23 May, 2013

အေဒီနှစ်ထောင်ပလပ်စ်ရန်ကုန် (၁)

အေဒီနှစ်ထောင်ပလပ်စ်ရန်ကုန်
---------------------
(၁)

သမိုင်းလမ်းဆုံမြေအောက်ဘူတာရုံလေးဆီသို့ သူခပ်သွက်သွက်
လျှောက်လာခဲ့သည်။ မြက်ခင်းစိမ်းစိမ်းစင်္ကြန်လမ်းဘေးတွင် တယောတစ်လက်ကို မြနန်းဂီရီသေလာတောင် ဖြင့် အသံစမ်းနေသော သူဖုန်းစားအဘိုးအိုကြီး၏ ရှေ့မှ ခွက်သန့်သန့်လေးထဲသို့ ငွေအကြွေအချို့ ထည့်ပေးလိုက်သည်။ အဘိုးကြီးက သူ့ကို လှည့်မကြည့်...။ တယောကိုသာ ချော့နေသည်။ မြေအောက်ဘူတာရံလေးသို့ မ၀င်မီ
၂၄ နာရီစတိုးဆိုင်လေးထဲက ရန်ကုန်ပို့စ်သတင်းစာတစ်စောင်ကို တစ်ကျပ်ခွဲဖြင့် ၀ယ်လိုက်သည်။
ခေတ်တွေ ဘယ်လိုပြောင်းပြောင်း သူက သတင်းစာကို လက်ဆုပ်လက်ကိုင်ဖတ်ရတာ ကြိုက်နေဆဲ...။

သမိုင်းလမ်းဆုံဘူတာက လူစည်ကားလှသည်။ စက်လှေကားမှ မဆင်းတော့ဘဲ ရိုးရိုး လှေကားထစ်များအတိုင်း ဆင်းလာခဲ့သည်။ ကမ္ဘာအေးဘူတာကို သွားရမည်။
ရဟန်းမှတ်ပုံတင်သက်တမ်းတိုးဖို့ လိုလာပြီ..။
သူ့ အိတ်ထဲမှ ကဒ်များကို ထုတ်ကာ
ငွေလက်ကျန်ရှိမရှိ နံရံကပ်ကောင်တာသေတ္တာလေးများထဲ ထိုးထည့်ကာ စစ်ဆေးကြည့်ရသည်။

ဆွမ်းစားကွမ်းစားများတွင် ငွေစက္ကူများမလှူတော့ဘဲ
တယ်လီဖုန်းငွေဖြည့်ကဒ်၊ ခရီးသွားကဒ်များ လှူဒါန်းကြသည့်အတွက် သူ့မှာ ကဒ်တွေ များလှသည်။ နိုင်ငံတော်အစိုးရက သံဃာတော်များ၏ ၀တ္ထုငွေများကို အခွန်မစည်းကြပ်သော်လည်း သာသနာတော်တွင်း ငွေကြေးစီးဆင်းမှုကို သိရှိနိုင်ရန် ဘဏ်အကောင့်များ ဖွင့်ထားစေသဖြင့် သူ့ လက်ထဲသို့ ဗီဇာကဒ်၊မာစတာကဒ်အချို့ရောက်နေရပြန်သည်။ .......

(၂)
ဘာပဲဖြစ်ဖြစ် ခေတ်ကို မျက်ကွယ်ပြုခွင့်မရှိသော ရဟန်းအတွက် စိတ်ရောကိုယ်ပါရဟန်းတစ်ပါးဖြစ်ဖို့ ကြိုးစားရသည်က ခက်ခဲလှပေသည်။
ပျားပိတုန်းများလိုပင် ရုံးစုသွာားလာနေကြသော လူအုပ်ထဲ သူရောပါသွားသည်။
မြေအောက်ရထားဘူတာထဲရောက်တော့ အစိမ်းရောင်လိုင်းမှာ လှည်တန်းဘူတာဘက်သွားမည့် ရထား ဆိုက်ရောက်ရန် ၂ မိနစ်ဟု ပြနေသည်။ ကမ္ဘာအေးဘူတာက အနီရောင်လိုင်းပေါ်မှာ...၃ မိနစ်...။ မင်္ဂလာဒုံဘက်ပြည်တွင်းပုဂ္ဂလိကလေယာဉ်ကွင်းဘက်ကို သွားမည်ဆိုလျင်တော့ အပြာရောင်...။ ပဲခူးအပြည်ပြည်ဆိုင်ရာလေဆိပ်ကိုတော့ ကောင်းကင်ရထားဆက်စီးရမည်။

စကင်ဖတ်စက်ရှေ့တွင် သူ ကဒ်လေးကို ဝှေ့ရမ်းလိုက်ရုံဖြင့် တံခါးပွင့်သွားသည်။
ရထားပေါ်တွင် ထိုင်ခုံအလွတ်မရှိအောင်ပင် လူများပြည့်ကြပ်နေသည့်တိုင် လေအေးစက်စနစ်ကြောင့် အေးစိမ့်နေသည်။
အရှင်ဘုရား ကြွပါ...။
အနောက်တိုင်းဝတ်စုံနှင့် လူငယ်တစ်ယောက်က ယဉ်ကျေးမွန်ရည်စွာ
သူ့ကို နေရာပေးသည်။
ရထားပေါ်မှာ သက်ကြီးရွယ်အို၊နာမကျန်းသူနှင့် ကိုယ်ဝန်ဆောင်များအတွက် သီးသန့်ထိုင်ခုံများ စီစဉ်ပေးထားသည်။

ဘာသာတရားအသီးသီး၏
သာသနာ့ဝန်ထမ်းများအတွက်လည်း သီးခြားနေရာပေးဖို့ နိုင်ငံတော်အစိုးရက ပို့ဆောင်ရေးဝန်ကြီးဌာနကို ညွန်ကြားချက်ထုတ်ပြန်ခဲ့သော်လည်း ဘာသာရေးခေါင်းဆောင်များကိုယ်တိုင်က အခွင့်ထူးခံများ မဖြစ်လိုပါ ဟူသော အကြောင်းပြချက်ဖြင့် ကန့်ကွက်သောကြောင့် ထိုအစီအစဉ်ပျက်သွားရသည်။
ထိုသို့ သီးခြားနေရာမသတ်မှတ်သည့်တိုင် ရဟန်းသံဃာတော်များကို နေရာပေးတတ်ကြပါသည်။

သူကိုယ်တိုင်သည်ပင် ရဟန်းတစ်ပါးဖြစ်နေသည့်တိုင် နားမကျန်းသူနှင့် သက်ကြီးရွယ်အိုများ နေရာအခက်အခဲရှိလျင် နေရာဖယ်ပေးလေ့ရှိပါသည်။ ရဟန်းတစ်ပါးပေးသော နေရာကို ထိုင်ဖို့ မ၀ံ့မရဲ သို့မဟုတ် ငရဲကြီးမည် ဟု ထင်နေတတ်ခြင်းမျိုးကိုတော့ ရဟန်းသံဃာဆိုတာ လောကမှ ထွက်မြောက်ရေးအားထုတ်ရင်း လောက၀န်ထမ်းဖို့ ဘုရားမိန့်မှာထားကြောင်း နားလည်အောင် ရှင်းပြရမြဲဖြစ်သည်။
နေရာပေးသူလူငယ်ကို အသိအမှတ်ပြုခေါင်းဆတ်ပြရင်း ထိုင်ခုံမှာ ၀င်ထိုင်လိုက်သည်။ 


(၃)

-----------------------
သမိုင်း၊ကျိုက်ဝိုင်းနှင့် ရှစ်မိုင်ဘူတာများကို ၇ မိနစ်ခန့်သာ ခုတ်မောင်းရသည်။
ကမ္ဘာအေးဘူတာမှ မထွက်မီ အများသုံးရေအိမ်တစ်ခုထဲ ၀င်လိုက်ရသေး၏။
သပ်ရပ်မွှေးပြန့်သော အခမဲ့ဝန်ဆောင်မှုစနစ်က
စိတ်ချမ်းသာဖို့ ကောင်းသည်။
သူရောက်ခဲ့ဖူးသည့် ကမ္ဘာ့ နိုင်ငံများထက်မညံ့သော နောက်ဆုံးပေါ်အိမ်သာစနစ်တစ်ခုဖြစ်သည်။

အိမ်သာစနစ်များက တစ်နိုင်ငံနှင့် တစ်နိုင်ငံမတူပါ။
 သြစတေးလျနှင့် စင်ကာပူနိုင်ငံများတွင် အိမ်သာများက အခပေးစရာမလိုသော်လည်း
အချို့ဥရောပနိုင်ငံများတွင် ငွေအကြွေပြားငါးဆယ်ခန့်တော့ ပေးရသည်။
ထိုနိုင်ငံများရှိ အိမ်သာဝန်ထမ်း၏ ကောင်တာသည် ရွှေပြည်ကြီး၏ အမှောင်ခေတ်စီအီးအိုတစ်ယောက်၏ ရုံးခန်းသဖွယ် သားနားတောက်ပြောင်လှသည်။
ရောမ့နှင့် ပါရီမြို့များမှာတော့ ကော်ဖီဆိုင်လေးတစ်ဆိုင်ဆိုင်ဝင်ပြီး အက်စ်ပရက်ဆိုကော်ဖီခါးခါးတစ်ခွက်သောက်ကာ ကိစ္စရှင်းရသည်။

ခုတော့ ရန်ကုန်သည် သပ်ရပ်မွှေးကြိုင်နေသည်။ေ--း မပေါက်ရ၊ ဤနေရာတွင် နွားများသာ အ၀ှါပြုသည် ဆိုသော ရုန့်ရင်းသည့် တံတိုင်းဝေါဟာရများထွန်းကားခဲ့သည့်ခေတ်ကို ယနေ့ ရန်ကုန်မျိုးဆက်လူငယ်တို့ သိမီနိုင်တော့မည်မဟုတ်..။ အများသုံးအိမ်သာများက မြို့တော်၏ နေရာအနှံ့...။

အိမ်သာထဲမှ ထွက်ကာ ကမ္ဘာအေးစောင်းတန်းဆီ ဖြတ်ဝင်လိုက်သည်။
အအေးပေးစနစ်က မြို့တော်တစ်ခုလုံး တပ်ဆင်ထားပြီးဖြစ်သည့်အတွက်
ချွေးသံရွှဲရွှဲဖြင့် ဘုရားရိပ်ကို ခပ်သုတ်သုတ်တိုးဝှေ့ရခြင်းမျိုး မရှိတော့။

ခေတ်မီရွေ့လျားစင်္ကြန်မှ သူ တက်လာခဲ့သည်။
ယခင်ကလို အော်ကြီးဟစ်ကျယ်ရောင်းချလေ့ရှိသည့် အိနြေ္ဒဖျက်ဈေးသည်များ မရှိတော့..။
ပန်းစတိုးများ၊ စာအုပ်ဆိုင်များ၊ မြန်မာ့ရိုးရာပန်းချီ ပန်းပုလက်ရာအရောင်းဆိုင်များက အေးချမ်းသော ဘုရားအရိပ်ကို အနှောင့်အယှက်မဖြစ်စေကြ..။
အပြုံးများက လက်လက်ထအောင် တောက်ပနေကြသည်။
ဒီမိုကရေစီခေတ်ဦးမတိုင်မီကတော့ ရွှေပြည်ကြီးတွင် အပြုံးယဉ်ကျေးမှုဆိတ်သုဉ်းသွားသော အမှောင်ကာလများ ရှိခဲ့ဖူးသည်။ တစ်ဦးနှင့် တစ်ဦးဆက်ဆံရေးတွင် သံသယများဒီရေမြင့်တက်ကာ
 တစ်ဦးက တစ်ဦးကို ပြုံးပြဖို့ ခက်ခဲကြပ်တည်းခဲ့ဖူးသည်။
မျက်မှောင်ကြီးတွေ ကျုတ်လို့...။ နှုတ်ခမ်းကြီးတွေ စူလို့...။

သို့အတွက် ခေတ်ပြောင်းစနစ်ပြောင်းတွင် နိုင်ငံတော်ဘဏ္ဍာငွေကြေးများစွာ သုံးစွဲကာ
ပညာရေးပြုပြင်မှုများနှင့် အတူ အပြုံးသင်တန်းများ တစ်နိုင်ငံလုံးဖွင့်ပေးခဲ့ရ၏။
အပြုံးသင်တန်းများ အောင်မြင်ခဲ့ပါသည်။
ခု ရန်ကုန်မြို့ကြီးတစ်ခုလုံး အပြုံးတွေ ဝေလို့ ...။

ရွေ့လျားစင်္ကြန်ပေါ်မှ ဆင်းကာ ပန်းစတိုးဆိုင်တစ်ခုထဲ ၀င်လိုက်သည်။
အပြုံးချိုသော အရောင်းစာရေးမလေးများက ရောင်စုံရာသီပန်းမွှေးမွှေးများကို ရောင်းချပေးနေကြသည်။ သူက မြန်မာ့ယွန်းအုပ်လေးများဖြင့် ဘုရားကပ်လှူနိုင်သော စပယ်ပန်းလေးများကို လက်ညှိုးထိုးပြလိုက်သည်။
ထိုနောက် ကျသင့်ငွေကို မာစတာကဒ်ဖြင့် ပေးချေလိုက်သည်။

(၄)
ကမ္ဘာအေးဘုရားရင်ပြင်တော်တွင်
ကော်ဇောပြည့်ခင်းထားသည့်အပြင် နေရောင်ခံအကြည်သားမျက်နှာကြက်အမိုးခုံး
မိုးထားသည့်အတွက် သုံးရာသီစာ စိတ်ချမ်းသာစွာ ဘုရားဖူးနိုင်ပြီ။ မိုးရွာလို့ ထပြေးရခြင်းမျိုး၊ နေပူလို့ ခြေထောက်ခုန်ဆွ ခုန်ဆွ အိနြေ္ဒမရခြင်းမျိုး မရှိပြီ။

ပရိဝုဏ်နံရံများပေါ်တွင် သပ္ဗါယ်လှစွာသော ဗုဒ္ဓအရှင်၏ မုဒြာစုံ ပုံတော်ဆီဆေးပန်းချီကားချပ်ကြီးများ ချိတ်ဆွဲထားသည်မှာ ကြည်ညိုဖွယ်ကောင်းလှသည်။ ဆူညံသောအသံချဲ့စက်များ ဘုရားပရိဝုဏ်များတွင် တပ်ဆင်ခွင့်မပြုသည်မှာ ကြာပြီဖြစ်၍ တိတ်ဆိတ်ငြိမ်သက်မှုနှင့် ကမ္မဌာန်းအာရုံက အသားကျကာ အေးချမ်းနေသည်။
ဗုဒ္ဓဘာသာဝင်ဘုရားဖူးသူတော်စင်များ၊ ဘာသာခြားနှင့် တိုင်းတပါးမှ ခရီးသည်များဖြင့် ကမ္ဘာအေးဘုရားသည် စည်ကားလျက်ရှိသော်လည်း ရုတ်ရုတ်သဲသဲမဖြစ်ပေ။
စည်းကမ်းသေ၀ပ်မှုနှင့် ယဉ်ကျေးသိမ်မွေ့မှုတို့က
ကျင့်သားရနေလေသည်။
မဆူညံရ၊ တိတ်ဆိတ်မှုဖြင့် ကုသိုလ်ယူပါ စသော သတိပေးဆိုင်းဘုတ်များ ကပ်ကာ ပညာပေးရသောကာလများ လွန်မြောက်ခဲ့ပြီဖြစ်သည်။

စေတီတော်ဂန္ဓကုဋီအတွင်းပိုင်းသို့ ၀င်ရောက်ကာ စပယ်ပန်းယွန်းအုပ်လေးကို လှူဒါန်းပူဇော်လိုက်၏ ။
မိနစ်အနည်းငယ်ခန့် ငြိမ်သက်ကာ ဗုဒ္ဓအရှင်၏ မျက်နှာတော်ကို ဖူးနေလိုက်သည်။ ဗုဒ္ဓအရှင်၏ ဂုဏ်တော်များကို မိတ္တူပွားယူရန် ကြိုးစားမိခြင်းဖြစ်သည်။ ကရုဏာနှင့် ပညာတရားမြတ်များ ဆက်လက်ထွန်းကားပါစေ..။

ပရိဝုဏ်တံခါးအ၀င်များတွင် အလှူခံပုံးလေးများ နံရံကပ်တပ်ဆင်ထားသည်။ လှူဒါန်းလိုသည့် ငွေပမာဏကို အရေအတွက်ဂဏန်းရိုက်နှိပ်ကာ ငွေစက္ကူဖြစ်စေ၊ ဘဏ်ကဒ်တစ်ခုခုဖြစ်စေ ထည့်သွင်းလှူဒါန်းနိုင်သည်။
သူလည်း ဘုရားရောက်ခိုက် အလှူတော်ငွေထည့်ဝင်လိုသော သဒ္ဓါစိတ် ယိုဖိတ်လာသည့်အတွက် နှစ်ဆယ်တန်ငွေစက္ကူတစ်ချပ်ကို ပုံးလေးထဲသို့ ထည့်ကာ “၁၉” ဟု ဂဏန်းရိုက်ထည့်လိုက်သည်။
“ချွင်ကလောက်” မြည်သံနှင့်အတူ
တစ်ကျပ်တန်အကြွေစေ့လေးတစ်စေ့ အောက်ခံလက်နှိုက်ခွက်ထဲသို့ ကျလာသည်။ တစ်ကျပ်တန်ငွေအကြွေစေ့နှင့် အတူ အလှူခံငွေရပြေစာစာရွက်လေးကိုလည်း သူ စောင့်ယူလိုက်၏။

ကမ္ဘာအေးဘုရားပရိဝုဏ်မြောက်ဘက်မုခ်ဝမှ ထွက်လိုက်သည်နှင့် စနစ်တကျစီတန်းနေသော ဘုရားဖူးများ၊ ကမ္ဘာလှည့်ခရီးသည်များကို တွေ့ရသည်။ ကမ္ဘာကျော်သမိုင်းဝင်ဆဋ္ဌသံဂါယနာပွဲတော်ကြီးကျင်းပရာ မဟာပါသာဏလိုဏ်ဂူတော်ကြီး၏ အလှည့်ကျပြပွဲကို ကြည့်ရှုရန် စောင့်နေကြခြင်းဖြစ်သည်။ ဆဋ္ဌသံဂါယနာကျင်းပပုံကို နောက်ဆုံးပေါ်ရုပ်ရှင်ပြစက်များ၊ အနုပညာဖန်တီးမှုများဖြင့် လေးဆယ့်ငါးမိနစ်စာ ပြပွဲကို ကြည့်ရှုနိုင်ကြရန် သာသနာရေးဝန်ကြီးဌာနနှင့် ဟောလီးဝုဒ် အမ်ဂျီအမ်ကုမ္ဗဏီတို့ ပူးတွဲတင်ဆက်ထားခြင်းဖြစ်သည်။

ဘုရားမှ လိုဏ်ဂူတော်ကြီးသို့ သွားရာ လမ်းဝဲယာတလျောက်တွင် စကျင်ကျောက်သားဖြူဖြူဖြင့် ပီပြင်စွာ ထုဆစ်ထားသော ဆဋ္ဌသံဂါယနာခေတ်မထေရ်ကျော်နှင့် ပုဂ္ဂိုလ်ကျော်ကြီးများ၏ ရုပ်လုံးများက လိုဏ်ဂူတော်ဝင်ခွင့်ရရန် စောင့်စားနေသူများကို စွဲဆောင်ထားနိုင်လေသည်။


(၅)

ဆဌသံဂါယနာအကြီးအမှူးညောင်ရမ်းဆရာတော်၊ သံဃမဟာနာယကမစိုးရိမ်ဆရာတော်၊ လူပျံတော်ပညာရှင်ကြီး အဂ္ဂမဟာပဏ္ဍိတဒေါက်တာဦးလင်း၊သမ္မတကြီးစပ်ရွှေသိုက်၊၀န်ကြီးချုပ်ဦနု၊ တရားရေးဝန်ကြီးဦးသိန်းမောင်၊ သူဌေးကြီးဆာဦးသွင် ၊ ဦးချန်ထွန်း စသောမြန်မာ့ထေရ်ကျော်၊ မြန်မာ့လူမော်တို့၏ ဘ၀ဗျုပ္ဗတ်အကျဉ်းချုပ်ကို  ရုပ်တုတိုင်း၏ အောက်ခြေကျောက်စာတွင် အင်္ဂလိပ်မြန်မာနှစ်ဘာသာဖြင့် ရေးထိုးထားလေသည်။ 

ဆဌသံဂါယနာခေတ်လူပုဂ္ဂိုလ်ကျော်များအသွင် ၀တ်ဆင်ထားသော ပြပွဲတာဝန်ခံလူငယ်အချို့နှင့် ဓါတ်ပုံအမှတ်တရရိုက်နိုင်ကြသည်။ နှုတ်ခမ်းမွှေးဖြူဖြူကားကား ခန့်ညားလှသော မျက်မှန်ဝိုင်းနှင့် သူဌေးကြီးဆာဦးသွင်ဟန် လူငယ်က ပေါ်ပြူလာအဖြစ်ဆုံးပင်..။
သမ္မတကြီးစပ်ရွှေသိုက်၏ ပိုးချိတ်လုံချည်တောင်ရှည်ပုဆိုးကြီးကို ၀တ်ဆင်ထားရသည့် လူငယ်ကတော့ ပေါ့ပေါ့ပါးပါးဖြစ်ဟန်မတူ..။ 
သူက သဘောကျစွာ ခဏရပ်တံ့ကြည့်နေမိသေးသည်။ 

ပြပွဲမ၀င်မီ စောင့်နေခိုက် မြန်မာ့ရိုးရာခေတ်မီစားသောက်ဆိုင်များနှင့် စတားဘတ်ခ်စ်၊ မက်ခ်ဒေါ်နယ်၊ ကေအက်စီစသော နိုင်ငံတကာစားဖွယ်ဆိုင်များမှ ကော်ဖီ၊ လက်ဘက်ရည်၊ ဖျော်ရည်စုံ၊ ရေခဲမုန့်နှင့် သွားရည်စာအမျိုးမျိုးကို ၀ယ်ယူစားသောက်နိုင်လေသည်။ 

လိုဏ်ဂူတော်ကြီး၏ ပြပွဲကို သူ၏ တပည့်ရှင်ငယ်၊ ရဟန်းငယ်များအား ကျောင်းပိတ်ရက်တိုင်း သူကိုယ်တိုင် ပို့ဆောင်ပေးလေ့ရှိသဖြင့် ယခု တစ်ခေါက် မ၀င်တော့ပေ။  
လိုဏ်ဂူတော် ပြကွက်များကတော့ အမှန်တကယ်ဝင်ရောက်ကြည့်ရှုထိုက်သည် ဟု မှတ်ချက်ပေးရလောက်အောင် အထူးပြုလုပ်ချက်များဖြင့် ဖန်တီးထားလေသည်။ 
ပြပွဲမ၀င်မီ  လက်မှတ်ကောင်တာတွင် တိုကင်ကဒ်ပြားလေး ၀ယ်ယူပြီးသည်နှင့် မျက်မှန်တစ်လက်နှင့် နားကြပ်တစ်ခု ထည့်ထားသော စက္ကူထုပ်လေး ပေးဝေသည်။ လိုဏ်ဂူတော်ခန်းမထဲ ၀င်လိုက်သည်နှင့် အထူးမျက်မှန်ကို တပ်ဆင်ရသည်၊ နားကြပ်တွင် မိမိတို့ အဆင်ပြေရာဘာသာစကားတစ်ခုခုဖြင့် ပြပွဲအကြောင်းကို ရွေးချယ်နားထောင်နိုင်သည်။ 
ဆဋ္ဌသံဂါယနာပွဲကြီးထဲ ကိုယ်တိုင်ပါဝင်ဆင်နွှဲနေရသည် ဟု ထင်မှတ်ရအောင်  ရုပ်လုံးကြွဒိုင်မင်းရှင်းများကြားသို့  ရောက်ရှိသွား၏။ ပရိသတ်များ ခန်းမအလယ်တွင် စုဝေးမိသည်နှင့်  ခန်းမကြီး၏ အလင်းများ ဖျော့ကျသွားသည်။ ထို့နောက် သာသနာနှစ်ထောင့်ငါးရာပြည့်အထိမ်းအမှတ်ဆဌသံဂါယနာပွဲတော်၏ အရိပ်များ တဖြေးဖြေးပီပြင် အရုပ်ထင်လာသည်။ 
ဤသုတ္တန်ဒေသနာကို ဘယ်အရပ် ဘယ်ဌာန၀ယ် ဘယ်သူ့အား အကြောင်းပြု၍ ဟောကြားခဲ့ပါသနည်း ငါ့ရှင် ...။ စူးရှတည်ကြည်သောအသံတော်နှင့် အတူ မထေရ်မြတ်တစ်ပါး၏ ရုပ်ကြွပုံရိပ်...။
အိုး မဟာစည်ဆရာတော်ဘုရားကြီး....။ 
လူအချို့ထံမှ တိုးတိုးအသံများထွက်လာသည်။ 
ထို့နောက် မင်းကွန်းဆရာတော်၏ ဌာန်ကရိုဏ်းကျနပီသ၍ ကြည်မြနေသောအသံတော်နှင့်တူ လူသားအစစ်ပုံရိပ်မခြားသောရုပ်လုံးတော်ပေါ်လာသည်။ 
ဧ၀ံ မေ သုတံ ....။ ပရိသတ်တို့  ငြိမ်သက်စွာ သံဂါယနာပွဲတော်ကြီး ကျင်းပနေဟန်ပုံရိပ်များထဲ မျောပါနေကြသည်။ 
ဟိုးမှာ ဦးနု...။ ဟိုးမှာ ဦးချန်ထွန်း...။ ဟိုးမှာ ဦးသန့် .....စသည် စသည် မိမိတို့ သိသည့် ပုဂ္ဂိုလ်ကြီးများကို လက်ညှိုးထိုးညွှန်ပြနေကြ၏။ လိုဏ်ဂူတော်နံရံအသီးသီးရှိ သံဃာစင်များတွင် ငြိမ်သက်တည်ကြည်စွာ သီတင်းသုံးလျက်ရှိသော ၀န်ဆောင်ဆရာတော်များကိုလည်း သက်ရှိထင်ရှားဖူးမြင်နေရလေသည်။ 

အမှန်တကယ် ကမ္ဘာကုန်းမြေသည် သာသနာဝင်ပြကွက်များ၊ ဗုဒ္ဓ၀င်ပြတိုက်ကြီးများနှင့် ပိဋကတ်တိုက်များဖြင့် ဗုဒ္ဓသာသနာကို လေ့လာစူးစမ်းလိုသော ကမ္ဘာအရပ်ရပ်ဧည့်သည်တော်များ၊ ဗုဒ္ဓဘာသာဝင်ဘုရားဖူးများဖြင့် နေ့စဉ် ပိတ်ရက်မရှိစည်းကားနေလေသည်။ 

ကလေးများအကြိုက်ဆုံးကတော့ သုံးဆယ့်တစ်ဘုံစတူဒီယို(Cosmological Studio) ခန်းမကြီးပင်ဖြစ်လေသည်။ 
ပိဋကတ်စာပေမှ နေမိမင်းကြီးကို မာတလိနတ်သားက နတ်ရထားဖြင့် ငရဲပြည်နတ်ပြည်သို့ လိုက်ပါပို့ဆောင်ပြသသည့် ဇာတ်ဝင်ခန်းကို ပုံတူကူးယူကာ ခေတ်မီရိုလာကိုစတာနည်းပညာများဖြင့် ပေါင်းစပ်ပြသခြင်းဖြစ်လေသည်။ 
လက်မှတ်ဝယ်ယူပြီးသည်နှင့်  သုံးဆယ့်တစ်ဘုံစတူဒီယိုထဲသို့  ၀င်ရောက်ကြရမည်။ ထို့နောက် နတ်ရထားကဲ့သို့ ဖန်တီးထားသည့် အထူးယာဉ်ဖြင့် ငရဲပြည်၊ နတ်ပြည်များသို လိုက်ပါစီးနင်းကာ လေ့လာရခြင်းဖြစ်သည်။ 

ဓမ္မဂင်္ဂါ
(မုခပေါတ္ထကမည်သော ဖေ့စ်ဘွတ်ခ်စာမျက်နှာဝယ် ကီးဘုတ်ယား၍ ပေါ်လာသောဝါကျများသာတည်း..။


ဆက်ရန်ရှိသေး၏ ဟူလိုသော် )

1 comment:

Unknown said...

ဆရာတော် ဘုရား Blogger ကိုဝင်ြ့ပီး ဆရာတော် အမြင်ကို ကော်ပီ နေတာဖျာ့ .သူများပစ္စည်း မသိအောင်.ယူတာခိုးတာ တဲ့ ဗုဒ္ဓ ဓမ္မ သံဃာ ဂုဏ် ကို အတုခိုးတာကြတော့  ကော်ပီတာတဲ့ တစ်ထပ်တည်းကျ အောင် ကျပါ့ မလားဘုရား ကော်ပီ က မူ ရင်းတော့ မဖြစ်တာသေချာပါတယ် နည်းနည်း လေးတူ လာတာ တော့ ရှိမှာပေါ့ 