28 August, 2009

သီတဂူလမ်း(၂)



ထေရ၀ါဒတက္ကသိုလ်မှာ မဟာတန်းတက်ခဲ့စဉ်က သူ့ရဲ့ မေဂျာပါမောက္ခဖြစ်ခဲ့ဖူးတဲ့ ကျိုက္ကလော့ဆရာတော်ဒေါက်တာအရှင်စန္ဒာဝရာဘိဝံသကအပါအ၀င် သူက အခြားပါမောက္ခ၊ ကထိက ၊ နည်းပြ ရဟန်းပုဂ္ဂိုလ် လူပုဂ္ဂိုလ်ဆရာဆရာမတွေနဲ့ ရင်းရင်းနှီးနှီးပါ။ စာကြည့်တိုက်တွေ စာသင်ခန်းတွေကြား လမ်းသလားခဲ့ဖူးတာကိုး။ အတန်းစုံမှာလည်း မိတ်ဆွေတွေ ရှိသလို နောက်တက်လာတဲ့ ဂျူနီယာတွေကိုလည်း ဆရာလုပ်ဖို့က ၀ါသနာပါခဲ့သေးတာပေါ့။

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်က ဟိုင်းဝေးဘတ်စ်ကားကြီးပေါ်မှာ မိတ်ဟောင်းဆွေ ဟောင်းတွေ ဆရာ ဆရာမတွေ ပြန်ဆုံတွေကြ၊ တသောသောရယ်မောကြ ကြည်နူးစရာခရီး တစ်ခုဖြစ်ခဲ့ပါတယ်။ လမ်းစဉ်တစ်လျှောက်မှာလည်း သီတဂူဆရာတော့်ဘုန်းရိပ်မှီရလို့ ကြိုဆို ဧည့်ခံရေး တွေက နွေးနွေးထွေးထွေး စောင့်နေခဲ့ကြတာပါ။

ပဲခူးအလွန်တစ်နေရာမှာ နံနက်စာ။
တပ်ကုန်းမှာက နေ့လည်စာ။
ရမည်းသင်းမှာတော့ အချိုပွဲ။

မန္တလေးမဟာမြတ်မုနိဘုရားကြီးပရိဝုဏ်ထဲကို ကြိုဆိုရေးအဖွဲ့က ကမ်းပေးတဲ့ သစ္စာပန်းစည်း လေးကိုင်ပြီး လျှောက်မိတော့ လွန်ခဲ့တဲ့ဆယ်စုနှစ်ဆီက မန္တလေးစာသင်သားဘ၀ စာဝါပိတ်ချိန် (ကျောင်းပိတ်ချိန်)တွေကို ပြန်လွမ်းမိတော့တာပါ။

၁၉၉၀ ပြည့်လွန်မစိုးရိမ်တိုက်သစ်ကြီးရဲ့ တုန်းမောင်းခေါက်သံတွေ ပြန်မည်လာခဲ့ပါတယ်။အဲဒီစာ သင်သားဘ၀နေ့ရက်တွေမှာတော့ စာဝါချိန်တွေက မလွန့်သာအောင်ပိတ်ဆို့ထားလေတော့ တစ်ရက်လေးသာ နားခွင့်ရလေတဲ့ ဥပုသ်နေ့တွေကို စာတွေအော်ကျက်ရင်း ဘုရားရှိခိုးရင်း ပြက္ခဒိန်ကြည့်စရာမလိုပဲ သိနေတော့တာပါ။

အဲဒီ ဥပုသ်နေ့တွေမှာ ၀ယ်စရာရှိရင် ဈေးချိုကို ပြေးရမယ်။ စာတိုပေစ ရေးထားတာလေးတွေကို ဘုရားကြီးစာတိုက်သွားထည့်မယ်။အဲဒီရှားရှားပါးပါး ဥပုသ်နေ့လေးက ရုံးပိတ်ရက်ဖြစ်နေရင်တော့ နောက်တစ်ပတ်စောင့်ပေဦးပေါ့။ အထွေအထူးလုပ်စရာမရှိလည်း အဲဒီဥပုသ်နေ့တွေမှာတော့ ကျောင်းနဲ့ဝေးနိုင်သမျှဝေးအောင်သွားတော့တာပဲ..။ ဆရာသမားတွေအချုပ်အနှောင်က လွတ်ရာပြေးတော့တာပဲပေါ့။ ဒါ ကိုယ်ပိုင်အခွင့်အရေးပဲ။ ဒီလိုနဲ့ ကိုရင်လေးတွေ ဦးဇင်းလေးတွေ တူရာတူရာပေါင်းပြီး မန္တလေးမြို့ကြီးကို ပန္နက်ပြန်ချကြတော့တာပါ။

အမရပူရက ဦပိန်တံတားပေါ်မှာ။ မန္တလေးတောင်ပေါ်က မြွေကြီးနှစ်ကောင်ဘေးမှာ ။ တစ်ချို့ကိုယ်တော်လေးတွေကတော့ ရန်ကင်းတောင်လို စစ်ကိုင်းတောင်လို ဝေးဝေးလံလံတွေအထိ ခြေဆန့်ကြတော့တာပဲ။ဥပုသ်နေ့က သူတို့နေ့ပဲဆိုတာကို နာယကဆရာတော်ကြီးတွေ ကိုယ်တိုင်က အသိအမှတ်ပြုထားတာပါ။ ကျန်တဲ့နေ့တွေဆို သင်ရိုးညွှန်းတမ်းစာအုပ်က လွဲရင် အခြားစာအုပ်တွေ လက်ဝယ်တွေ့လို့ မရဘူး။ စာအုပ်အသိမ်းခံရလို့ ငှားနေကျ ဗေဒါလမ်းစာအုပ် ဆိုင်လေးမှာ စာအုပ်ဖိုးလျော်ရတာလည်း မှတ်မိနေသေးတယ်။ အဲဒီဥပုသ်နေ့မှာတော့ ဆရာတော်ကြီးကလည်း ဘာစာအုပ်ဖတ်ဖတ် မပြောတော့ဘူး။ တစ်နေကုန်အိပ်နေလည်း အပြစ်မတင်ဘူး။

အပြင်ထွက်ခွင့်တစ်နေကုန်ရပေမယ့် ညနေ ၆နာရီဘုရားရှိခိုးချိန်ကိုတော့ အမီရောက်အောင် လာရမယ်။ ဘုရားရှိခိုးပျက်ရင်တော့ ဒဏ်တွေလာပါပြီ။ မစိုးရိမ်းတိုက်သစ်ကြီးရဲ့ ဒဏ်ကလည်း လှပါတယ်။ စာကျက်ရတာပါ။ ကိုယ်ပိုင်အချိန်နဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ရုတ်သိမ်းလိုက်တာပါ။

နေ့စဉ်နေ့တိုင်း နေ့ဆွမ်းစားပြီးချိန်( ၁၂း၀၀-၀၁း၀၀ နာရီ) ဟာ စာသင်သားတွေ တစ်နေကုန် စာကျက်နိုင်ဖို့ အနားယူခွင့်ပေးထားတာပါ။ အဲဒီအချိန်မှာ သင်္ကန်းခေါင်းမြီးခြုံပြီး ငြိမ်ငြိမ်ဆိတ်ဆိတ် ကျိန်းစက်ကြရတာပါ။ စကားမပြောရ မဆူရပါဘူး။ စကားပြောမက်တဲ့ကိုယ်တော်တွေကတော့ ကျောင်းရှေ့က သစ်ပင်တွေအောက်ကို ပြေးကြရတာပါ။

တစ်ချို့ အချိန်ကို တန်ဖိုးထားတဲ့ ကိုယ်တော်လေးတွေကတော့ အဲဒီကိုယ်ပိုင်အချိန်လေးမှာ ကျောင်းအပြင်ထွက်ပြီး လောကီပညာတစ်ခုခု သင်တော့တာပါ။ ကျောင်းပေါက်ဝမှာလည်း သင်တန်းအမျိုးမျိုးကြော်ငြာတွေကလာကပ်ထားပါတယ်။အင်္ဂလိပ်စကားပြေသင်တန်း။စက်ချုပ်သင်
တန်း။ တိုင်းရင်းဆေးသင်တန်း ဗေဒင်သင်တန်းအစ နောက်ဆုံး ဗန်တိုဗန်ရှည်သိုင်း ကရာတေးသိုင်းသင်တန်းတွေအထိ စုံပါတယ်။ စရိုက်ကလည်းအစုံဆိုတော့ အမျိုးမျိုးကြုံရတာပါပဲ။


အဲ ဒဏ်ကျတဲ့ ကိုယ်တော်ကတော့ အဲဒီအချိန်မှာ စာအုပ်တစ်အုပ်ကိုင်ပြီး နာယကဆရာ တော်ကြီးခြေရင်းသွားပြီး စာကျက်ရတော့တာပါ။ သူများနားလို့ မနားရတော့ပါဘူး။ ဒဏ်ကျစာသင်သားတွေကလည်း ညစ်ကျယ်ကျယ်တွေဆိုတော့ စာကို သံပြိုင်အော်ကျက်ကြတာပါ။ ဆရာတော်ကျိန်းမရအောင်ပေါ့။ ဆရာတော်ကြီးကလည်း ပါရမီထူးပါတယ်။ မင်းတို့စာအော် ကျက်လေ ငါအိပ်ပျော်လေလုပ်တာပါ။ စာသင်သားတွေရဲ့ စာကျက်သံတွေကို့ ရစ်သမ်ဖြစ်နေတဲ့ ပရိယတ္တိပျော်ဆရာတော်ကြီးပါ။ အခုမန္တလေးမြို့က မစိုးရိမ်တိုက်ကြီးသုံးတိုက်ရဲ့ အဓိပတိ မဟာနာယကဆရာတော်ကြီး အရှင်ရာဇဓမ္မာဘိဝံသဖြစ်ပါတယ်။ ပစ်မှားမိသမျှ ၀န်ချဦးခိုက် ပါတယ်ဘုရား။

ပြောရရင်တော့ မျက်နှာပူပါတယ်။ အဲဒီဒဏ်က တစ်ပတ်ဒဏ်၊ နှစ်ပတ်ဒဏ်။ တစ်လဒဏ်စသည် သတ်မှတ်ထားတာပါ။ တစ်လဒဏ်တွေ ဆက်လာပြီဆိုရင်တော့ ရာသက်ပန်ဒဏ်အဖြစ် တိုးမြှင့် လိုက်တော့တာပါ။ တိုက်ပိတ်လိုက်တဲ့ သဘောပါပဲ၊ ကျောင်းတိုက်မှာ နေသမျှကာလပတ်လုံး နေ့လည်ပိုင်း ကိုယ်ပိုင်အချိန်လေး စတေးလိုက်ရတော့တာပါ။ ရာသက်ပန်ဒဏ်က ကျောင်းက ထွက်သွားပြီး နောက်တစ်ခါ မျက်စိလည်ပြန်ရောက်လာရင်လည်း အသက်ဝင်ပါသတဲ့။ အဟဲ နောက်တစ်ခါ ကျောင်းအရိပ်မခိုတော့ပါဘူးဘုရား။ လက်ကျန်လေးတွေ ရှိနေသေးလို့ပါ။

ဘုရားရှိခိုးမမီမှာ စိုးတဲ့ စာသင်သားအများစုကတော့ ပြန်လို့လွယ်ကူတဲ့ ဘုရားကြီးကို သွားပါတယ်။ ကားခမရှိလည်း ခြေလျင်သုတ်လို့ရတဲ့ အကွာအဝေးမှာ ရှိတာကိုး။ ၄၁ လမ်းမကြီးပေါ်က နေပူကြဲကြဲနေ့တွေအမှတ်ရစရာပဲ။ ဘုရားကြီးရောက်လို့ ဘုရားပရိဝုဏ်ထဲ တစ်ပတ်ပတ်ပြီးရင် လိပ်ကန်ဘေးမှာ တစ်နေကုန် ထိုင်တော့တာပါ။ ဘာရယ်ကို မဟုတ်ဘူး ။ လွတ်လပ်ခွင့်လေးကို တရှိုက်မက်မက်ခံစားတာပါပဲ။

ပြောရင်းနဲ့ လွမ်းသွားတာ အဆိုတော်အငဲရဲ့ “တစ်ခါတုန်းက မန္တလေး” ဟာ ရဟန်းတစ်ပါးနဲ့လည်း ဆိုင်နေပြန်ပါရောလား။ ဒါပေမယ့် ရိုမန္တိက(Romantic)စာမျက်နှာတွေတော့ ပန်းရောင် မလွှမ်းခဲ့ဘူးပေါ့လေ။

No comments: