေရမည်ကို မလိုလား..။ ကိုယ့်ဆရာ ကိုယ့်ဒကာဟူသော အစွဲဖြင့် ရရှိသောဆွမ်းကို မလိုချင် ဟု ဆိုသည်။ ကိုကံလှက ဦးသောဘိတကို ဆွမ်းကွမ်းပြည့်ပြည့်စုံစုံဖြင့် ပရိယတ္တိစာပေကို ပျော်ပျော်ကြီး အားထုတ်စေချင်သည်။ သို့သော် ဦးသောဘိတကတော့ အစွဲကင်းသော ဘုံဆွမ်းဖြင့်သာ ခေါင်းမာစွာ ရောင့်ရဲခဲ့သည်။

ထိုနှစ်များအတွင်း ဦးသောဘိတ စာမေးပွဲများတစ်ဆင့်ပြီးတစ်ဆင့် မြင့်တက်အောင်မြင်ခဲ့သည်။ ဦးသောဘိတ၏ ဥပဓိနှင့် ကြည်ညိုဖွယ်အရာအသွင်အပြင်ကြောင့် ဆွမ်းလောင်း လှူမည့်သူများ ပေါများလာသည်။ အိမ်အတွင်းသို့ပင့်ကာ ဆွမ်းကပ်သူများ၊ သီလယူမည့်သူများ၊ ရပ်ကွက်ဥပုသ်ဇရပ်များတွင် တရားနာယူလိုသူများဖြင့် ဘုန်းကံတောက်လာသည်။

ကိုကံလှတစ်ယောက်လည်း တက္ကသိုလ်စာပေးစာယူဖြေရင်း ဘွဲ့တစ်ခုရသည်။ အစိုးရရုံးတစ်ရုံးတွင် အောက်တန်းစာရေးလေးဝင်လုပ်သည်။ ဘုန်းကြီးကျောင်းမှ ပြောင်းကာ ရပ်ကွက်ထဲတွင် အခန်းလေးငှါးနေခဲ့သည်။ တစ်နေ့ ဦးသောဘိတ ကိုကံလှအခန်းလေးသို့ ကြွလာသည်၊ ယခု ဓမ္မာစရိယတန်းအောင်မြင်ပြီးသည့်အတွက် ရန်ကုန်မြို့တော်သို့ဆင်းကာ အခြားလေ့လာစရာရှိတာများ ဆည်းပူးရန် ကြွတော့မည်ဖြစ်ကြောင်း ပြောဆိုနှုတ်ဆက်သည်။ ကိုကံလှအတွက်လည်း စာအုပ်များ ၀ယ်ပေးကာ ကြိုးစားဖို့၊ အသိအလိမ္မာနှင့် ဆင်ခြင်သုံးသပ်ပြီးနေတ်ဖို့ သြ၀ါဒစကားလည်း ချိးမြောက်ခဲ့သေးသည်။

ကိုကံလှကတော့ မန္တလေးတွင် ကျန်ရစ်ကာ စာတိုပေစများဆက်လက် ရေးသည်။ မဂဇင်းတိုက်များသို့ စာမူပေးပို့သည်။ တစ်ပုဒ်မှ အရွေးမခံရပါ..၊ သို့နှင့် သုံးနှစ်ကြာသွားသည်။ ဦးသောဘိတ မန္တလေးသို့ ခဏတာ ကြွလာခိုက် ကိုကံလှထံ ၀င်ဖြစ်အောင် ၀င်သည်။ တပည့်မောင်ကျောင်းသား၏ မအောင်မြင်သေးသော အခြေအနေကို ကရုဏာသက်မိသည်။ ယခုအချိန်မှာ ဥိးသောဘိတက နယ်ပယ်အစုံတွင် ၀င်ဆန့်သော ရဟန်းတော်တစ်ပါးဖြစ်နေပြီ။ စာပေနယ်တွင်လည်း အယ်ဒီတာများစွာနှင့် ကျွမ်းဝင်မှုရှိနေသည်။

သို့နှင့် ဦးသောဘိတက မိတ်ဆွေဒကာအယ်ဒီတာများထံ တပည့်ကျောင်းသားအတွက် မိတ်ဆက်စာတွေ တစ်စောင်ပြီးတစ်စောင် ထိုင်ရေးပေးခဲ့သည်မှာ ထို့နေ့ ညနေစောင်းသည်အထိဖြစ်သည်။ ကိုကံလှက ဦးသောဘိတ၏ စာများကို အမှတ်တရသိမ်းဆည်းထားပါသည်။ ထိုမိတ်ဆက်စာများကို ကိုင်ပြီး မည်သည့်အယ်ဒီတာထံသို့ မှ ကိုကံလှ မသွားခဲ့ပါ..။ ကိုကံလှ၏ ဒိုင်ယာရီတွင် ရေးခြစ်ထားသော ပေးစာလေးဖြင့် ပိုင်စိုးဝေက ၀တ္ထုကို အဆုံးသတ်ထားလေးသည်။

'' ဦးဇင်းဘုရား ရင်းနှီးခင်မင်မှုနဲ့ဖြစ်စေ၊ တာဝန်ဝတ္တရားကြောင့်ဖြစ်စေ လောင်းလှူလိုက်ရတဲ့ ဆွမ်းဟာ သန့်ရှင်းစင်ကြယ်မှုမရှိတဲ့ အဆိပ်အတောက်တစ်ခုပဲလို့ ဦးဇင်းခံစားရသလို အစစ်အမှန်ကြိုးစားမှုနဲ့ မဟုတ်ဘဲ တစ်စုံတစ်ယောက်ရဲ့ သြဇာအရှိန်အ၀ါကြောင့် ခင်မင်ရင်းနှီးမှုကြောင့် အသုံးပြုလိုက်ရတဲ့ စာတစ်ပုဒ်ဟာလည်း တပည့်တော် ယုံကြည်မြတ်နိုးတဲ့ စာပေအနုပညာဘ၀ကို အဆိပ်အတောက်ဖြစ်စေတယ်လို့ သိက္ခာတရားကို ထိခိုက်စေတယ်လို့ တပည့်တော်ယုံကြည်တဲ့ အတွက်...''။


(၅)

ဝတ္ထုဖတ်ပြီးသောအခါ သူ အိပ်စက်လိုက်ပါသည်..။ ဗုဒ္ဓဟူးနေ့မှ မိုင်ငါးရာအလွန်...ကြာသပတေးနေ့မှသည်.....။

ဓမ္မဂင်္ဂါ
(၁၇-၀၆-၂၀၁၁)
တစ်လ စင်ကာပူ

No comments: