09 October, 2009

ဓမ္မဂင်္ဂါရွာလေးမှာစီးပြီ

မိတ်ဆွေများကတော့ ရွာပြန်သွားတဲ့ သားတစ်ယောက်တော့ မိခင်ရင်ခွင်မှာ ငယ်ငယ်က ခရေပန်းတွေ ကောက်နေလောက်ပြီလို့ တွေးနေကြမှာပါပဲ။
ပြောပါရစေတော့ ရွာလေးနဲ့ ရန်ကုန်မြို့တော်ကြီးကြားမှာ မိုးသားတိမ်လိပ်တွေကခြားနေလေရဲ့။ ရွာပြန်ဖို့ ဥထားတဲ့ န၀ကမ္မလေးတစ်စုက ရန်ကုန်တက္ကစီယာဉ်ကြောထဲ စိမ်းစိမ်းကားကားကြီးကို မျောသွားခဲ့တာပါ။

နိုင်ငံရပ်ခြားကြွပြီး ပညာသင်မယ်ဆိုရင်တော့ အကြောင်းပြချက်ကောင်းကောင်းနဲ့မို့ အမာခံပစ္စည်းလေးပါးဒကာဒကာမတွေကို အပူကပ်လို့ရပါတယ်။ ခုရွာပြန်မယ်ဆိုတော့ '' ပြန်ပေါ့ ကိုယ်တော် ကိုယ့်ရွာကိုယ်ပဲ '' နဲ့ ဘုန်းမောင့်တစ်ယောက်တည်းရယ် ၀ဲလည်လည်ဖြစ်ရရှာလေပေါ့။
ခုတော့ မီးရထားလက်မှတ်တစ်စောင် စီစဉ်ပြီးပါပြီ။

ရွှေပြည်ကြီးကို ရောက်တာနဲ့ ပါရဂူဘွဲ့အတွက် Research Visa ရဖို့ အားထုတ်ရတာပါ။ ပါမောက္ခရေးပေးလိုက်တဲ့ Approval Letter လို့ခေါ်တဲ့ ပါရဂူကျောင်းသားအဖြစ်အတည်ပြုကြောင်းစာရွက်က သိုးသွားမှာစိုးလို့ပါ။ လအကန့်အသတ်ရှိဆိုသကိုး။
သံရုံးရောက်တော့ ပါမောက္ခရဲ့
Approval Letter နဲ့အတူ ငွေသွင်းပြေစာ၊ ပါရဂူဘွဲ့အတွက်တင်သွင်းမယ့်ကျမ်းစာရဲ့ ပဏာမစာတမ်းငယ်စတာတွေကို တောင်းပါတယ်။
သုံးနှစ်ဗီဇာလျှောက်ထားပေမယ့် နိုင်ငံကူးလက်မှတ်မှာက တစ်နှစ်ခွဲသာသာလောက်ပဲရှိတော့တာမို့
နှစ်အပြည့်ရဖို့တော့ မသေချာဘူးပေါ့။ ဒါပေမယ့် အမေရိကန်ဒေါ်လာ နှစ်ရာတော့ သွင်းခဲ့ရပါတယ်။
သတ်မှတ်ချက်က Research Visa အတွက် တစ်နှစ်အတွက် တစ်ရာဖြစ်ပြီး တစ်နှစ်နဲ့ အထက်ဆိုရင်တော့ တစ်လပဲစွန်းစွန်း နှစ်ရာမျှသောအသပြာကို ရက်ရောစွာစွန့်လွှတ်ရမှာ ဖြစ်ပါတယ်။
အင်း ထင်သလိုပဲ ဖြစ်ခဲ့ပါတယ်။ နိုင်ငံကူးလက်မှတ်သက်တမ်းရှိသလောက်ပဲ ရခဲ့တာပါ။
နောက်တစ်ခါ ဗီဇာသက်တမ်းတိုးရင် (မဖြစ်မနေလည်း တိုးရဦးမှာမို့) တစ်နှစ်လျှင် တစ်ရာနှုံးဆိုတော့ နှစ်ရာလောက်တော့ ကုန်ဦးပေမပေါ့။
နောက်တစ်ပတ်မှာ သူ့ကိုဆရာတင်ပြီး ဗီဇာသွားလျှောက်တဲ့ မောင်ဖုန်းတစ်ပါးကတော့ လေးနှစ်ကြီးများတောင် ကံကောင်းသွားသဗျား။
မတူလိုက်တဲ့ကံ မထူးလိုက်တဲ့ကြမ္မာ။
သြော် ဘာပဲဖြစ်ဖြစ် သာဓု သာဓု မရတာထက်စာရင် ပေးသမျှလေးကိုက သာဓုခေါ်ထိုက်ပါပေတယ်။

1 comment:

ဓမ္မဂင်္ဂါ said...

အားလုံးကို သတိရစွာ
ဂင်္ဂါမြစ်ရေစီးသံတွေကို
နားလည်မှုတွေဆီ ပြန်သွယ်ဖြစ်ခဲ့တယ်။
ရန်ကုန်မှာတော့ မိုးစဲသွားပါပြီ။