25 June, 2011

ဓမ္မဂင်္ဂါပါဠိသင်ခန်းစာ (၁)

ပါဠိဘာသာစကားသင်မယ်ဆိုတော့ ပါဠိအက္ခရာတွေကို မိတ်ဆက်ပေးရပါတယ်.။ တကယ်တော့ ပါဠိပဲဖြစ်ဖြစ်၊ သက္ကဋပဲဖြစ်ဖြစ် ကိုယ်ပိုင်အရေးအက္ခရာ(Script) မရှိကြဘူး။ အိန္ဒိယမှာ ဒေ၀ နာဂရီ အက္ခရာ၊ မြန်မာနိုင်ငံမှာ မြန်မာအက္ခရာ၊ ထိုင်းမှာ ကမ္ဘောဇအက္ခရာ၊ သီဟိုဠ်မှာ ဆင်ဟာလီအက္ခရာ၊ ကမ္ဘာတစ်ဝှမ်းလုံးအတွက်ဆိုရင်တော့ ရိုမန်(Roman)အက္ခရာနဲ့ ရေးသားကြရလေရဲ့..။
ပါဠိဘာသာကို မြန်မာအက္ခရာ၊ ရိုမန်အက္ခရာများနဲ့ ရေးတော့
ဗျည်း (၃၃)လုံး( Consonants )
က ခ ဂ ဃ င
k kh g gh ṅ
စ ဆ ဇ စ် ၪ
c ch j jh ñ
ဋ ဌ ဍ ဎ ဏ
ṭ ṭh ḍ ḍh ṇ
တ ထ ဒ ဓ န
t th d dh n
ပ ဖ ဗ ဘ မ
p ph b bh m
ယ ရ လ ၀
y r l v
သ ဟ
s h
ဠ အံ ( _ံ )
ḷ ṃ
သရ (၈) လံုး (Vowels)
အ အာ ဣ ဤ ဥ ဦ ဧ ၾသ
- - ါ -ိ -ီ -ု -ူ ေ- ေ- ာ
a ā i ī u ū e o
သင်တန်းသားတွေအတွက် သင်ရိုးစာအုပ်အဖြစ် သီရိလင်္ကာနိုင်ငံထုတ် ပါဠိအခြေပြု (Pali Primer)စာအုပ်လေးကို သတ်မှတ်ထားပါတယ်။ ပျော်ပျော်လွယ်လွယ်နဲ့ အဆင့်တက်သွားတဲ့ နည်းပြစာအုပ်လေးမို့ အခြေခံက စပြီး ပါဠိဘာသာကို သင်ယူလိုသူများအတွက် အထောက်အကူအများကြီးပေးပါလိမ့်မယ်.။
ပထမဆုံး သင်ခန်းစာအတွက် သိထားရမယ့် ပါဠိစကားလုံးလေးတွေ ဖတ်ခိုင်းလိုက်ပါတယ်။ ပါဠိဘာသာသင်ရင် အလွယ်ဆုံးစကားလုံးတွေက အ-သရနဲ့ ဆုံးတဲ့ (Ending in A) ပုလ္လိင် (Masculine) နာမ်ပုဒ် (Noun)တွေပဲဖြစ်ပါတယ်။
ပါဠိဘာသာမှာ လိင် (Gender ) သုံးမျိုးရှိတဲ့အတွက် ပုလ္လိင် ( Masculine ) ဣတ္ထိလိင် (Feminine) နပုံလိင် (Neuter)တို့အကြောင်းနည်းနည်းရှင်းပြလိုက်တော့ သဘောပေါက်မြန်ကြတာ တွေ့ရတယ်။
ပါဠိဝေါဟာရနဲ့ဆိုရင်တော့ ၀ိသဒါကာရ (ရှင်းပြရတာလွယ်တဲ့) စကားလုံးတွေက ပုလ္လိင်၊
အ၀ိသဒါကာရ (ရှုပ်တဲ့ )စကားလုံးတွေက ဣတ္ထိလိင်
နေ၀၀ိသဒါ နာဝိသဒါကာရ (မရှုပ်မရှင်း) စကားလုံးတွေက နပုံလိင်ပေါ့..။
ယောက်ျာ၊ မိန်းမ မိန်းမလျာဆိုတာတွေနဲ့ ဆက်စပ်ပြီး ခွဲခြားတာမဟုတ်ကြောင်းပါ..။
Vocabulary
အသရဆုံး ပုလ္လိင်နာမ်ပုဒ်များ (Masculine nouns ending in-a)
အသရနဲ့ ဆုံးတဲ့ (Ending in A) ပုလ္လိင် (Masculine) နာမ်ပုဒ် (Noun)စကားလုံးလေးတွေ မှတ်ကြမယ်
ဗုဒ္ဓ/ တထာဂတ/ သုဂတ (ဘုရား) buddha
ကဿက (လယ်သမား) kassaka
ဝါဏိဇ (ကုန်သည်) vaṇija
ဗြဟ္မဏ (ပုဏ္ဏား) brahmaṇa
မာတုလ (ဦးကြီးဦးလေး) mātula
ကုမာရ (လူငယ်) kumāra
ပုတ္တ (သား) putta
ဘူပါလ (ဘုရင်) bhūpāla
သဟာယ/သဟာယက/ မိတ္တ (သူငယ်ချင်း) sahāya/ sahāyaka / mitta
ဝါကျတစ်ခုရေးမယ်ဆိုရင် မဖြစ်မနေ ကြိယာစကားလုံးလေးတွေက သိဖို့ လိုအပ်လာပြီ...
အခြေခံ ပစ္စုပ္ပန်ကြိယာများ (Verbs in Present Tense)
ဘာသတိ (ပြော၏) bhāsati
ပစတိ (ချက်၏) pacati
ကသတိ (ထွန်ယက်၏) kasati
ဘုဉ္ဇတိ (စား၏) bhuñjati
သယတိ (အိပ်၏) sayati
ပဿတိ( မြင်၏ ) passati
ဆိန္ဒတိ (ဖြတ်၏) chindati
ဂစ္ဆတိ (သွား၏) gacchati
အာဂစ္ဆတိ (လာ၏) āgacchati
ဓါဝတိ (ပြေး၏) dhāvati
Subject (ကတ္တား) (Nominative Case) (ကတ္တုကာရက)
ကတ္တားကို တွဲဘက်ကြိယာနဲ့ သင်ပေးလိုက်ပါတယ်။
အဲဒါကို လွယ်လွယ်နားလည်ဖို့ မြန်မာလို စကားလုံးလေးတွေ ရေးချလိုက်တယ်.။
ယောက်ျား--- သွား----။
အက္ခရာ(Letter)လေးတွေ သိမှ စကားလုံး (words)လေးတွေ ရေးနိုင်ဖတ်နိုင်ကြမှာပါ။ လုံလောက်တဲ့ မက်ဆေ့ခ်ျတစ်ခုပေးချင်ရင်တော့ အဲဒီသိထားတဲ့ စကားလုံးလေးတွေ အသုံးပြုပြီး ၀ါကျ (Sentence) တည်ဆောက်ရပါလိမ့်မယ်။
ပါဠိလိုဆိုတော့ အက္ခရ (letter) ပဒ (word) နဲ့ ၀ါကျ (sentence)တို့ပါပဲ..။
ယောက်ျား+သည်=ယောက်ျားသည်
သွား+၏=သွား၏။
ယောက်ျား ဆိုတဲ့ စကားလုံးနောက်မှာ သည် ဆိုတာလေးဖြည့်။
သွား ဆိုတဲ့ စကားလုံးနောက်မှာ ဆိုတာလေး ဆက်တော့
ယောက်ျားသည် သွား၏။
ဝါကျတစ်ခုဖြစ်သွားပါပြီ။
ဒီလိုပဲ ပါဠိစကားလုံးလေးတွေ သိနေပြီဆိုတော့ အနည်းကိန်း ကတ္တားဝါကျရေးမယ်ဆိုရင် နာမ်ပုဒ်စကားလုံးရဲ့ နောက်မှာ သြ (o)သရလေးဆက်ပေး။ ကြိယာမူရင်းပုဒ်တွေရဲ့ နောက်မှာတော့ တိ(ti) ဆိုတာလေး ဆက်ပေးလိုက်..။
ကြိယာမူရင်းပုဒ်ဆိုလို့ ရှုပ်မသွားနဲ့ဦး..။
ဘာသ (ပြော) ပစ (ချက်) ဂစ္ဆ (သွား) အဲဒါလေးတွေ ပြောတာ။ နောက်က တိ (ti ) ဆိုတဲ့ နောက်ဆက်လေးဖြည့်လိုက်မှ ကြိယာပီပီဖြစ်သွားတာ..။
မြန်မာမှာ ပြော၊ချက်၊သွား ဆိုလို့ မပြည့်စုံသလိုမျိုးပဲ..။ နောက်က '' ၏ '' ဆိုတာလေး ဆက်ပေးလိုက်တော့ ပြော၏၊ ချက်၏။ သွား၏။ လို့ အင်္ဂါစုံစုံ ကြိယာပုဒ်လေးတွေ ဖြစ်သွားတယ်..။
Purisa+o=puriso
gaccha+ti=gacchati
Puriso gacchati.
ပုရိသော ဂစ္ဆတိ။ (ယောက်ျားသည် သွား၏)
သွားတဲ့ သူ (ယောက်ျား)ဟာ ကတ္တား (Subject)ပါပဲ။ ကတ္တားအကြောင်းပြောတဲ့ ၀ါကျတွေကို ကတ္တုကာရက၀ါကျတွေလို့ သဒ္ဒါကျမ်းတွေက ဆိုပါတယ်။ အင်္ဂလိပ်လိုတော့ Nominative Case ပေါ့..။ အများကိန်းရေးမယ်ဆိုတော့ ကတ္တားနာမ်ပုဒ်နောက်မှာ အာ(ā) ဆက်ပေးပြီး ကြိယာပုဒ်နောက်မှာတော့ န္တိ (nti) ဆက်ပေးလိုက်ရုံပါပဲ..။
မြန်မာစကားမှာ တို့သည် နဲ့ ကုန်၏ ဆိုတာ ဆက်ပေးသလိုပဲလို့ လွယ်လွယ်မှတ်ကြပေတော့..။ (ခက်အောင် မစဉ်းစားကြေး)
Purisa+ā=Purisā
gaccha+nti=gacchanti
Purisā gacchanti.
ပုရိသာ ဂစ္ဆန္တိ။ (ယောက်ျားတို့သည် သွားကုန်၏)
မြန်မာဝါကျတွေကို ပါဠိလို ဘာသာပြန်ကြည့်ပါဦး..။
  1. သားတို့သည် ပြေးကုန်၏။
  2. ဦးလေးသည် မြင်၏။
  3. ဘုရားသည် ကြွလာ၏။
  4. လူကလေးတို့သည် စားကြ၏။
  5. ကုန်သည်တို့သည် သွားကြ၏။
  6. လူသည် အိပ်၏။
  7. ဘုရင်တို့သည် ကြွချီကုန်၏။
  8. ပုဏ္ဏားသည် ဖြတ်၏။
  9. မိတ်ဆွေတို့သည် စကားပြောကြ၏။
  10. လယ်သမားသည် လယ်ထွန်၏။
  11. ကုန်သည်သည် လာ၏။
  12. သားတို့သည် ဖြတ်ကြ၏။
  13. ဦးလေးတို့သည် ပြောကြ၏။
  14. လူကလေးသည် ပြေး၏။
  15. မိတ်ဆွေသည် ပြော၏။
  16. ဘုရားရှင်သည် မြင်တော်မူ၏
ဘာသာပြန်ပြီးရင် ဆရာသမားဆီသာ ရဲရဲကြီးပို့လိုက်ကြပေရော..။ အင်မီဂရေးရှင်းဖြတ်သလောက် မခက်ပါဘူး..။

2 comments:

မေဓာဝီ said...

အင်မတန်အကျိုးရှိတဲ့ ပါဠိသင်ခန်းစာပါဘုရား။
တပည့်တော်လဲ ပါဠိသင်ချင်နေတာနဲ့ အတော်ပါပဲ။
အိမ်စာလုပ်ပြီးရင် ပို့လိုက်ပါမယ်။ လောလောဆယ် မအားသေးလို့ :)

Nge Naing said...

အရှင်ဘုရား တပည့်တော်မလည်း သားကို ဘုရားစာတွေ သင်ပေးနေတော့ အခုလို ပါဠိ သန်ခန်းစာကို လွယ်လွယ်ကူကူ လေ့လာလို့ရနိုင်တာ သိရတော့ တော်တော်လေး ၀မ်းသာသွားပါတယ်ဘုရား။ သားကိုလည်း ဘုရားစာတွေ သင်ရာမှာ အထောက်အကူ ဖြစ်အောင် တပည့်တော်မ နောက်ပတ်ကစပြီး ပါဠိသင်ခန်းစာတွေကို အခုသင်ထားတဲ့အထိ တနေ့ကို တခု တပတ်အတွင်း မီအောင် လေ့ကျင့်မယ်လို့ စဉ်းစားထားပါတယ်ဘုရား။ တပည့်တော်မ ဘလော့ဂ်မှာလည်း မေတ္တာပို့ကို အင်္ဂလိပ်လိုပါဠိအသံထွက် နားလည်သလို ရေးထားတာကို အခုဒီသင်ခန်းစာ လေ့လာပြီးမှ မှားနေတာကို ပြန်ပြင်ရမယ်။ အခုလောလောဆယ် အင်္ဂလိပ်လိုနဲ့ ရိုက်တဲ့ ပါဠိစာလုံးတွေက ဘာ font ကို သုံးထားတယ်ဆိုတာ သိချင်ပါတယ်ဘုရား။

သင်ခန်းစာအတွက် (သာဓု)၃ ပါဘုရား။