16 August, 2010

ကိုယ်တိုင်ကြွားအတ္ထုပ္ပတ္တိ(၈)

(၁)
What is in a name?
That which we call a rose,
By any other name would smell as sweet.
အမည်သညာ ဘာအရေးပါလိမ့်။
နှင်းဆီကို ဘယ်မည်ပေးတော့ မွှေးမပျက်ပါ။

ဤမည်သော အရိပ်အမြွက်စကားကို ရှိတ်စပီးယားဆိုသူ ကဗျာက၀ိက အဆိုရှိခဲ့ဖူးလေသတတ်။ နှင်းဆီကို ဘယ်လိုအမည်ပေးပေး သဘာဝရနံ့ကတော့ မွှေးမြဲမွှေးနေမည်သာတဲ့။ အော် ကောင်းလင့်တေးပါတည်း။ သို့သော် “ပညတ်သွားရာ ဓါတ်သက်ပါ” ဟူသော ရှေးမြန်မာဆိုးရိုးကြီးကလည်း ဒဲ့ဒိုးကြီးပင် ရှိပေသေးသည် တကား။ လူသတ္တ၀ါဟု ဒုလ္လဘအမှုလေးကို ဖက်တွယ်ရခိုက်တွင် ကိုယ်ပိုင်အမည်သညာ ပရိုပါနိမ်းမ်(Proper name)လေးကိုတော့ ခပ်ဟိန်းဟိန်းရှိစေချင်ကြသည်မှာ လူ့တိုင်းလူ့ရွာ ဓမ္မတာသဘောပေမို့ စောကြော ဖွယ်မရှိလေပြီတည့်။

အမည် သညာ၊ ဝေါဟာသမုတ်၊ သရုပ်ပညတ် အရပ်ရပ်သော နယ်ပယ်တွင် လူလည်း လူမို့၊ နတ်လည်း နတ်မို့၊ ဗြဟ္မာလည်း ဗြဟ္မာမို့၊ လူအမျိုးမျိုး နတ်အမျိုးမျိုး ဗြဟ္မာအမျိုးမျိုး ဘုရားရှိခိုးလည်း အမျိုးမျိုးဖြစ်ခဲ့ကြရပေပြီမှာ မငြင်းသာဖွယ်ပင်။ အမည်သညာ ခေါ်စရာကိုပင် ကမ္ဗည်းအထူးတင်မှ (၀ါ) ရိုးရိုးကိုယ်တော်ထက် ဘွဲ့တစ်မျိုးပြီး တစ်မျိုးကိုယ်တော်အသွင် လူတွင်ကျယ်ရာကျကာမှ ဘုရားဒကာ ကျောင်းအမတို့ သောင်းသောင်းဖျဖျ ၀န်းရံခဲ့ကြလေမြဲပေတည်း။

ထေရ၀ါဒဟု ခန့်ခန့်ထည်ထည် ဖွယ်ဖွယ်ရာရာ ကမ္ဘာ့စာမျက်နှာတွင် ဓမ္မက မြင့်မြတ်သဖြင့် ချဉ်းကပ်လာ သမျှအပေါ် ကျော်ကျော်လွှားလွှား ဇော်ကစားခဲ့ဖူးသော်လည်း ဘုရားရှိခိုးမညီ၊ တရားဟော မညီ ၊အယူအဆ သီသီလေး လွဲလေသည်များလည်း ဂိုဏ်းဂဏကွဲပြားရှိနေခဲ့ပါသတတ်။


(၂)

ယခု သူကြုံတွေ့နေရသော အခက်အခဲကား ဓမ္မဂင်္ဂါနိုင်ငံတကာအထူးတရားပွဲ ဓမ္မသဘင်တွင် စင်တင်ရမည့် တရားခေါင်းစဉ် အမည်သညာ ဖွေရှာစဉ်းစားနေရခြင်းပင် ဖြစ်တော့သည်။ တရားသဘင်မဏ္ဍပ်ဆီသို့ လျှောက်နေဆဲလမ်းပေါ် ရွှေထီးတော်မိုး ငွေထီးတော်မိုးတို့ ခြံရံကာ ရာသီဥတုသာယာလှသော်လည်း စိတ်အစဉ်သန္တတိမှ ချွေးပြိုက်ပြိုက်ပင် ကျရရှာတော့သည်။

တရားခေါင်းစဉ်လေးက နုရပေမည်။ လှရပေမည်၊ သစ်ရပေမည်၊ ဆန်းရပေမည်၊ ထင်းရပေမည်၊ လင်းရ ပေမည်။ ပွင့်လင်းမြင်သာ ရှိရပေလိမ့်မည်။ နောက်ဆုံးအဆင့် မဟာအထူးတရားပွဲကြီးတွင် ဓမ္မကထိက အကျော်အမော်၏ ကရုဏာတော်ကို ဘွဲ့အမည်နာမအခေါ်အဝေါ်နှင့် တကွ စွဲလမ်းနှစ်ခြိုက် ဓမ္မစဉ်အတိုင်း လိုက်အောင် ဆွဲဆောင်နိုင်ရပေမည်တည့်။

အော် ကြုံလျှင် ကြုံသလို တရားခေါင်းစဉ်မပါ ဒါန သီလ ဘာဝနာ ကထာမျိုးမျိုးကို ခပ်ရိုးရိုးသာ ဟောခဲ့လေ ဖူးသော သူ့အတွက် အခက်ကြုံကာ စိတ်မလုံသာအောင် ဖြစ်ရလေပြီတည့်။


သာသနာတော်တွင် နေတစ်ဆူလတစ်မင်း ထွန်းလင်းတောက်ပတော်မူခဲ့ကြသည့် ကုန်ဘောင်ခေတ် ဓမ္မကထိကသင်္ဂဇာဆရာတော်၊ ကိုလိုနီခေတ်ဓမ္မကထိကအကျော် လယ်တီဆရာတော်ဘုရားမှသည် စစ်ကြိုခေတ် စစ်ပြီးခေတ် ယတ်လှဲ ယတ်ထောင် ကိုယ်ရောင်ကိုယ်ဝါတောက်ပကြပေသော ဓမ္မကထိက အဆူဆူနှင့်တကွ ပရိယတ် ပဋိပတ်အကျော် မဟာစည်ဆရာတော်၊ မိုးကုတ်ဆရာတော်၊ မင်းကွန်း ဆရာတော် စသော ဓမ္မကထိကမဟာများ၏ သုတ္တန်တရား၊ ၀ိပဿနာတရား၊ ဟောစဉ် တရားဟူသော ခေါင်းစဉ်တို့ကား ရိုးစင်းလှပေ၏။ ယနေ့မျက်မှောက်ခေတ်၏ ဓမ္မကထိက ထိတ်ခေါင်တင် သီတဂူဆရာတော်ဘုရား၏ ခေါင်းစဉ် တရားများပင် ခေတ်အဖျားလေးကို ထိမိရုံမျှသာ သစ်လွင်ဟန်ရှိပေ တော့သည်တကား။

ယုတ်စွအဆုံး ယခင်ပါလီမန်ဒီမိုကရေစီခေတ်အခါဆီက စာရေးဆရာ သိန်းဖေမြင့်ကြီးကိုယ်တိုင် တီထွင်ဖန်တီး လက်ကတီး ချွေးကျအောင် စဉ်းစားထားလေသည့် တက်ဘုန်းကြီးလေး ရှင်သုဓဇ၏ “လာပါ လာပါ မကြည်ရဲ့” ဟူသော ခေတ်အမီဆုံး တရားခေါင်းစီးသည်ပင် ခပ်အအ ခပ်ချာချာ ပေါ်ပြူလာဖြစ်ရန် ကံကြမ္မာနည်းပါး လှတော့သည်တည်း။


(၃)
ယနေ့ခေတ်သည်ကား သဘာဝသယံဇာတနှင့် ငွေးအရင်းအမြစ်တို့ထက် ပိုလွန်သော လူပင်လူရင်း ဟူးမင်းရီ ဇော့စ်(Human Resource ) ဟစ်ဟော့ဂီတအသစ် အော်တာနေလ်တစ်ဗ်ပွင့်လင်းသော နယူးဂျင်နရေး ရှင်း(New Generation) တို့ကို အရေးထားကာ တလေးတစားပျိုးထောင်ရပေတော့မည့် ဂလိုဘယ်လ် လိုက်ဇေးရှင်းသမယကြီးပေတကား။ သူကဲ့သို့သော ဓမ္မကထိကလက်သစ်ကလေးတို့အနေဖြင့် ပါရာဒိုင်း အရွေ့( paradigm Shift) ကြီးထဲသို့ ဖြောင့်ဖြောင့်ကြီးကွေ့ဝင်နိုင်မှသာ ရာစုသစ်လိုအပ်ချက်ကို ဖြည့်ဆည်း ပေးဆပ်ရာရောက်ပေခြိမ့်မည်။

တရားခေါင်းစဉ်အမည်ကား တွေးလေခက်လေပါပေတည်း၊ အကန့်အသတ်ခံရသော ဝေဒနာက္ခန္ဓာကြီးကိုသာ အခါခါပွတ်သပ်မိရချေပြီ။ ထိုအခါမှပင် သူ့အားနည်းချက်၊ သူ့အတွေးအခေါ်၊ သူလမ်းချော်ခဲ့သည်များကို မြော်ခေါ်စဉ်းစား စိတ်အားငယ်ရတော့သည်။ ဓမ္မကထိကဖြစ်ရေး ဘာကြောင့်များမတွေးခဲ့မိပါလိမ့်။ တရံတခါ ဆီက နာကြားခဲ့ရဖူးသည့် ကြာနီကန်ဆရာတော်၏ ဦးတိဿလိုပင် စာသင် စာတက် စာချ ဤမျှဖြင့် သာသ နာပြု လုံလောက်ခဲ့သည်ဟု သူယူဆခဲ့ချေသည်။ ယခုတော့ ဤသို့မဟုတ်ချေပြီ။

ရှေးယခင်ဆီက ဓမ္မကထိကတစ်ပါးဖြစ်လာရန်မှာ ပရိယတ်စာပေများကို တတ်ပွန်အောင်သင်ရသည်။ နှစ်ရှည်လများ ပရိယတ်သာသနာကို စောင့်ရှောက်သည့်အနေဖြင့် တတ်ပွန်ပြီးသောစာပေများကို ပို့ချရချေ သည်။ ထိုမှ တစ်ဖန် ပဋိပတ်လုပ်ငန်းခွင်ထဲ ဇွဲသန် ကံထည့် ဉာဏ်ဖြင့်ချဲ့ကာ အားထုတ်ရမြဲဖြစ်လေသည်။ ပါရမီပြည့်ဝ ဓမ္မအသိပြည့်စုံ ပရိယတ် ပဋိပတ်လွှမ်းခြုံသောကာလတွင်မှ ဓမ္မကထိကကျင့်ဝတ်ကို ဖြည့်စွန့် တော်မူကြသည်ဟု မှတ်သားရဖူးလေသည်။

သို့သော် ရှေးရှေးသော ဆရာတော်တို့ကား စာပေပို့ချခြင်းကိုသာ စွဲမြဲစွာ အားထုတ်၍ ဓမ္မကထိက အလေ့ကို ကြုံကြိုက်မှ မွေ့တော်မူကြသည်က များပေသတတ်။ လယ်တီဆရာတော်ကြီးပင်လျင် ပိဋကတ္တယ ပါရဂူ ဓမ္မဝေဒဂူ ၀ှန်ဆူကျော်မည် ဒီပနီကျမ်းပြုကြီးဖြစ်လင့်ကစား တရားဟောရန် စိတ်သန်တော်မူသည်မှာ အရွယ် တော်နှောင်းမှဟု သိရပေသည်။

ဗြိတိသျှကုလားဖြူမင်းတို့ အုပ်ချုပ်စဉ် ထိုခေတ်ထိုအခါ ရောဂါပုလိပ် နှိပ်စက်ထူပြော တဖျောဖျော သေကြသည့် ပရိသတ်ဗိုလ်လူတို့ကို သနားကြင်နာ တော်မူရင်း ပရိတ်မေတ္တာသွင်းရာမှ ဓမ္မကထိက ဖြစ်မှန်း မသိဖြစ် လာရပေသတတ်။ ဤသည်ကိုပင်လျင် ပခုက္ကူမှ စာချအကျော် ဆရာတော်ကြီး တစ်ပါးက “ယခင်က လယ်တီဆရာတော်တို့ စာပေပို့ချနေတယ်ဆိုလို့ သြဒိဿမေတ္တာ( ရည်စူးမေတ္တာ) ပို့နေကျဗျ။ ခု တရားဟောပြီဆိုတော့ သဗ္ဗေသတ္တာ ထဲ ထည့်လိုက်ပြီ” တဲ့။


(၄)

မည်သို့ဖြစ်စေ သူကား ပခုက္ကူဆရာတော်ကြီး၏ မေတ္တာပို့ထဲမှ “ သဗ္ဗေ သတ္တာ” တွင် ပါဝင်တော့မည် သေချာလှသော်လည်း မငြင်းကွယ်သာသော တရားဟောပလ္လင်တော်ကား နီးလာချေပြီ။ တရား အမည်သညာကား မရွေးရချေသေး။ ခေတ်ကာလအလျောက် ပေါက်မြောက်ပေါ်လွင်လှပေသော ဘက်ဆဲလား ဓမ္မကထိကဆရာတော်လေးများကိုသာ အားကျမိရတော့သည်။

ထိုထိုဆရာတော်လေးများသည်ကား တရားအသိအမြင် ကျယ်ပြောလှပေစွ။ ခေတ်စာမျက်နှာကို ကျေပွန် အောင် ဖတ်တတ်၊ ဘာသာပြန်တတ်ပါပေစွ။ လူငယ်လေးများကို ဘာသာတရား၏ ဂိတ်တံခါးသို့ စိတ်မများ ရအောင် ဆွဲခေါ်တတ်ပါပေစွ။ လူငယ်တို့၏ ရင်ခုန်သံသည်ကား ရိုမန္တိကတို့ဖြင့် ပဲ့တင်ထပ် နေသည်ကို ထိုထိုဓမ္မကထိက အားကျဖွယ်အရှင်မြတ်လေးတို့ သိတော်မူကြလေသည်တကား။

ရိုမန္တိက၏ အဿာဒ(သာယာဖွယ်)ကို ရှုမြင်လိုသော လူငယ်များအတွက် “ အကောင်းကံချစ်မှ အချစ်ကံ ကောင်းမယ်” ဟူသော တရားဖြင့် ထိန်းသိမ်းဆုံးမတော်မူကြ၏။ ရိုမန္တိက၏ အာဒီန၀ (စက်ဆုတ်ဖွယ်) အပိုင်း ကိုမူ “ အချစ်ကံခေပေမယ့် အနှစ်ကျန်စေရမယ်“ ဟု၍လည်း သတိပေး တရားပြနိုင်ကြပေ၏။ ရိုမန္တိက၏ နိဿရဏ(လွတ်မြောက်မှု)ပိုင်းကိုမူကား “ အချစ်နှင့် ၀ိပဿနာ” ဖြင့် လမ်းညွှန်တော် မူကြလေ သည်တကား။

ဓမ္မကထိကအကျော်ဆရာတော်လေးတစ်ပါးကမူ “ဆုတောင်းမှားခဲ့လေသလား” ဟူသော တရားဖြင့် သံဝေဂ စကားဆိုတော်မူလေသေးသည်။ ထို့ထက်အလွန် ရုတ်ရုတ်သဲသဲ ခပ်ကဲကဲ ပို့မော်ဒန်လွန် အခါသမယကြီးနှင့် လိုက်ဖက်လှစွာပင် “အရှုပ်ထဲမှာ ရှင်းအော်နေ” ဟူ ခပ်စပ်စပ် ခပ်ထိထိ မိအောင်လည်း မိန့်မြွက် တော်မူနိုင်ကြပေသေး၏။ အော် ကောင်းလေစွ။ အားကျမိလေစွ။ တရားအမည်တော် ရွေးချယ်ရာတွင် ဇော်ကြ မော်ကြပါပေစွ။ သို့ကြောင့်လည်း ကျော်ကြလေသည်ထင့်။


သူကား သူ့ရွာသူ ရွာသား ဆွေတော်ရှစ်သောင်း မျိုးတော်ပေါင်းတို့ကို မည်သည့်တရားခေါင်းစဉ်ဖြင့် ဟောပြရ ပါ့။ “နှင်ဆီပန်းကို ဘယ်နာမည်ပေးပေး မွှေးမြဲမွှေး” ဆိုသော်လည်း သူဟောကြားရမည့် တရားကိုတော့ နာမည် တစ်ခု ပေးရပေလိမ့်မည်။

ထိုအချိန်မှာပင် “နိုင်ငံတကာ (၇)ဘွဲ့ရဆရာတော်ဘုရား နိဗ္ဗာန် ရောက်ကြောင်း တရားကောင်းများ ဟောကြားတော်မူရန် ဓမ္မာသနပလ္လင်တော်သို့ ကြွချီတော်မူလာပါပြီ။ တရားချစ်ခင် သူတော်စင်အပေါင်းတို့ ခင်ဗျား၊ ဆရာတော်ဘုရား ချမ်းသာစွာ ကြွချီတော်မူနိုင်ရန် မင်းလမ်းမကို ဖွင့်ကာ ပူဇော်ဖူးမျှော်ကြပါစို့ခင်ဗျား” ဟူသော နိဗ္ဗာန်ဆော် ဖိုးလေးမြ၏ အသံစွာစွာကြီးကို ကြားရ လေတော့သည်။


အော် ဟုတ်ပေသား။ နိဗ္ဗာန်ရောက်ကြောင်းတရား တဲ့။

(မရေးဖြစ်တော့သော ကိုယ်တိုင်ကြွားအတ္ထုပ္ပတ္တိကို စီနီယာမိတ်ဆွေရဟန်းတော်များ၏ သြ၀ါဒအရ ပြန်လည်တို့ ထိပါသည်။ဆက်လက်ရေးပါမည်။)

ဓမ္မဂင်္ဂါ

2 comments:

kopain said...

ဆရာတော် သက်တော်ရာကျော်ရှည်ပါစေ...၊ ကိုယ်ဆင်းရဲ ကင်းပါစေ...၊ စိတ်ဆင်းရဲ ကင်းပါစေ...၊ ကျမ်းကျမ်းမာမာ ချမ်းချမ်းသာသာဖြင့် ခန္ဓာ့ဝန်ကို သာသနာ့ တာဝန်ကို လွယ်ကူစွာ ဆောင်ရွက်နိုင်ပါစေ...။

Myint Ko said...

မော်ဒန် မဲလုံး

ငါ ဘယ်သူတုံးလို့ မမေးနဲ့
မစိုးရိမ်ရဲ့ ရာဇ၀င်
အမှတ်ထင်ထင်ရှိမဲ့
လူနည်းစုတွေထဲက
အညတရရုပ်ပုံလွှာမှာတောင်
(ဘယ်တော့မှ )
ငါ မပါနှိုင်ပါဘူး။

မင့်ကဗျာကို ငါကြိုက်တော့
မင့်လက်ရာ မမိုက်သေးဘူးလို့
မင်းကိုမင်း ဆုံးဖြတ်
သုံးသပ်ခဲ့တာ
မင်း
မေ့လောက်ပါပြီ။