ငယ်ငယ်က အလင်္ကာကျမ်းကို သင်ရတဲ့အခါ ဒေါသက လွတ်မြောက်ပြီး ဂုဏ်မြောက်တဲ့ အဖွဲ့အနွဲ့မျိုးတွေကို ကျက်မှတ်ခဲ့ရတယ်။ အလင်္ကာကျမ်းကို ပို့ချတဲ့ ဆရာက မဃဒေ၀လင်္ကာကျမ်းကြီးရဲ့ ခက်ဆစ်အဖြေကျမ်းကြီးးကို ပြုစုပြီး လွန်သွားရှာဖြစ်တဲ့ အရှင်ဇ၀န(မြစေတီ)ပါ။။
ဒီရက်ပိုင်းမှာ ကဗျာဆရာကောင်းကင်ကိုရဲ့ ကဗျာတစ်ပုဒ်ကို ဖတ်ပြီး ဆရာအရှင်ကို သတိရမိပါတယ်။ ဂါမ္မဒေါသကလွတ်မြောက်အောင် ဖွဲ့ထားတဲ့ တွင်းသင်းမင်းကြီး ဦးထွန်းညိုရဲ့ မုဒုလက္ခဏပျို့ထဲက စာသားလေး အချို့ကို သတိရမိသေးတော့..။
အကြောင်းအရာ ကြမ်းကြမ်းကို ချမ်းချမ်းမြမြ လှအောင် ဖွဲ့လည်း ဖွဲ့တတ်ပါပေ့..။ အလင်္ကာကျော်စွာ ရွှေမန်းတင်မောင်ကြီးကတော့ '' မုဒုလက္ခဏ'' သီးချင်းမှာ ဘုရားအလောင်းရသေ့ကြီးက မုဒုလက္ခဏမိဖုရားကြီးရဲ့ '' ခြေသလုံးပေါ်တာ ကြည့်ခါမျှဖြင့် ၀ိသဘာဂကြောင့် ဈာန်လျှောကျလေသည်'' တဲ့..။ တွင်းသင်းမင်းကြီးကတော့ အဲလောက်လေးနဲ့တော့ ဘုရားအလောင်းအရင့်အမာ ရသေ့ကြီး ဈာန်လျှောလောက်ပါဘူးတဲ့..။
ဖတ်ကြည့်ပါဦး၊
စိမ်းညိုလွင်ညို့ ၊ ၀ါးပင်ပျိုတို့၊
စီးယိုထွက်လျှမ်း၊ မြစ်ငယ်ကမ်းသို့၊
ဖုံးလွှမ်းသောယောင်၊ ယှက်မြှောင်မွှေးညှင်း၊
ရစ်ကာကွင်းလျက်၊ဆင်ဦးကင်းထွတ်၊
ပုံတူခတ်သား၊ ရဟဿင်္ဂ၊
သမန်းစဖြင့်၊ ရှလေသောဟန်၊
နှိုင်းရန်တယှိ၊ သူ့သတ္တိလည်း၊
ထွန်းညှိလျှံဝါ၊ ရှုဖွယ်သားတည်။
(တွင်းသင်းမင်းကြီးဦးထွန်းညို၊ မုဒုလက္ခဏပျို့၊)
ခေတ်ပြိုင်ကဗျာဆရာ ကောင်းကင်ကိုကလည်း ဒီလိုလေး ဖွဲ့ခဲ့ပြန်သပေါ့..။
ခေါင်းစဉ်က '' ဘာမျူဒါ'' ဆိုပဲ..။
ဘာမျူဒါ
နှုတ်ခမ်းကြွက်သားလေးတွေ အက၊
'ပန်း'ဆက်တံခါးလေး အဟမှာ
အလွန်ဆုံးကျယ်လှ တလက်မ ပေါ့။
ဒါပေမယ့်
နှင်းဆီနဲ့ တူတဲ့ အပေါက်
ပုရိသတွေ ပြုတ်ပြုတ်ကျတတ်တဲ့ ချောက်ဟာ
စူပါမင်းတစ်ယောက်ကိုတောင်
ခြေထောက်ဆွဲထားနိုင်တယ်။
ကောင်းကင်ကို
ဗုဒ္ဓအရှင်ကိုယ်တိုင်လည်း သတ္တ၀ါအနန္တရဲ့ အကျိုးစီးပွားအတွက် မုဒုလက္ခဏလို ဇာတ်လမ်းမျိုးတွေ ဟောပြတော်မူခဲ့ရရှာပေသကိုး..။ တစ်ခါတစ်ခါမှာတော့ စန္ဒကိန္နရီလို လွမ်းမောဖွယ်ရာ ဇာတ်ကွက်တွေကိုမိတ်ဆက်တော်မူရရှာသေး..။ လောကဟိတ လောကသုခဖြစ်မယ်ဆိုရင် နှိုက်နှိုက်ချွတ်ချွတ်
ဟောပြတော်မူရရှာတဲ့ ဗုဒ္ဓအရှင်ရဲ့ မဟာကရုဏာတော်ကို ကြည်ညိုတတ်ကြဖို့ အရှင်ဇနကာဘိဝံသကလည်း လမ်းညွှန်တော်မူခဲ့ပါသေးတယ်..။ ၀ိနည်းပိဋကတ်ကြီးရဲ့ ပထမဆုံးစာမျက်နှာတွေဟာ ဖိုမကိစ္စခန္ဓာဗေဒတွေနဲ့ ပြည့်နေလေတော့ စာသင်သားသံဃာအများစုက ပြုံးချင်သလို ရယ်ချင်သလို ဖြစ်နေတတ်တာကိုး..။
ဓမ္မဂင်္ဂါ

2 comments:
အဲဒီကဗျာလေး ကောင်းကင်ကိုစီမှာ ဖတ်ဖူးတာကြာပါပြီးဘုရာ့။ တော်တော်သဘောကျမိပါတယ်ဘုရား။ ကောင်းတော့လည်း ညစ်သလိုလိုထင်တဲ့ဟာလေးက လှတယ်။
တခါတခါတော့လည်း သဘာဝတရားကို ရှက်နေကြပြန်ရော၊ သဘာဝမကျတာတွေတော့ ရှက်ကြဘူးနော်...။
စံပယ်ပန်းပဲ ပန်တော့မယ် :)
Post a Comment