22 December, 2012

၂၀၀၆ ဒိုင်ယာရီပြပွဲ(၆)

ဇန်န၀ါရီလ(၈) ရက်
တနင်္ဂနွေနေ့

မင်္ဂလာဧည့်ခံပွဲတစ်ခုသို့ ကြွရောက်ကာ မင်္ဂလာဦးတရားချီးမြှင့်ရလေသည်။
သတို့သားသတို့သမီးများအတွက် အမှတ်တရအဖြစ် အမြဲပြောနေကျဝါကျအချို့ကိုပင် ထပ်လောင်းပြောဖြစ်ခဲ့ပါသည်။

'' သတို့သား ငါးသိန်းခန့်  သာသနာ့တာဝန်ထမ်းဆောင်ဖို့ သတို့သမီးငါးသိန်းကို စွန့်လွှတ်လိုက်တဲ့ အချိန်မှာ (ပရိသတ်အချို့ မော့ကြည့်ကြ၏။ အချို့ပြုံးကြ၏။ )
ဒီနေ့သတို့သားနဲ့ သတို့သမီးတို့က လူပျိုကြီးအပျိုကြီးအဖြစ် လောကတာဝန်ကနေ ထွက်ပြေးခြင်းမရှိဘဲ
(အပျိုရံ ဘေးတွင် ကွယ်ထိုင်နေသော အပျိုကြီးများ နှာခေါင်းရှုံ့ကြ၏။ အချို့ ခေါင်းငုံ့သွားကြ၏။ )
ဖခင်လောင်းများ မိခင်လောင်းများအဖြစ် ရဲရဲဝံ့ဝံ့ စွန့်စွန့်စားစား ခံယူလိုက်တာကို အမျိုးဘာသာသာသနာအတွက် များစွာ ကျေနပ်မိကြောင်း ပြောချင်ပါတယ်..။

စင်ကာပူနိုင်ငံတည်ထောင်စမှာ လူပျိုကြီး အပျိုကြီးတွေကို ရှာဖွေပြီး နိုင်ငံတော်စရိတ်နဲ့ အိမ်ထောင်ပြုပေးရတယ် လို့ မှတ်သားရဖူးပါတယ်။ များသောအားဖြင့် လူပျိုကြီး အပျိုကြီးတွေဟာ ပညာတတ်၊ အစဉ်းစားလွန်၊ အတွေးခေါင်ပြီး အိမ်ထောင်မပြုကြတော့ ပညာတတ်မျိုးဆက်အသစ်တွေ မပေါ်ထွက်လာနိုင်တော့ဘူးပေါ့။

မူလတန်းအောင်တဲ့ မိဘက အထက်တန်းအောင်တဲ့ သားသမီးတွေကို မွေးဖွားပေးနိုင်တယ်။ ဒီနေ့ ဘွဲ့ရပြီးသား သတို့သား သတို့သမီးတွေက ဘွဲ့လွန်သားသမီးတွေ ပွားစီလာဖို့ ပျိုးထောင်ဖို့ မခက်တော့ဘူး။။ မွေးဖွားလာတဲ့ သားသမီးရတနာလေးတွေဟာ ဗုဒ္ဓဘာသာအမျိုးကောင်းသား အမျိုးကောင်းသမီးလေးတွေ ဖြစ်လာကြမှာ မလွဲဧကန်မို့ သာသနာပြုမိခင်ဖခင်တွေဘ၀ကိုလည်း ဂုဏ်ယူဖွယ်ရရှိကြမှာဖြစ်ပါတယ်..။  သားသမီးတွေအပေါ်မှာ ဗြဟ္မစိုရ်တရားတွေ ပွားများကြရင်း မိမိတို့ရဲ့ အနန္တကျေးဇူးရှင်မိခင်ဖခင်တို့ရဲ့ ကျေးဇူးတရားကိုလည်း သိမြင်ခံစားနိုင်ကြမယ်။ အိမ်ထောင့်တာဝန် အိမ်ထောင်ဒုက္ခတွေကိုလည်း ကြုံကြရမှာမို့ လောကဓံရဲ့ သဘောကို သေချာနားလည်ကြမယ်။
အဲဒီလို နားလည်ပြီးမှ တရားအားထုတ်ရင် ဒုက္ခသစ္စာသိမြင်ဖို့ မခက်ခဲကြောင်း ၀ိပဿနာဆရာကြီးတစ်ဦးရဲ့ မှတ်ချက်စကားတစ်ခု ကြားဖူးတယ်။ ''

ထို့နောက် လင့်ဝတ္တရားမယားဝတ္တရား ဒေသနာအစဉ်...။
မိတ်ဆွေရဟန်းတော် ရှင်သကျက ''မင်္ဂလာတရားက လွယ်လွယ်လေး ... ငါတို့မြို့က ရပ်မိ ရပ်ဖကြီးတစ်ယောက် အမြဲပြောနေကျစကားတစ်ခု ရှိသဟ '' တဲ့..၊
သူက ဘာပွဲပဲဖြစ်ဖြစ် မင်္ဂလာစကား ပြောရလေ့ရှိသကွ..။
လက်ဘက်ရည်ဆိုင်ဖွင့်လည်း သူပဲ ..။ စတိုးဆိုင်ဖွင့်လည်း သူပဲ..။ အလှူပွဲလည်း သူပဲ..။

အဲဒါ သူပြောတာက
လက်ဘက်ရည်ဆိုင်ဖွင့်တယ် ဆိုတာ စက်ဘီးစီးသင်သလိုပါပဲ..။ စက်ဘီးစီးသင်ရင် အစပထမတော့ ဒူးပွန်း တံတောင်ပွန်း..။ နောက်တော့ စီးလည်း စီးတတ်သွားရော ဘယ်လို ခွလို့ ခွမိမှန်းကို မသိတော့ပါဘူး..။ လေကလေးကို ချွန်လို့  ခုလည်း လက်ဘက်ရည်ဆိုင်ဖွင့်စတော့ အခက်အခဲရှိမှာပေါ့..။ ဘယ်မုန့်လေးကိုတော့ စာသုံးတဲ့ သူတွေက ကြိုက်တယ် မကြိုက်ဘူး ...။ ကိုယ်က မသိဘဲနဲ့ တင်မိတဲ့ မုန့်တွေ ..။ အရှုံးပေါ်ချင်လည်း ပေါ်မှာပေါ့..နောက်တော့ ပရိသတ်က ဘာကြိုက်တယ် ဘာမကြိုက်ဘူး..။ ဆိုတာသိပြီး အဆင်ပြေသွားမှာပါ..စက်ဘီးစီးသင်သလိုပေါ့ကွယ်..။

စတိုးဆိုင်ဖွင့်လည်း ထိုနည်းလည်းကောင်း..။
အစပထမတော့ ဒူးပွန်း တံတောင်ပွန်း...။ နောက်တော့လည်း ဘယ်လိုခွလို့ ခွမိမှန်း မသိတော့ဘူး..။ လေကလေးကို ချွန်လို့ တဲ့..။

မင်္ဂလာပွဲလည်း ထိုနည်းလည်းကောင်း..။
အစပထမတော့......။''

တော်တော်နောက်တဲ့ ကိုယ်တော်..။ :D

နေ့လည်ဆွမ်း စာချဆရာတော် မထေရ်ကြီး (အရှင်နန္ဒာစာရ)၏ ရဟန်းအမအိမ်သို့ ကြွရန် အတန်တန်ဖိတ်သည့်တိုင် မလိုက်ပါဖြစ်တော့..။
ကျောင်းမှာပဲ အေးအေးဆေးဆေး လွတ်လပ်စွာ လွေးရတာ ကြိုက်သည်။ ကျောင်းထိုင်ဆရာတော်နှင့် နိုင်ငံခြားပညာသင်ကြွဖို့ ပြောဖြစ်ကြသည်။
ဘယ်မှာလဲ ဖွတ်ကလိဒင်္ဂါး..။
ဆွမ်းစားလိုက်ရမှာပင် ပျင်းလှသည့်အတွက် န၀ကမ္မ မရှိ..။ကျောင်းတက်ဖို့ ကားခပင် မရှိမှတော့ နိုင်ငံရပ်ခြားကို မည်သို့သွားမည်နည်း..။

ဆရာတော်ပြီးလျင် အားလုံးက မေတ္တာထားဦးစားပေးကြပေမင့်
ဆွမ်းစားကွမ်းစား မကြွဖြစ်..။ မဖြစ်မနေ တရားဓမ္မဟောရမည့် ပွဲမျိုးသာ လိုက်ကြွဖြစ်၏။
အခြားနာယကနှင့် စာသင်သားသံဃာတော်များကိုသာ လွှဲပြောင်းကြွစေခဲ့တာ များသည်။
ဆွမ်းစားပြန်လာသည့် ကိုယ်တော်များထံမှ  ကျောင်းသွားဖို့ ကားခတောင်းလေ့ရှိ၏။
နာယကစာချများက အမြင်ကတ်စွာဖြင့် ပေးကြရ၏။
စာသင်သားများက ဆရာမို့ လေးစားစွာ (အဲ ကြောက်ရွံ့စွာ..) ပေးကြးရ၏။
ဟဲ အများကြီး ဟုတ်ပါဘူးကွယ်..။
ကားခ ငါးဆယ်တစ်ရာတည်းပါ..။...


ဓမ္မဂင်္ဂါ
(၁၈-၂၀၁၂)

No comments: