29 August, 2014

ဒီပလိုမေစီကြောင်ဋီကာသစ်

ဒီပလိုမေစီကြောင်ဋီကာသစ် 
================== 
(၅)

နန်းတော်ကြီးတစ်ခုလုံး အေးခဲသွားလား မှတ်ထင်ရချေသည်။ 
ကဗျာရွတ်ဖတ်သံကား မရပ်..။ 

“အမ နှမ ၊သမီးကကို ၊ 
စ၍ ဆက်နှင်း၊ လက်ဆောင်သွင်း၍၊ 
စိုးမင်းချစ်မြတ်၊ ထိုအမတ်သည်၊ 
အတတ်မရှိ၊ သတ္တိကင်းကွာ၊
ဘုန်းကြီးလာမူ၊ ပြည်ရွာပျက်ကြောင်း တစ်ပါးတည်း..။ ဟု ရှိပါကြောင်းဘုရား”

ကဗျာက ဤမျှသာဖြစ်ချေသည်။ သို့သော်လည်း တိုတောင်းသည်နှင့်အမျှ ရှည်လျားရှုပ်ထွေးကျယ်ဝန်းလှသည့်အဓိပ္ဗါယ်တို့က မင်းတရား၏ နားစည်ထဲတွင်
ပူလောင်စွာ စီးဆင်းသွားခဲ့ပြီ..။
ရတနာပုံမင်းရင်ပြင်တွင် ချက်ချင်းသွေးစွန်းသွားစေနိုင်သော ထိုအာဂကဗျာကို ရွတ်ဖတ်နေသော ဘာမထီက၀ိသည်ကား အဂ္ဂမဟာသေနာပတိဝန့်ရှင်တော်၊မကွေးမြို့စားဝန်းကြီးမင်း မင်းသတိုးမင်းကြီးမင်းလှမဟာမင်းခေါင်သီဟသူ ဘွဲ့အမည်ရ ရွှေပြည်ဝန်ကြီးဟုကျော်ကြားပေသော ယောင်းအတွင်းဝန်ဦးဘိုးလှိုင်ပင်ဖြစ်လေသတည်း..။

ရွှေတွင်းငွေတွင်း ပယင်းဒုဌာ၊ လက်နက်စကြာသခင်၊ ဒိဗ္ဗစက္ခုမှန်ပြောင်းရှင် ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်သာမက အတွင်းပစ္စည်းဟိုသင်းဟိုဟာကိုပါ ပိုင်သပါသော ရေမြေ့သနင်း မင်းပဒေသရာဇ် ဧကရာဇ် အာဏာရှင်အစစ်တို့ ခေတ်ကြီးဝယ် အစိုးရအား လာဘ်ပေးမှုဟူသည် သမီးပေးခြင်း၊ အမ နှမနှင့် ကြီးဒေါ်လှလျင် ကြီးဒေါ်ပါပေးကြခြင်းပေတည်း။
သို့နှင့် မိန်းမလည်း ခိုက်၊ အမြှောက်တော်လည်း ကြိုက်သော မင်းတုန်းမင်းကြီး၏ ကက်ဘိနက်တွင် အမနှမ သမီးပြ၍ အမှုတော်ရကာ အခွင်းအလမ်းဝနေသော ၀န်ကြီး ၀န်ကလေး ၀န်သူဌေးမင်းတို့ ပေါများကာ တိုင်းပြည်၏ ကျောကို ချနေသောဓါးပြအုပ်စုကြီးပေါ်ခဲ့လေဟန်တည်း..။

သို့သော် ဘုရားလောင်းဇာနည်၊ မင်းမဟော်သွေးပီသသည့် ခိုင်ကြည်သောသတ္တိ၊မြတ်သောစိတ်ရှိသည့် ယောမင်းကြီးသည်ကား ထားလျင်လည်း နေ၊ သတ်လျင်လည်း သေ၊ အာဏာဓါးထက်ပေသည့် သီဟာသနပလ္လင်ဗွေ နန်းရင်မြေတွင် အထက်ပါအတိုင်း မကြောက်မရွံ့ ကဗျာရွတ်ကာ ဆန္ဒကို ထုတ်ဖော်လိုက်ခြင်းဖြစ်ပေ၏။
အခြားပညာရှိဆိုလျင်လည်း လျှောက်တင်ဝံ့မည်မထင်၊ အခြားဘုရင်ဆိုလည်း ထားလိမ့်မည်မဟုတ်..။

သည်မှာ ကြောင်လိုက်သည့်မြင်ကွင်း...။

“ ဟယ် ငဖိုးလှိုင် ဒီလှံတော်သည် ဘယ်သူ့ကို ဘယ်သူက ထိုးတဲ့လှံလဲဟဲ့..”
” မှန်ပါ အရှင့်ခမည်းတော်က ကျွန်တော်မျိုးဖခင်ကို ထိုးသည့်လှံပါဘုရား”
” နင်မကြောက်သလော”
” ထိုးတော်မူပါဘုရာ့..”
”အင်..”

ဘုရင်က လှံဖြင့် ရွယ်၏၊
ပညာရှိကား ရင်ကို ဖွင့်၏။
ဘုရင်မင်းမြတ်ကား လှံတော်ကိုင်ကာ အတွင်းတော်သို့ ၀င်သွားချေပြီ။
မိဖုရားမဟေသီ ဒေ၀ီမောင်းမ အခြွေအရံအလှခြောက်ဆယ်ဖြင့် မြနန်းစံကျော်
မိန်းမပျော်ကြီးဖြစ်၍ အရှက်တော်ရသော်လည်း ပဉ္စမသင်္ဂါယနာတင်၊သာသနာ့ဒါယကာတရားမင်းအရှင်တစ်ပါးပေမို့ အမျက်ဒေါသကို အနိုင်နိုင်ထိန်းတော်မူရလေဟန်တည့်။။

ကျန်ရစ်သော ၀န်မှူးမတ်တို့ကား ထိတ်ထိတ်ပြာပြာ လှုပ်လှုပ်ခတ်ခတ်...။
“ ၀န်ကြီးမင်းလည်း တင်းတင်းမာမာ ရဲပဲ ရဲလွန်းလှသဗျာ ” ဟု အောချရင်သပ်ကြ၏။

ဦးဘိုးလှိုင်၏ မှတ်ချက်ကို နားထောင်ကြည့်ပါလေဦး။
“ ကျွုန်ုပ်သည် လှံနှင့် ထိုးသတ်၍ သေရခြင်းကား မြတ်သည်။ နေရာတိုင်း မင်းလိုလိုက်၍ စီမံသော် မကောင်းမှုဖြစ်ပွားနေသည့်အတွက် သေသွားသောအခါ ရွှေပြည်ဝန်ကြီးသည် မင်းလိုလိုက် မင်းကြိုက်တင်သည့်အတွက် နိုင်ငံတော်ပျက်စီးခြင်း ဖြစ်ရလေသည် ဟု ဤနာမည်မျိုး ကျန်ရစ်ခဲ့ပါလေလျင် သေကျိုးမနပ်ဖြစ်မည်။ ထိုမကောင်းသော အပုပ်နံ့သည် တထောင်းထောင်းနှင့် လူအပေါင်းတို့ နှာခေါင်းရှုံ့ကြမည်ကို ကြောက်စရာကောင်းသည်။ မှူးမတ်ဆိုသည့်အတိုင်း အကြီးအမှူးဖြစ်၍ တည့်တည့်မတ်မတ်ဖြစ်အောင် စီမံခန့်ခွဲလျက် လျှောက်ခွင့်တင်ခွင့်ရှိက အသက်ကို စွန့်၍ ရဲရဲဝံ့ဝံ့ တင်ကြရမည်။ သို့မှ မှူးမတ်နှင့် တူမည် ”

ဘယ်လောက်များ ရဲလိုက်ပါသနည်း၊ ဘယ်လောက်များတည်လိုက်ပါသနည်း..။ ဘယ်လောက်များ ကြောင်လိုက်သနည်း..။
ထိုရဲရင့်တည်ကြည်ခြင်း၊ အများနှင့်မတူအောင် တမူထူးကဲကြောင်ခြင်း၏ ဆုလာဘ်အဖြစ် နောက်တစ်ရက်တွင်
အသက်မသေသော်လည်း ရာထူးမှ လျှောချ အနားပေးခံရလေသော ဟူ၏။

(၆)

မှော်ဘီဆရာသိန်းကြီးက မြန်မာ့လွှတ်တော်ဝန်ကြီး မှူးကြီးများ ဟူသော ဘုတ်အုပ်တွင်
ယောမင်းကြီး၏ ဂုဏ်ရည်ဆယ်ပါးကို ထုတ်ပြ၏။ သတ္တမမြောက်ဂုဏ်ရည်အဖြစ်
“(၇) တိုင်းရေးပြည်မှု စီရင်ခြင်း၊ စီရင်ဖွယ်ရှိသည်များကို ဖြောင့်ဖြောင့်ရိုးရိုး ကြိုးပမ်းထမ်းရွက်လေ့ရှိ၏။ ” ဟုဖော်ပြ၏။
အဌမနှင့် န၀မဂုဏ်များကိုလည်း “(၈) မင်းရေးမင်းခွင့် အတင်အလျှောက် စကားအပြောအဆိုတို့တွင်လည်း ရဲရင့်တည်ကြည် ကျွမ်းကျင်လိမ္မာ၏။ ”
(၉ ) သာသနာတော်အကျိုး အရှင့်အကျိုး ပြည်သူသတ္တ၀ါတို့၏ အကျိုးဆုတ်ယုတ်မည့် အရာဖြစ်လျင် မဆုတ်မယုတ်စေရန် မိမိစည်းစိမ် အသက် ပျက်စီးမည်ကို မငဲ့မညှာ၊ ဘယာဂတိသို့ မလိုက်..။ ဟုတ်မှန်ပြောလေ့ရှိ၏“ ဟု ထောမနာပြုထား၏။

မင်းတုန်းမင်းသည် ရွှေပြည်ဝန်ကြီး၏ သတ္တိနှင့် ပညာကို အလေးပြု၏။ သို့သော် အာဏာစက်ကို ထိပါးသည်ထင်သောကြောင့် အသက်ကိုသာ ညှာ၍ ရာထူးအခါအခါ ချခဲ့၏။ “ ဖိုးလှိုင်ကို ငါ ၀န်ကြီး ခန့်ရန် အကြံရှိသော်လည်း သင်းမာနကြီးလွန်း၍ ငါ ဆိုင်းငံ့လျက်နေသည်။ သင်းကို လွှတ်တော်ဝန်ကြီး ခန့်ပြန်ပါကလည်း ငါ့အနားတိုင်ပင်စရာ သင်းတစ်ယောက်သာ ရှိသည်။ သည့်ပြင်က အတွင်းဝန်များစွာ အရေးမပါကြဖြစ်ချေသည်။ သို့ကြောင့် သင်းကို အတိုင်ပင်ခံအတွင်းတော်မှာ ထားရသည်။ သို့နှင့် တစ်ခါတစ်ခါ သင်းမာနကို လျှော့ပါစေတော့လို့ ရာထားနှုတ် အကျယ်ချုပ်ထားပေတဲ့ သင်းမာနမလျှော့သေးချေ “ ဟု ၀န်ခံတော်မူရ၏။ တန်ဖိုးသိသော်လည်း မင်းအကြိုက်လိုက်သူမဟုတ်၍ နေရာမပေးလိုခြင်း ထင်ရှားပေသည်။

ယောမင်းကြီးကို ပြည်ဆရာတော်ဘုရားက “မင်းတုန်းမင်းတရားကြီးသည် ၀ိဒေဟရာဇ်မင်းနှင့် တူ၏။ မြောက်နန်းမိဖုရားက ဥဒုမ္ဗရဒေ၀ီနှင့် တူ၏။ ယောမင်းဖိုးလှိုင်သည် မဟောသဓနှင့် တူ၏ ” ဟု ချီးမွမ်းလေ၏။
မဟောသဓာနှင့် တူသော အမတ်ကို မလိုသော ပဒေသရာဇ်တို့၏ တိုင်းပြည်ဝယ် ဦးဖိုးလှိုင်သည် မကြာခဏ အရာတော်ချခြင်းခံရ၏။ ရွှေပြည်ကြီး၏ ဘောဂဗေဒနှင့် နိုင်ငံရေးကို ပြုပြင်ပြောင်းလဲရန် အားထုတ်ခဲ့၏။ ကာကွယ်ရေးစွမ်းရည်ကို မြှင့်တင်ရန် အကြံပြုခဲ့၏။
လူကြောင်က တစ်ယောက်တည်းပေမို့ အမှောင်မခွင်းနိုင်ဘဲ ရှိခဲ့သည်။ သို့နှင့် တိုင်းပြည်ပျက်ခဲ့ရ၏။ ဘုရင်ပါတော်မူရ၏။
ယောမင်းကြီးသာ တိုင်းရေးပြည်မှု စီမံခန့်ခွဲခွင့်ရလျင် ရွှေပြည်ကြီး၏ သမိုင်းတစ်မျိုးတစ်ဖုံ ရေးကောင်းရေးရပေလိမ့်မည်။
သီပေါဘုရင်ခေတ် ကာကွယ်ရေးနှင့် ပတ်သက်၍ ဤသို့ သရော်ခဲ့၏။

“ ဘုန်းတော်ကြီးဘုရား (မင်းတုန်းမင်း) ရွှေလက်ထက်က လက်သုံးတော်ကြီးများမှာ ကြည့်လိုက်ရလျင် အားခွန်ဗလနှင့် တစ်ပါးသူတို့ မြင်သော် အလွန်ကြောက်ရွံ့ ခန့်ညားဖွယ်ဖြစ်ပေသည်။ ယခု ရွှေလက်ထက်တော်ကလေးမှာ လက်သုံးတော်ကလေးများကြည့်လိုက်လျင် ရွှေကျင်ခပ် ခေါင်းပေါင်းနှင့် ထိုင်မသိမ်း အင်္ကျီ တို့ပတ်နှင့် ပန်းပေါင်းနားတောင်းကို ပန်လျက် နေကြသည်ကို မြင်ရတော့ ဖက်ပြီး နမ်းချင်စရာသာ ကောင်းတော့သည်” တဲ့...။

သီပေါဘုရင်နှင့် စုဖုရားလတ်တို့ ပျော်ပွဲသဘင်ခံ၍ ထင်တိုင်းကြဲနေကြသည်ကိုလည်း ဤသို့ မသက်မသာဖြစ်ခဲ့၏။ “ နန်းတော်တွင်းဝယ် ညစဉ် နိုင်ငံခြားပါရစီဇာတ်ကို အသုံးခံစေ၍ ဆုတော်ငွေများ ပေးနေခြင်းသည် အကျိုးမရှိ။ မိမိတို့ နိုင်ငံက ငွေကို အခြားနိုင်ငံသို့ ထုတ်သည့်အတွက် ငါတို့နိုင်ငံပြည်သူများ ဆင်းရဲကုန်လိမ့်မည်။ ကိုယ့်နိုင်ငံ ကိုယ့်ငွေကို ကိုယ့်နိုင်ငံ ကြီးကျယ်စည်ပင်အောင် လုပ်ဆောင်ရမှ နိုင်ငံတော်အားရှိပေမည်။ သို့အတွက် မင်းတို့က ဘုရင်မင်းမြတ်ကို အခွင့်သင့်သည့်အခါ သတိပေးခြင်းဖြင့် သံတော်ဦးတင်နိုင်ကြလျင် တိုင်းပြည်ကောင်းဖို့ပဲကွယ် ” ဟု အဆောင်ကိုင်တစ်ဦးကို မိန့်ဖူးလေသည်။

ယောမင်းကြီးလို အသက်ပေး၍ မည်သူကြောင်ရဲမည်နည်း..။ ဗောင်းတော်ညိတ် စိတ်တော်သိကက်ဘိနက်ကြီးသည် ဘုရင်ကို မလျှောက်တင်ရဲဘဲ ပြည်သူတွေကိုသာ ညားဝါးချ၍ တိုင်းပြည်လုံးပါးပါးခဲ့ရဖူးလေပြီ။

(၇)

စီးပွားရေး၊ကာကွယ်ရေး၊ ပညာရေးအဖက်ဖက်က နိမ့်ကျနေပြီဖြစ်သည့် ရွှေပြည်ကြီး၏ ဘဏ္ဍာခွဲဝေသုံးစွဲမှုအတွက်လည်း ဗြဲတိုက်အစည်းအဝေးတွင် ဤသို့ တင်သွင်းခဲ့ဖူး၏။

“ ရှင်ဘုရင် မိဖုရား သားတော်သမီးတော်များကို လခနှင့် ထားရန် ၀န်စုမှူးစု အမှုထမ်း အရာထမ်းတို့ကိုလည်း လခနှင့် ထားရန် သင့်လျော်အောင် စီမံရန်ကောင်းသည့် ဥပဒေတစ်ခု ပြုလုပ်ရန် လိုသည်။ ပိုသောငွေကို ရန်ပုံငွေအဖြစ် ဘဏ်တိုက်တစ်ခု ဖွင့်၍ ထားရမည်။ ထိုငွေသည် အကြီးအကျယ်ဆုံးသော အရေးဖြစ်ပေါ်ခဲ့သည်ရှိသော် လွယ်လွယ်ကူကူ သုံးစွဲနိုင်သည်။ နယ်စပ်ဆိုင်ရာ တပ်ခိုင်ခံ့ရန် လက်နက်များကို လုပ်ကိုင် ၊ စစ်သည်တပ်သားများကို ရွေးကောက်ခန့်ထား၍ စစ်ရေးတွင် လိမ္မာကျွမ်းကျင်အောင် သင်ကြားရမည်။ ဤကဲ့သို့ စစ်သည်လက်နက် အင်အားနှင့် ပြည့်စုံခိုင်ခန့်လျင် တစ်ပါးရန်သူတို့ ကြံဝံ့မည်မဟုတ်။ စစ်မက်အင်္ဂါ ငြိမ်းချမ်း၍ ပြည်သူပြည်သားတို့ ချမ်းသာစည်ကားကြရန် ဖြစ်ချေသည်။ သို့မဟုတ်က နားခေါင်းရှည်ရှည်နှင့် လူမျိုးခြားတို့က ကျွန်ုပ်တို့၏ အမျိုးသမီးလေးများကို နမ်းရှုပ်ခြင်း ပြုကြလိမ့်မည်။ ကျွန်ုပ်စီမံသည့်အတိုင်း ညီညွတ်ပါလျင် နောင်ငါးနှစ်အတွင်း ကျွန်ုပ်တို့ နိုင်ငံကို ရှေးက ပိုင်သည့်အတိုင်း ဖြစ်အောင် ကြံနိုင်ပါသည် ” တဲ့..။ ကောင်းလင့်တေးပေတကား...။
သို့သော် ရွှေပြည်ကြီး၏ လွှတ်တော်ဟူသည် ပညာရှိတို့၏ အသံမထွက်၊ အာဏာရှင်တို့ မာန်တက်သောနေရာသာ ဖြစ်ချေတော့သည်တည့်..။

ထိုလွှတ်တော်သတင်း အတွင်းတော်က ကြားသော် “ ငါတို့ပိုင်တဲ့ ငွေ ငါတို့ သဘောအတိုင်း မဖြုံးရကေင်းလား ” ဟု မျက်တော်မူသဖြင့် ရာထူးမှ နှုတ်ပယ်လေတော့၏။ ရွှေပြည်ဝန်ကြီးကား ရာထူးစည်းစိမ်ကို ငံ့ကွက်ခြင်းမရှိ၊ ညိုးနွမ်းသောစိတ်မရှိ၊ တိုင်းပြည်ပျက်စိးသွားမည်ကိုသာ စိုးရိမ်ပူပန်၊ ညှိုးနွမ်းသော စိတ်ရှိလေသတည်း..။

ထိုသို့ စိုးရိမ်သည့်အတိုင်းလည်း တိုင်းပြည်ကြီး ပျက်စီးခဲ့လေ၏။ လူကြောင်လူမှန်တို့ နေရာမရသဖြင့် လူမှောင်လူလန်တို့ ထင်တိုင်းကြဲအုပ်ချုပ်ခဲ့သော တိုင်းပြည်တို့၏ နိဂုံးပေတည်း...။

ကုန်းဘောင်ခေတ်နှောင်းပိုင်းတွင် ယောမင်းကြီးထက် ပိုကာ ဘုရင်ကိုပင် ဟောက်နိုင်သော လူကြောင်ကြီးတစ်ဦးလည်း ထွန်းကားခဲ့ဖူးသည်။
(ဆက်ရန်)

ဓမ္မဂင်္ဂါ

(Living Color မဂ္ဂဇင်းတွင် အခန်းဆက်ရေးနေသော ဆောင်းပါး )

No comments: