26 August, 2009

ဂင်္ဂါကို ဘလော့ခြင်း


ဘလော့ဂ်လေးတစ်ခု ဖန်တီးချင်နေတာကတော့ ကြာပါပြီ။ ကွန်ပြူတာရှေ့မှာ အကြာကြီးပိတ်မိနေတာမျိုးလည်း ကျန်းမာရေးက လက်မခံ၊ အညောင်းမိတတ်တာမျိုးပါ။ ဘာပဲဖြစ်ဖြစ် ပြောချင်တာလေးတွေ ရှိလာတော့ ဂင်္ဂါကို ဘလော့ဂ်ဖြစ်တော့တာပါ။ ခုလည်း နည်းပညာအရ ဘာမှ ကျွမ်းကျင်မှုမရှိဘူး။ ဒီတော့ ဘလော့စာမျက်နှာတွေက မသေသပ်ဘူးဖြစ်နေတာပါ။ စာပိုဒ်ခွဲတာတောင် စနစ်မကျဘူး။

ပြီးတော့ အိန္ဒိယနိုင်ငံရဲ့ အဆင်းရဲဆုံး လူဦးရေအထူအထပ်ဆုံးပြည်နယ်ဖြစ်တဲ့ ဥတ္တရာပရာဒေ့ရှ်ပြည်နယ်က မြို့တွေဟာ မီးအလွန်ပျက်ပါတယ်။ ဂင်္ဂါမြစ်ကမ်းက မြို့တော်ဗာရာဏသီဟာလည်း မီးပျက်တဲ့လောကဓံအောက်မှာ ခြစ်ခြစ်တောက်ဖြစ်ရရှာတာပါ။ နွေလယ်ရက်တွေမှာဆို ငိုချင်ရက် လက်တို့ထက် တစ်ကိုယ်လုံးတွန့်အောင် အပူဒီဂရီက တရိတ်ရိတ်မြင့်တက်လာတဲ့အခါ လေးအေးပေးစက်လေးဖွင့်နိုင်မှ သက်သာရုံရှိတာပါ။

လေအေးပေးစက်ဆိုလို့လည်း အဲယားကွန်းလို့ ပြေးမြင်မိမလား။ နိုး ဟိုး ဟိုး..။ အိန္ဒိယပြည်တွင်းဖြစ် အဖိုးနည်းဝန်ပါကိရိယာတစ်ခုပါပဲ။ သံပြားသေတ္တာပုံးထဲမှာ ပန်ကာတပ်ဆင်ပြီး သေတ္တာရဲ့ နံရံတွေမှာ ကောက်ရိုးတွေ ညှပ်ထားရပါတယ်။ ပြီးတော့ သေတ္တာပုံးထဲကို ရေထည့်ပေးရပါတယ်။ ပန်ကာလည်တဲ့အချိန်မှာ ရေခိုးရေငွေ့တွေကို ဖြတ်သန်းလာတဲ့ လေအေးအေးလေးကို အငမ်းမရ တွယ်ဖက်ကြရတာပါ။ water cooler ပေါ့လေ။

နွေရာသီမှာဆို အပြင်မထွက်ရဲတော့ဘူး။ သတင်းစာမှာ ပါတဲ့ အပူဒီဂရီမှတ်တမ်းကို စောင့်ဖတ်ရင်း ၃၈-လောက်ကနေ တက်သွားတာ ၄၅-၄၆ ဒီဂရီအထိမြင့်တက်သွားတဲ့နေ့တွေဆို နာရေးသတင်းတွေလည်း ကြားရတော့တာပါ။ စက်ဘီးနင်းရင်း လဲကျသေဆုံးသွားတာမျိုးတွေပေါ့။ ဒီတော့လည်း အခန်းထဲမှာ ငြိမ်ကုပ်နေကြရတော့တာပါ။ ဖြစ်ချင်တော့ ကုလားပြည်ကလည်း ပူပြီဆိုမှ စာမေးပွဲတွေကို စစ်ကြတာကလား။ စောင့်ပေရော့ မေလအထိ။ ဧပြီလထဲက ပိတောက်တွေနဲ့လည်း ခပ်စိမ်းစိမ်းဖြစ်ရတော့တာပါ။ အပူလှိုင်းဒဏ်ကလည်း အခန်းအပြင်ဘက်ထွက်လိုက်တာနဲ့ ထိတော့ပါပဲ။ တစ်ကိုယ်လုံးမှာ အဖုတွေ ပေါက်ကြတာ ကိုယ်တော်လေးတွေရဲ့ မျက်နှာတော်တွေလည်း နီလို့ရဲလို့ ပေါက်ပြဲလို့ပါပဲ။

ခုလို မိုးရာသီမှာတောင် ဗာရာဏသီက ပူချင်တုန်းပါ။ ပူအိုက်စွပ်စိုရာသီဖြစ်မှာပေါ့။ မီးကတော့ မနက်ကိုးနာရီဆို ပျက်ပါတယ်။ နေ့လည် နှစ်နာရီမှာ ပြန်လာတတ်ပါတယ်။ ခုတစ်ပတ်လောက်အတွင်းမှာတော့ မီးပျက်ချိန်က ပိုများလာပါတယ်။ ဒီနေ့ဆို ညနေ ငါးနာရီထိုးမှပဲ ပန်ကာလေးဖွင့်နိုင်တော့တယ်။ လေအေးစက်ကတော့ ရေထည့်စရာကုန်သွားလို့ ရေတင်ပြီးမှပဲ ဖွင့်လို့ရတော့မယ်။ ရွာက အမျိုးတွေကတော့ ငါတို့ဦးဇင်းတော့ နိုင်ငံရပ်ခြားမှာ အပျံစားဖြစ်နေပြီလို့ လူစုစုရှိတိုင်းပြောကြမှာ မြင်မိတယ်။ အဟတ် အဟတ်။

မီးလာတဲ့အချိန်လေးမှာ ဂင်္ဂါကို ဘလော့ဖြစ်တော့တာပါပဲ။ နေတာက သုံးပါးပါ။ ကွန်ပြူတာက တစ်လုံးတည်းဆိုတော့ အလစ်ကို စောင့်ရတာပါ။ ကွန်ပြူတာပိုင်ရှင် မိတ်ဆွေ သူငယ်ချင်းက နောက်နှစ်ထဲမှာ တင်ရမယ့် ကျမ်းစာအတွက် အလုပ်တွေ ရှုပ်နေတာပါ။ ကျန်မိတ်ဆွေဦးဇင်းလေးကတော့ မာစတာပထမနှစ် အောင်စာရင်းတွေ ထွက်လို့ ဖိုင်နယ်လ်တန်းတက်ဖို့ စာရွက်စာတမ်းတွေနဲ့ ပြေးလွှားနေရရှာပါတယ်။
မနှစ်ကတော့ ကွန်ပြူတာတစ်ပါးတစ်လုံး ရှိကြပါလေရဲ့။ အမေရိကားက သာသနာ့အမျိုးဇနီးမောင်နှံက ကွန်ပြူတာဖြင့် မပင်ပန်းစိမ့်သောငှါ ကွန်ပြူတာဖိုးန၀ကမ္မပေးပို့လှူဒါန်းကြလို့ ညဘက်တွေမှာ လက်ပ်တော့တစ်လုံးနဲ့ အင်တာနက်ကသိုဏ်းကမ္မဋ္ဌာန်းစီဖြန်းရတော့တာကလား။

ဒီတစ်ခေါက် ရွာအပြန်မှာတော့ ကျေးလက်မြို့လေးကို ပြန်ပြီးကျောင်းထိုင်ရတော့မယ့် ငယ်စဉ်က မိတ်ဆွေရဟန်းတစ်ပါးနဲ့ အတူနေဖြစ်ခဲ့ပါတယ်။ သူက လက်ပ်တော့ကွန်ပြုတာလေးကို အရိပ်တကြည့်ကြည့်ဖြစ်နေတော့တာပါ။ ကလစ်တစ်ချက်ခေါက်တိုင်း သိချင်တာလေးတွေ ထွက်ထွက်လာတတ်တာကိုပဲ သူက သဘောကျနေတာပါ။ ပိုင်တယ်ကွာ ဆိုတဲ့စကားလုံးကတော့ ဘယ်နှစ်ကြိမ်မှန်းကို မသိတော့ပါဘူး။ သူက ဈေးနှုံးလည်းမေးပါသေးတယ်။ အခြားမိတ်ဆွေတွေကိုလည်း သူကျေးလက်မြို့လေးကို မပြန်ခင် ကွန်ပြူတာလေးတစ်လုံးတော့ ၀ယ်နိုင်အောင် ကြိုးစားရမယ်လို့လည်း ပြောတတ်ပါသေးတယ်။ ဟုတ်ပါတယ် အဲဒီမြို့လေးမှာ သူက တရားဟော တရာပြဆောင်ရွက်ရမှာဆိုတော့ ပိဋကတ်တော် စီဒီရွမ်တွေဖွင့်ကြည့်ဖို့ ကွန်ပြူတာလေးတစ်လုံးကိုတော့ သူအိပ်မက်နေတာဖြစ်ပါလိမ့်မယ်။

နောက်ဆုံးတော့ မိတ်ဆွေရဟန်းရဲ့အိပ်မက်ကို တကယ်ပုံဖော်ဖို့ ကြိုးစားမိပါတယ်။ အိန္ဒိယမှာ ကျောင်းတက်နေသူအတွက် ကွန်ပြူတာ မျှဝေသုံးစွဲဖို့ မခက်ခဲနိုင်ဘူးပေါ့။ ဒီလိုနဲ့ လက်ပ်တော့လေးကို နိဗ္ဗာနဿ ပစ္စယောဖြစ်ခဲ့တာပါ။ စုဆောင်းထားတဲ့ စာအုပ်တွေလည်း အများကြီးရှိနေပြီဆိုတော့ စာကြည့်တိုက်လေးတစ်လုံးအဖြစ်လည်း အသုံးဝင်တော့မှာပါ။ အခု မိတ်ဆွေရဟန်းလည်း မြို့လေးကို မပြန်မီ ကွန်ပြူတာသင်တန်းတွေ တက်နေပြီဆိုပဲ။ လက်ဆင့်ကမ်းနိုင်ပါစေပေါ့။

ဒီလိုနဲ့ ဗာရာဏသီကို ပြန်ရောက်ခဲ့ပါတယ်။ ကွန်ပြူတာကပ်ပြီး အသုံးပြုမယ့် အကြံက ထင်သလောက်ပေါက်ခဲ့ပေမယ့် မီးလာချိန်နဲ့ မိတ်ဆွေရဲ့ ကျမ်းပြုချိန်တွေကိုတော့ သတိပြုရသပေါ့လေ။
မာစတာတက်နေတဲ့ မိတ်ဆွေဦးဇင်းလေးလည်း မနှစ်က လက်ပ်တော့တစ်လုံးရှိပါတယ်။ သူလည်း ရွှေပြည်တော်ဆီပြန်တော့ နာဂစ်မုန်တိုင်းဒဏ်ခံရွာလေးတစ်ရွာက ကျောင်းဆရာဆရာမလေးတွေ သုံးဖို့ လှူခဲ့တယ်ဆိုပဲ။ အဲ သူကတောင် ပိုလှသွားသေးရဲ့။

ဘာပဲဖြစ်ဖြစ်
ရသလောက်အခွင့်အရေးလေးနဲ့ ဂင်္ဂါကို ဆက်ဘလော့ကြည့်တာပေါ့။



No comments: