27 June, 2011

စောင့်နေရန် တဲ့လား...

စောင့်နေရန်

ကမ္ဘာကိုတောင်

ဖမ်းချုပ်လို့ ရပြီ
နည်းပညာ

အိပ်မက်များလမ်းသင့်ခဲ့
လူကို
မိတ္တူပွားတော့မည်

ခင်ဗျား
ငြိမ်ငြိမ်နေပါ
တောင်တောင်အီအီလျှောက်မပြောနှင့်

အ၀ိဇ္ဇာပြင်တက်
မိုးကြီးလေကြီးစွေသက်လု။ ။

လူအိမ်
(မဟေသီမဂ္ဂဇင်း၊၂၀၁၀ ဒီဇင်ဘာ)

အမ်အာတီဘူတာရုံထဲမှ ထွက်လိုက်သည်..။ မီးပွိုင့်ကို ဖြတ်ကျော်ရန် ဟန်ပြင်ခိုက် ရုတ်တရက်အချက်ပြမီးက နီစွေးသွားသည်။ မီးစိမ်းမပြသေးဘဲ ဖြတ်လျှောက်လာသော ခြေလှမ်းများကို သူ မကြည့်ဖြစ် ။ လူနေမှုဘ၀၏ ခပ်သုတ်သုတ်ကျော်ဖတ်ချင်စရာ မီးနီများကိုသာ သူ ဆက်ငေးနေသည်။ အခန်းထဲရောက်တော့ မဂ္ဂဇင်းဟောင်းတစ်အုပ်ကို ကောက်ဖတ်သည်..။ ကဗျာတစ်ပုဒ်က သူ့စိတ်အကွေးတွင် ချိတ်မိသွားသည်။ ဘာရယ်မဟုတ်..သူ့စာမျက်နှာပေါ် ခပ်ကြဲကြဲရွာချလိုက်သည်ဟုထင်ရသော စကားလုံးများက သူ့ရင်ဘတ်တွင် စိုနေသည်။ ဖုန်းမက်ဆေ့ခ်ျတစ်ခု ၀င်လာသည်..။ ''ကမ္ဘာကိုတောင် ဖမ်းချုပ်လို့ရပြီ နည်းပညာ..။''

ဆာလောင်နေသည့် သုတတစ်ကိုက်စာအတွက် အင်တာနက်တံခါးကို သူ ခေါက်လိုက်သည်။ အချိန်တော့ ပေးရသားပဲ..။ မိတ်ဆွေရဟန်းတော်၏ အပြုံးတစ်ဝက်မှတ်ချက်စကားကို ခပ်ဝါးဝါးကြားရသည်..။ အပ္ပမာဒေန သမ္ပာဒေထ..။ ရွတ်လို့ ဖတ်လို့ ကောင်းသော မန္တန်တစ်ပုဒ်မျှ မဟုတ်မှန်း သိနေကြသည်ကပင် စိတ်ရော ကိုယ်ပါ မွန်းကြပ်စေသတဲ့..။ အင်တာနက်တွင် သူ့အတွေးများ လွှတ်တင်လိုက်သည်..။ ခြိုးခြံလှသော လက်ခုပ်သံအနည်းငယ်သည်ပင် ကန္တာရစွန်ပလွန်ရည်တစ်ကျိုက်ဖြစ်နေသည်...။

''အိပ်မက်များလမ်းသင့်ခဲ့ လူကို မိတ္တူပွားတော့မည်'' ..။ မေတ္တာတရားတွေကိုတော့ မိတ္တူမပွားကြတော့ဘူးလား..။ ကဗျာဆရာမောင်ချောနွယ်၏ ''လူသားတစ်ဦးနဲ့ တစ်ဦး နူးညံ့ခြင်းပြိုင်ပွဲ မရှိတာကိုတော့ ကျွန်တော်က ရယ်သွမ်းသွေးလိုလှပါတယ် '' စာသားကို သူက အမှိုက်ပုံး(Recycle Bin) ထဲမှ ပြန်ဆည်ယူရန် ဗိုင်းရပ်စ်များတစစ်စစ်ကိုက်နေသည့် ဗြဟ္မစိုရ်လက်များကို ပိုးသတ်နေသည်..။

ပြောကြည့်လိုက်မိတော့လည်း မုသားကိုပဲ အချောသတ်နေရတယ်လေ တဲ့..။ အသာလုပ်ပါ....။ သိက္ခာပုဒ်တွေ အကြောင်းဟောမိသည့် ဓမ္မကထိကရဟန်းကို စောဒကတက်နေသည့် အပြုံးကို သူက ထပ်ကွန့် ပြုံးပြရုံလေး ပြုံးပြရသည်..။ အပြုံးကိုတော့ သေချာပေါက် ကော်ပီကူးလိုက်မိသည်ထင်၏။ အပြုံးကိုပဲ Refresh လုပ်နေရတာပါပဲလား ။ ခင်ဗျား ငြိမ်ငြိမ်နေပါ တောင်တောင်အီအီလျှောက်မပြောနှင့်...။

ကဗျာကို သတိကြီးစွာ နောက်တစ်ခေါက် ပြန်ဖတ်မိပြန်သည်..။
အ၀ိဇ္ဇာပြင်တက် မိုးကြီးလေကြီးစွေသက်လု။ ။
အလိုလို မှောင်ရတဲ့အထဲ မှောက်ပြီးရင်းမှောက်ချင်တဲ့ သင်္ဘောတစ်စီးလည်း ဖြစ်ချင်ပြန်သေးသသတဲ့..။ ပြီးတော့လည်း ပြီးသွားမှာပါပဲ..။ ဒါပေမယ့် ခုက မပြီးသေးဘူးလေ ကဗျာဆရာ..။ စာရေးဆရာမ ဂျူးကို မုဒိတာပွားရမလို။ စောင့်နေမယ်လို့ မပြောလိုက်ဘူး တဲ့..။

ဓမ္မဂင်္ဂါ
(၂၇-၆-၂၀၁၁)
(ကဗျာဖွင့်ဆိုချက်မဟုတ်ကြောင်းပါ..။
မိတ်ဆွေဘလော့ဂါတစ်ဦးအလိုအရ အကြောင်းမဲ့ ရေးခြစ်မိသော လက်ယားစကားလုံများလည်း မဟုတ်ပါကြောင်း..။)

No comments: