26 August, 2009

ကုသိနာရုံဆင်ဖိုနီ


အဲဒီညနေခင်းဟာ
နွမ်းလျလျရှိခဲ့တယ်
ခန္ဓာဆိုတာ ၀န်ထုပ်ဝန်ပိုးမို့
နောက်ဆုံးသယ်ဆောင်ရမယ့်
နောက်ဆုံးထွက်သက်မှာတောင်
သင်္ခါရတွေ စီးစီးပိုးပိုး
ရှုကြရော..။

“ ဟိရည၀တီမြစ်ကို ဖြတ်လို့
အင်ကြင်းပန်းတွေပွင့်ရာ
ဟိုး..
ကုသိနာရုံတောအုပ်လေးဆီ
သွားကြစို့”

“ပန်းလေစွ အာနန္ဒာ
အင်ကြင်းပင်တွေကြား
မြောက်ဘက်အရပ်ကို ခေါင်းထားလို့
ညောင်စောင်းလေးကို ခင်း
ကိုယ်တော် ကျောခင်းတော်မူဦးမယ်။”

အံ့ချီးဖွယ်တွေက
လောကတစ်ခုလုံးရဲ့ ကြေကွဲမှုကို ဖုံးဖို့
ပင်လုံးကျွတ်အင်ကြင်းခိုင်တွေ
ဝေကြ ဝေ့ကြ
ကြွေကြပေါ့
ပန်းတွေကတော့ ငိုကုန်ပြီ။
မန္ဒာရ၀နတ်ပန်းတွေ
စန္ဒကူရနံ့မိုးတွေ
ကုသိနာရုံကို စိုးချေပြီ။
နတ်တို့ရဲ့ ဂီတက
ကောင်းကင်အဆွေးကြီးထဲ
ပေါက်ပြဲလို့
သာယာပေမယ့် နာမိကြပေါ့။

“မြင်ရဲ့လား အာနန္ဒာ
အခါမဲ့အင်ကြင်းပန်းတွေ ဝေလို့
နတ်ပန်းမြတ်တွေက ကြွေလို့
စန္ဒကူးမိုးတွေက စွေလို့
လာခြင်းကောင်းသာအရှင်ကို
ပူဇော်ကြနေကြရဲ့ ..။
မှတ်လော့ အာနန္ဒာ
ပူဇော်ခြင်းအစစ်ဆိုတာ
တရားသဘောရှုမှတ်
ဓမ္မာနုဓမ္မပဋိပတ်
ဖြောင့်မတ်တဲ့အကျင့်သာဖြစ်ပေတယ်
အဲဒီပူဇော်ခြင်းမျိုးသာ
မြတ်နိုးရပေမယ်”

ကိုယ်တော်မြတ်ရဲ့ညောင်စောင်းတော်ဘေးမှာတော့
ရဟန္တာမြတ်ဥပ၀ါဏက
သားမြီးယတ်ကို ခတ်လို့
လေးအေးဓါတ်ကို
ဆက်ကပ်နေလေရဲ့
“ ရဟန်း
ဖဲလော့ ရှားလော့
မျက်မှောက်တော်မှာ
မတည်လေနဲ့”
ကိုယ်တော်အရှင့်မိန့်ကြားသံ
ရှင်အာနန်အံသြစွာ စဉ်းစားမိပေါ့။
“ဥပ၀ါဏရဟန်းမြတ်ဟာ
ကိုယ်တော်အရှင့် အလုပ်အကျွေး
နှစ်ရှည်လများ
ကျေးဇူးတွေ ပွားခဲ့ဖူးပေါ့။
ဘဇာအရေးကြောင့်
ကိုယ်တော်ရှင့်နံဘေး
ရပ်တည်ခွင့်မပေးပါသလဲ”တဲ့..။

“သိလော့ အာနန္ဒာ
လောကဓါတ်တစ်ခုလုံး
နတ်ဗြဟ္မာတွေ စုရုံး
နောက်ဆုံးထွက်သက်တော်မီဖို့အတွက်
အုတ်အုတ်ကျက်ကျက်
ဟောဒီကုသိနာရုံအကွင်းအကွက်ထဲမှာ
သမန်းမြက်ဖျားတစ်နေရာစာတောင် မရှိတော့ချေဘူး။

ဥပ၀ါဏက
နတ်မျက်စိနဲ့ထွင်းဖောက်မမြင်နိုင်တဲ့ ရဟန္တာ
သူတို့ခမျာ
ကိုယ်တော့်မျက်နှာ ဖူးမျှော်ခွင့်အရေး
ရင်လေးနေကြရှာလေရဲ့” တဲ့
နောက်ဆုံးသာတဲ့ လကို
နောက်ဆုံးမျှော်ငေးခွင့် မရှုံးစေလိုတဲ့ အရှင်ပေါ့။

နတ်တွေက
သူတို့ရဲ့ မျက်ရည်ဘာသာစကားမှာ
အလဲလဲအပြိုပြိုဖြစ်ကြ
ဟစ်အော်မည်တမ်းကြ
“ လောကမျက်လုံးကွယ်တာ စောလှချည့်”တဲ့။
မရင့်ကျက်သူတို့
ကြေကွဲမှုမြစ်ထဲ အပိုင်းပိုင်းမျောကြရဲ့။
တရားသိသူတို့
ငြိမ်ဆိတ်လို့
သံဝေဂမှတ်တိုင်မှာ ရပ်နေကြလေတယ်။

“ဟိုးယခင် သီတင်းဝါလကျွတ်ချိန်တွေမှာ
အရှင်မြတ်ခြေရင်း
ခေါင်းခင်းပူဇော်နေကြသားရဟန်းတွေ
နောက်များမှာ အလွမ်းပြေပူဇော်ဖို့
ဆုံးရှုံးကြပေါ့” တဲ့
ရှင်အာနန်က အားတင်းလျှောက်ပြန်တယ်။

“နာယူလော့ အာနန္ဒာ
သဒ္ဓါစွပ်စိုတဲ့ အမျိုးကောင်းသားတွေအတွက်
လာခြင်းကောင်းသောအရှင့် မွေးဖွာရာ
လာခြင်းကောင်းသောအရှင့် တရားသိမြင်ရာ
လာခြင်းကောင်းသောအရှင့် တရားဦးဟောရာ
လာခြင်းကောင်းသောအရှင့် နောက်ဆုံးလျောင်းစက်ရာ
သံဝေဂဉာဏ်ပွားရင်းလှည့်လှည်
သံသရာအစီးအပွား
သုဂတိသာ လားပေလိမ့်”။

ရှင်အာနန်မှာ
မေးခွန်းတွေတိုးလာခဲ့ပြန်ပေါ့။
ရဟန်းတစ်ပါးနဲ့ အမျိုးသမီးထုဆက်ဆံရေး
နည်းပေးခဲ့ပါဦးတဲ့
တိုတိုရှင်းမိန့်ဆိုတယ်
“မကြည့်နဲ့ အာနန္ဒာ” တဲ့

“မကြည့်လို့ မဖြစ်တဲ့ အခြေအနေမျိုးမှာ ဘုရား” တဲ့
“မပြောနဲ့ကွာ အာနန္ဒာ”တဲ့။

“မပြောလို့လည်း မဖြစ်ဘူးဆိုရင်ကော ဘုရား”တဲ့
“ သတိသာ ထားပေရော အာနန္ဒာ ”တဲ့။

“ကိုယ်တော့်ရှင့်
အန္တိမပူဇာအရေး နည်းပေးညွှန်းပါဦးတဲ့
“မကြောင့်ကြလေနဲ့ အာနန္ဒာ
သင်တို့ဝန်တာမလေးစေနဲ့
ဒကာ ဒကာမတွေ အရေးသာဖြစ်လေရဲ့
တရားဓမ္မသာ သင်တို့ ရှာရော”

ပူဇော်ပုံအခြင်းအရာ
ရှင်းလင်းသိရပါမှ ဘုရားတဲ့
တစ်ဆင့်တက်မေးပြန်တယ်
စကြာဝတေးမင်းပမာ
ပူဇော်ပုံ ထူးရာ၏ တဲ့

လောကတစ်ခွင်မှာ
စေတီထိုက်သူ
လူမြတ်လေးပါးရှိလေရဲ့
ဘုရား
ပစ္မေကဗုဒ္ဓါ
ဘုရားတပည့် သာဝကာနဲ့
စကြာမင်း
ဂုဏ်သတင်းအလိုက်
ပူဇော်ထိုက်ပ
ဦးခိုက်လေးမြတ်လို့
နတ်လမ်းဖောက်ကြပေရော..။

ရှင်အာနန် မေးခွန်းဆိတ်ပြီမို့
ကိုယ်တော့်အရှင့်အနားက တိတ်တိတ်လေးခွာ
ကျောင်းလေးထဲ အသာဝင်
ကျောင်းတံခါးတိုင်ကို ဖက်ရမ်း
အားကိုးရာမဲ့ကြိတ်ငိုခဲ့ပေါ့
“ကျေးဇူးရှင်ကြီးကား လွန်တော့မည်။
ငါ့မှာ ထောက်တည်ရာ တရားမမြင့်သေး
ငါ့အရေးကို ဘယ်သူညှာတာပေးပါလိမ့်”တဲ့။

“အာနန္ဒာ ဘယ်မှာ ရောက်ပါလိမ့်”
ကိုယ်တော်မြတ်အမေးတော်နဲ့
ရှင်အာနန်ကို ဆွဲခေါ်ခဲကြပေါ့
“မျက်ရည်တွေ သုတ်လိုက်တော့ အာနန္ဒာ
ချစ်သူတွေ မြတ်နိုးရသူတွေ ရှင်ကွဲမကွဲ သေကွဲကွဲကြ
ဓမ္မတာတရား
ကိုယ်တော် အကြိမ်ကြိမ်ဟောကြားခဲ့
တစ်လောကလုံးဖြစ်မြဲ အပျက်တရား
ကိုယ်တော့်ကိုလည်း ချန်ထားမှာ မဟုတ်ပေဘူး။
မမေ့နဲ့ အာနန္ဒာ
သင့်မေတ္တာကာယကံ
သင့်မေတ္တာဝစီကံ
သင့်မေတ္တာမနောကံတွေနဲ့
ကိုယ်တော်မြတ်အပါးမှာ
ကာလရှည်လျား
ကျေးဇူးတွေများခဲ့ပေါ့
သင်ဆည်းပူးခဲ့သမျှ ကောင်းမြတ်ခြင်းတွေ
အာသဝေါယစ်မူးခြင်းတွေက
သင့်ကို လန်းစေလိမ့်မယ်
ဝီရိယသာ အရှိန်မြှင့်ပေရော” တဲ့
ကိုယ်တော်အရှင့်အားပေးစကား
ရှင့်အာနန့် နားနဲ့ နှလုံးသားကို ချိတ်ဆက်မိစေပေါ့။

1 comment:

ဥာဏ်လင်းထက် said...

မျက်ရည်လည်ရပါတယ်