18 July, 2013

ရဟန်းနှင့် အော်စလို

ရဟန်းနှင့် အော်စလို
===========
မြောက်ဝင်ရိုးစွန်းသည် ပိဋကတ်စာပေပြတင်းပေါက်က လှမ်းမြင်ခွင့်ရသော ဥတ္တရကုရုမြောက်ကျွန်းမဖြစ်နိုင်ကြောင်း စဉ်းစားမိသည့်တိုင် နော်ဝေမင်းနေပြည်၏
အော်စလိုသည် နေပျော်ဖွယ်ရာလူ့ပြည်နတ်ဘုံတစ်ခုအဖြစ် တန်ဖိုးနည်း ရိုင်ယန်လေကြောင်း(Ryanair) ဖြင့် ရစ်ဂျီ(Ryggy)လေဆိပ်ကို ထိုးဆင်းလိုက်သည်နှင့် သေချာသွားပါသည်။

လေဆိပ်နှင့် ကီလိုမီတာခြောက်ဆယ်ခန့်ဝေးကွာသည့် အော်စလိုမြို့တော်သွား ဘတ်စ်ကားခရီးသည် စိမ်းလန်းတောက်ပသော သဘာဝနှင့် ပို့စ်မော်ဒန်မြင်ကွင်းများကြောင့် ရင်သပ်ရှုမောဖို့ ကောင်းလှသည်။

အော်စလိုဘတ်စ်တာမီနယ်သည် ရွှေပြည်ကြီး၏ အပြည်ပြည်ဆိုင်ရာလေဆိပ်ထက် ပိုကြီးနေသလား ထင်ရသည်။
လာကြိုမည့်မိတ်ဆွေရောက်မလာသေးသည့်အတွက် နာရီဝက်ခန့် စောင့်မျှော်နေခဲ့ရသော်လည်း ယောင်ချာချာဖြစ်မနေအောင် စာရွက်စာတမ်းများ၊ အခမဲ့မြေပုံအညွှန်းများက အဆင်သင့်ရှိနေခဲ့သည်။
ခေတ်မီအခပေးအိမ်သာစနစ်ကို စတင်ကြုံရ၏။
ခရိုနာငွေအကြွေစေ့တစ်စေ့သာ လက်ဝယ်မရှိလျင် ကြီးလေးသောဝန်ထုပ်ဝန်ပိုးဖြစ်သွားနိုင်သည်။
သူ့အခက်အခဲကို ချက်ကနဲသိမြင်သော စကင်ဒီနေဗီးယန်းအမျိုးကောင်းသမီးကြီးက
သူ့လက်ထဲသို့ နော်ဝေသုံးဒင်္ဂါးပြားငယ်တစ်ခု ထည့်ပေးလိုက်သည်။


ထိုအမျိုးသမီးကြီးက နောက်တစ်ရက်တွင် ကမ္ဘာ့လက်ခုပ်သံများကို ဆွတ်ခူးမည့် မြန်မာအမျိုးကောင်းသမီးကြီး၏ နာမည်ကို တဖွဖွ
ရွတ်ဆိုနေသေးသည်။ ရွှေပြည်ကြီး၏ တစ်နေ့ရွှေ တစ်နေ့ငွေစိတ်ခံစားမှုနှင့် တုန့်ပြန်မှုအမျိုးမျိုးကို ခံနိုင်ရည်ရှိဖို့ သံမဏိစိတ်ဓါတ်နှင့် ခန္တီတရား မဖြစ်မနေ လိုအပ်ကြောင်း ယခုဝါကျကို ရေးနေခိုက် သူနှလုံးသွေး စစ်ကနဲ တိုးသွားလေသည်။ နိန္ဒံနှင့် ပသံသာဖြစ်စဉ်တွင်
ပေါ့ပါးစွာ ဖြတ်သန်းရတာ မလွယ်ကြောင်း သိကြပါလိမ့်မည်..။ ယနေ့ သူရဲကောင်း မနက်ဖြန်ဗီလိန်...ယနေ့ ကျေးဇူးရှင် မနက်ဖြန် သစ္စာဖောက်ဟူသော လက်ခုပ်သံနှင့် လက်ညှိုးများအကြောင်း ရွှေပြည်ကြီး၏ မှတ်တမ်းက သင်္ကြန်ခဏ ခဏ ကျနေသည်။ ခွေးရေပုရပိုဒ်လား ရွှေသားပုရပိုဒ်လား....။

အော်စလို၏ တက္ကသိုလ်နှင့် စာကြည့်တိုက်များ..အနုပညာရင်ပြင်များတွင် သူလှည့်လှည်ဖြစ်သည်။
ပြည်သူ့ဆန္ဒထုတ်ဖော်ရာ ပါလီမန်ရှေ့တွင် နာရီပေါင်းများစွာ သူထိုင်ဖြစ်ခဲ့သည်။ ဆန္ဒပြသူများကို လက်နက်မကိုင်သောပြည်သူ့ရဲများက ဆန့်ကျင်ဘက်အင်အားစုတို့မနှောက်ယှက်နိုင်အောင် စောင့်ရှောက်ပေးသတဲ့..။
နာရီပိုင်းငြိမ်သက်စွာ ရပ်နေသော မြင်းစီးရဲမေနှင့် ကမ္ဘာလှည့်ခရီးသည်တို့ တွဲကာ ဓါတ်ပုံရိုက်နေကြသည်။

အော်စလိုတွင် အပြုံးစက်ရုံများ နေရာအနှံ့ တည်ဆောက်ထားဟန်ပင် လူတိုင်း၏ နှုတ်ခမ်းဖျားဆီမှ အပြုံးများကို အလွယ်တကူ ထွန်းညှိသွားနိုင်သည်။ သူ့ မြန်မာမိတ်ဆွေက ''အရှင်ဘုရားရယ် ဒီမှာက ကြည့်လေရာရာ သက်မွန်မြင့်တွေချည်းပဲ..။ သက်မွန်မြင်တို့ကမှ ကြော်ငြာရိုက်မှ ပြုံးကြတာဘုရာ့" တဲ့..။ အကူအညီလိုအပ်၍ တစ်ယောက်ယောက်ကို ဟလို လုပ်လိုက်လျင် ပြုံးလက်စထက် ပိုမိုတောက်ပသွားတတ်ကာ စိတ်လိုလက်ရ ကူညီတတ်ကြသည့် စကင်ဒီနေဗီယန်းစိတ်ဓါတ်များကို ဘယ်လိုများ ပြုစုပျိုးထောင်ခဲ့ပါလိမ့်..။ လူသတ်သမားကြီးဘရီဗစ်ခ် (Anders Behring Breivik)ကိုပင် ခွင့်လွှတ်နိုင်စွမ်းသော စိတ်ကို
ဘယ်လိုများ ပေါင်းသင်ခဲ့ပါလိမ့်...။

ရခိုင်အမျိုးသမီလေးမသီတာထွေးနှင့် ဥတိုယ (Utøya) ကျွန်းလေးပေါ်က အော်စလိုအညွန့်အညှောက်များ၏ ဖြစ်ရပ်သည် အကြမ်းဖက်ခံရခြင်းတူညီကြသည်။ သို့သော် နောက်ဆက်တွဲ ဖြေရှင်းချဉ်းကပ်ပုံခြင်း မတူကြ...။
 ရွှေပြည်ကြီးက မသီတာထွေး၏ ပူဆွေးကျန်ရစ်သောမိသားစုအသိုက်အအုံလေးကို ရေလောင်းဖို့ထက်
 ကျူးလွန်သူများဘက်ကို အာဃာတဖြင့် ချွန်မြအဆိပ်ပြင်းသောမြားဦးကို လှည့်ချိန်သည်။ ကတ္တား(Subject)ကို မီးရှို့ကြ၏။
အော်စလိုသားတို့ကတော့ ရက်စက်လေသူကြီးထက်  ''ဘယ်လိုများ နာကျင်စွာ ကျန်ရစ်ခဲ့ကြမှာပါလိမ့် ''အတွေးဖြင့်  သောက၀န်ပိုး လေးလံသော ခံကြရလေသူများဆီ ပုဝါကမ်းပေးကြ၏။ 
မျက်ရည်သုတ်ပေးကြ၏။ ကံ (Object)ကို ရေသွန်းကြသည်။

အပြုံးများဖြင့် လင်းနေသော အော်စလိုသည် လျှပ်စစ်မီးလည်း မပျက်တတ်..။ ည ၁၁ နာရီထိုးသည်အထိ နေမ၀င်သော နော်ဝေသန်းကောင်ယံအလင်းအေးအေးလမ်းမများကို သူက လုံခြုံနွေးထွေးသော အခန်းပြတင်းဝမှ ကြည်နူးချမ်းမြစွာ ငေးနေခဲ့ပါသည်။
 နံနက် ၂ နာရီ အော်စလိုနေထွက်ချိန်မှာတော့ သူက ငိုက်မြည်းနေခဲ့ပြီ။

သူ့အတွက် နော်ဝေသားတို့၏ အမှတ်တရအောက်မေ့ဖွယ် စိတ်အခင်းအကျင်းတစ်ခုကိုတော့ နိုဘယ်ငြိမ်းချမ်းရေးဆုချီးမြှင့်ပေးအပ်ရာ အော်စလိုမြို့တော်ခန်းမတံခါးဝတွင်
မြတ်နိုးစွာ ထုပ်ပိုးသိမ်းဆည်းခွင့်ရခဲ့သည်။ ဤအခမ်းအနားကြီးကို တက်ရောက်လိုသူတို့အနေဖြင့် တစ်လကြိုတင်အမည်စာရင်းကြိုတင်ပေးအပ်ရသည်။ သို့ဆိုတော့ မနေ့တစ်နေ့ကမှ ရောက်လာသော သူ့အတွက် တက်ရောက်ခွင့်ရဖို့ မလွယ်ကူကြောင်း ကြိုတင်သိနေခဲ့ပါသည်။ ဒါက ရွှေပြည်ကြီးရဲ့  ကြိုးနီကြိုးပြာစနစ်တွေနဲ့ အသားကျနေတဲ့ အတွေးတစ်ခုပါပဲ။

မြို့တော်ခန်းမအပြင်ဘက်ရှိ အစီအစဉ်တိုက်ရိုက်ကြည့်ရှုနိုင်မည့် ပိတ်ကားကြီးရှေ့တွင် သူ ရပ်ငေးနေခဲ့သည်။
ထိုအချိန်မှာပင် ဒိန်းမတ်သူ အမျိုးသမီးတစ်ဦးက နှုတ်ဆက်လာခဲ့သည်။ သူမ လက်ထဲမှာ တီတာခွန်းဖွဲ့တတ်သော အရွယ် ချစ်စဖွယ် သမီးငယ်လေးကိုပွေ့လို့...။
ဒီပွဲတက်ဖို့ လာတာလား...။
မနေ့ကမှ ရောက်တာမို့ တက်ခွင့်မရတော့ဘူး...။
သွားပြောကြမယ်လေ...။ အစီအစဉ်မှ မစသေးတာ...။ ကိုယ့်မှာ ပြောခွင့်ရှိနေတာပဲ..။
အို မလုပ်ပါနဲ့ ..အလုပ်မများစေချင်ပါဘူး...ရမယ်လည်း မထင်ပါဘူး..။
ရတာ မရတာက သူတို့ တာဝန်ပါ...။ ကိုယ့်တာဝန်က ပြောရမယ်လေ...။

သို့နှင့် ကလေးငယ်လေးပွေ့ထားသော ဒိန်းမတ်မိခင်နောက်သို့  သူ လိုက်သွားရသည်။
ဂိတ်တံခါးကို စောင့်သော ၀န်ထမ်းငယ်သည် ပြုံးချိုနေသည်။
ကူညီပါရစေ ခင်ဗျာ...။
ထိုဝန်ထမ်း၏ ကူညီပါရစေက အစစ်ဖြစ်သည်။
ကျွန်တော်က အခွင့်အာဏာမရှိပါဘူး ။ ဒါပေမယ့် ကျွန်တော့်အထက်က အရာရှိကို ပြောပေးပါ့မယ်.။ လိုက်ခဲ့ပါ..။

ဒုတိယအရာရှိကလည်း အပြုံးချိုမြစွာ
ကူညီပါရစေ ခင်ဗျာ..။
ကျွန်တော်က အခွင့်အာဏာမရှိပါဘူး ။ ဒါပေမယ့် ကျွန်တော့်အထက်က အရာရှိကို ပြောပေးပါ့မယ်.။ လိုက်ခဲ့ပါ..။

ကူညီပါရစေ..လေးကြိမ်မြောက်သွားသောအခါ သူသည် အော်စလိုမြို့တော် ညီမူရာခန်းမကြီး၏ နောက်ဆုံးတန်းက
အရေးပေါ်ချန်ထားသော ထိုင်ခုံအလွတ်တစ်ခုတွင် အခန့်သားထိုင်မိလျက်သားဖြစ်နေခဲ့ပြီ။
အရှင်ဘုရားကတော့ မြို့တော်ခန်းမအပြင်ဘက်မှာ နေခဲ့တော့ ဟု စိတ်မကောင်းစွာ ချန်ထားခဲ့သော သူ့မိတ်ဆွေဒကာသည်
သူ့ကို မြင်သည်နှင့် အံ့သြ၀မ်းသာစွာ ပြေးလာသည်။
ကဲ အဲဒါသာ ကြည့်တော့ အရှင်ဘုရားရေ...
တပည်တော်တို့ဆီမှာသာ ဆိုရင် အပေါက်ဝမှ မောင်းထုတ်ခံရမှာပေါ့ တဲ့..။

အခမ်းအနားမစသေး...။ ကျောက်သားနံရံများပေါ်က ပန်းချီကားကြီးများက စိုလက်တောက်ပလွန်းလှသည်။
သူ ခန်းမထဲ လျှောက်ကြည့်မိစဉ် ရိုးရှင်းသောအဖြူရောင်ကုတ်အကျီဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးဝင်လာသည်။
မြင်ဖူးသလိုပဲ...။
ငါက မြန်မာပြည်ကပါ...။
အိုး သိပ်သိတာပေါ့..။
သူ့အသွင်အပြင်ကို ရင်းနှီးကျွမ်းဝင်စွာ တုံ့ပြန်သည်။ ကင်မရာမီးပွင့်များ လက်သွား၏။
ရဟန်းနှင့် ဟောလီဝုဒ်မင်းသမီးမီရှဲယို ဟူသောခေါင်းစဉ်တစ်ခု ထပ်တိုးလာဖို့အထိတော့ အဖြစ်အပျက်က မကြာညောင်း..။
ထိုအချိန်မှာပင် ခေါင်းလောင်းထိုးသံများ ကြားရလေတော့သည်..။


ဓမ္မဂင်္ဂါ
(၁၈-၇-၂၀၁၃)

1 comment:

ကိုနော said...

ကြွလည်း ကြွနိုင်ကြပါပေ၏...။