17 August, 2010

တိဗက်စကားနဲ့ ငါတို့ဓလေ့


တိဗက်အက္ခရာများ

တိဗက်တက္ကသိုလ်ရဲ့ ကျောင်းဖွင့်ချိန်ဟာ အရှိန်ရလာသလို သူ့ရဲ့ ပါဠိသင်တန်းဟာ တဖြည်းဖြည်းနက်လာပါ တယ်။ အမေးအမြန်းထူတဲ့ ကျောင်းသားလေးတွေကြောင့်လည်း သင်တန်းက အသက်ဝင်ပါတယ်။ သင်တန်းကာလတစ်လအတွင်းမှာပဲ ပါဠိဝါကျတွေ ဖြောင့်ဖြောင့်တန်းတန်းရေးနိုင်လာကြတာ အားရစရာပါ။ “ဆရာက စာသင်၊ ငါတို့က အိပ်ချင်” ဆိုတဲ့ ၀ါကျမျိုးကို ကောင်းကောင်းပြောတတ်နေပါပြီ။ (အိမ်း အိမ်း ဖြစ်ရမယ်လေ။)

လောလောဆယ်ဆယ်သင်ရိုးစာအုပ်အနေနဲ့ သီဟိုဠ်ကျွန်းထုတ်စာအုပ်နှစ်အုပ်က အလုပ်ဖြစ်နေပါတယ်။ Pali Primer Lily de Silva, M.A, Ph.D နဲ့ Pali Made Easy by Venerable Balangoda Ananda Maitreya ဆိုတဲ့ “ပါဠိပရိုင်မာ”နဲ့ “အလွယ်သင်ပါဠိ” စာအုပ်တွေပါပဲ။ လေးလလောက်အချိန်ယူလိုက်ရင် ပါဠိ ပိဋကတ်တော်တွေကို အဘိဓာန်အကူအညီနဲ့ ဖတ်နိုင်လောက်အောင်ထိ တာဝန်ယူထားတဲ့ နည်းစနစ်တွေပါပဲ။

ခုဆို မွန်ဂိုကျောင်းသားတစ်ယောက်က ပိဋကတ်ကျမ်းစာဖတ်နေပါပြီ။ ဖတ်တာမှ မြန်မာအက္ခရာရေးကျမ်းစာကို ဖတ်တာပါ။“ထေရ၀ါဒပိဋကတ်ကျမ်းစာအပြည့်အစုံဖတ်ချင်တယ်ဆိုရင် မြန်မာအက္ခရာဖတ်တတ်ရမယ်” လို့ သြ၀ါဒပေးလိုက်မိတာ မောင်မင်းကြီးသားလေးက သင်ပေးပါဦး ဆိုလေတော့ မြန်မာအက္ခရာရေးထုံး သင်ပေးရ ပါသေးတယ်။ ခုတော့ ထော့နဲ့ထော့နဲ့ ဖတ်နေပါပြီ။ ပါဠိဘာသာအတွက် မြန်မာအက္ခရာက ဗျည်း(၃၃)လုံး သရ (၈)လုံးပဲ ရှိတာဆိုတော့ သင်ရတာအဆင်ပြေပါတယ်။ ခဏချင်း မြန်မာအက္ခရာတွေနဲ့ ကျွမ်းဝင်သွား ပါတယ်။ ရေးချတို့ ယပင်း ရရစ်တို့ကတော့ နည်းနည်းရှင်းရသပေါ့လေ။ ခါ-ဂါ-ငါ-ဒါ-ပါ-၀ါ လိုမျိုးလေးတွေပေါ့။

ဖြစ်ချင်တော့ ဒီရက်ပိုင်းအတွင်းမှာ တက္ကသိုလ်က ဆရာဆရာမတွေအတွက် ဖွင့်ပေးတဲ့ တိဗက် ဘာသာစကားသင်တန်းကို တက်ဖြစ်သွားပါတယ်။ တိဗက်အက္ခရာတွေ ရေးမိဖတ်မိမှ မြန်မာအက္ခရာ ရေးထုံးတွေနဲ့ တော်တော်လေးတူတာကို တွေ့ရတယ်။ ဒါပေမယ့် တိဗက်က ထောင့်ချိုး၊ မြန်မာက စက်ဝိုင်း။

ပြီးတော့ တိဗက်က အက္ခရာတွေ လျှော့ထားတာတွေ့ရတယ်။ ဗျည်းက (၃၀)၊ သရက (၄)လုံး။ ကြည့်ပါ။
က ခ ဂ င
စ ဆ ဇ ည
တ ထ ဒ န( ဋ ၀ဂ်မပါ)
ပ ဖ ဗ မ
ယ ရ လ ဝ
သ ဟ အ
(ထူးတာက မြန်မာမှာ မရှိတဲ့ အသံတွေကို ကိုယ်စားပြုတဲ့ အက္ခရာအပို ၇ လုံးပါနေတယ်၊ ဖတ်ရတာလည်း ခက်ပါ့။)
သရကတော့ ဣ ဥ ဧ သြ ဆိုတဲ့ လေးလုံးပါ။

မြန်မာမှာ ယပင်း ရရစ်ရှိသလို တိဘက်မှာလည်း ရှိပါတယ်။ တိဘက်စာ သင်တာ ခုဆို သုံးရက်ရှိသွားပါပြီ။ အက္ခရာကလည်း မူလအက္ခရာ၊ ရှေ့ဆက်အက္ခရာ၊ နောက်ဆက်အက္ခရာ၊ အဆင့်အက္ခရာဆိုပြီး အမျိုးမျိုးရှိ လေတော့ သင်ပုန်းကြီးဖတ်စာကိုက တစ်ပတ်လောက်အချိန်ယူရမယ့်သဘောပါပဲ။ ဘာပဲဖြစ်ဖြစ် မွန်ဂိုကျောင်း သားကို မြန်မာအက္ခရာရေးထုံးရှင်းပြတဲ့အခါမှာတော့ တိဗက်အက္ခရာနဲ့နွှယ်ပြီး ပြောလို့ရသွား ပါတယ်။ မွန်ဂိုကျောင်းသားလေးက တိဗက်ဘာသာစကားလည်း ကျွမ်းကျင်သူမို့ သူက ဆရာ တင်ထား ရပြန်ပါတယ်။

စာသင်ခန်းထဲမှာ ကုလားဆရာ ဆရာမတွေချည်းမို့ သင်တန်းဆရာဖြစ်တဲ့ ပါမောက္ခတိဗက်လားမားကြီးက ဟိန္ဒီလို ပြောသင်ပါတယ်။ သူ့အတွက် ဘာသာစကားနှစ်ခုကို အလိုလိုသင်နေရသလိုပါပဲ။ လားမားကြီးသင်တာက နည်းနည်း၊ သင်တန်းသားဆရာဆရာမတွေ ပြောကြဆိုကြမေးကြမြန်းကြတာက ခပ်များများပါ။ ကုလားဆိုတဲ့ အမျိုးကလည်း စကားပြောသန် အငြင်းသန်တဲ့ အမျိုးပေမို့ သူ့အတွက် ဟိန္ဒီစကားနား ထောင်စွမ်းရည်ကတော့ လိုအပ် တာထက် ပိုနေပါသေးတယ်။ သင်တန်းသားက စုစုပေါင်းမှ (၇)ဦးတည်းပါ။ ဒါပေမယ့် လူမျိုးတော့ စုံပါတယ်။ ဘင်္ဂါလီ၊ရာဂျစတန်၊တမီးလ်၊ နီပေါလ်လူမျိုး ဆရာဆရာမ တွေပါပဲ၊လူမျိုးမတူကြပေမယ့် ဟိန္ဒီစကားကိုပဲ ပြောကြတာပါ။ သင်ရိုးညွှန်းတမ်းစာအုပ်က ဟိန္ဒီ၊ ရှင်းပြတာ ကလည်း ဟိန္ဒီမို့ သူ့အတွက် အနည်းငယ်ခက်ခဲပေမယ့် စိန်ခေါ်မှုတစ်ရပ်အဖြစ် အားထည့်ဖြစ် ပါတယ်။

တိဘက်စကားအချို့(သုံးရက်သင်ခန်းစာဗဟုသုတအလိုအရ)က မြန်မာစကားနဲ့ တူတာကို တွေ့လာရပါ တယ်။ ဥပမာ ငါ၊ လမ်း၊ မီး၊ ငါး(ဂဏန်း) ဆိုတဲ့ဝေါဟာရတွေက တိဗက်စကားနဲ့ အတူ တူဖြစ် နေတာကလား။ မနက်ခင်းမှာ စာသင်ခန်းထဲ ၀င်တော့ သူ တိဗက်စာသင်နေမှန်း သိကြတဲ့ တပည့်တွေက နှုတ်ဆက်ကြပါတယ်။
“ငါတို့ ဒလေ့”
သူ့နားထဲမှာတော့ “ငါတို့ ဓလေ့”လို့ ကြားလိုက်ရပါသကော။ “ဘာတုန်းဟ” ဆိုတော့ “ကောင်သောနံနက်ခင်း”ပါတဲ့။
အဲဒါနဲ့ သူက ဆက်မေးမိပြန်ပါတယ်။ “ငါတို့ ဓလေ့”က “ကောင်းသောနံနက်ခင်းပါ” ဆိုတော့ “နင်တို့ ဓလေ့” က ဘာတုန်းဆိုတော့ ”ကောင်းသော နေ့လည်ခင်းပါ”တဲ့၊ အေးရော။
(အမှန်တကယ်အသံထွက်က ”နင်ဂို့ ဒလေ့” ထင်ပါတယ်။)

ဓမ္မဂင်္ဂါ
၁၆-၀၈-၂၀၁၀

No comments: