11 September, 2009

ရဟန်းတစ်ပါးအတွက် ကျောင်းသင်္ခန်း(၂)

ခေါင်းစဉ်ဖတ်ပြီး သူ့မိတ်ဆွေအချို့က အလှူခံဌာနဖွင့်ပြီလား လို့လုပ်ကြပါလေရော။ ရဟန်းဘောင်တက်တဲ့ နေ့က “ရဟန်းမှန်ရင် သစ်တစ်ပင်အောက် ၀ါးတစ်ပင်အောက်မှာ သီတင်းသုံးနေထိုင်နိုင်ရမယ်”လို့ သြ၀ါဒစကားကြားပြီးကတည်း နေရေးထိုင်ရေးမပူတော့တာ။
အင်းခုတော့ တောတွေပြုံးတီး ဂေဟဗေဒစနစ်တွေ ကတိမ်းကပါးဖြစ်ကြလေတော့ သစ်ပင်ကို ကျောင်းအဖြစ်သုံးဖို့ မောင်ဖုန်းအကြံလည်း အငွေ့ပျံရလေသပေါ့။ ပြီးတော့ ရှိသေးသပ ဘုတ်အုပ်အထူကြီးတွေဖတ်ပြီး အိပ်မက်မြင့်မြင့်ကြီးတွေမက်ချင်လာတဲ့ ရောဂါလေ။ ဒီလိုနဲ့ စာသင်တိုက်တွေတက် တက္ကသိုလ်တွေဆက်နဲ့ ရွာလေးနဲ့လည်း ဝေးဝေးသွားတော့တာ။

“မောင်ပဇင်းပညာအရည်အချင်းတွေနဲ့ တို့များရွာလေးမှာ အလုပ်မရှိပါဘူးကွယ်” ဆိုတဲ့
ရွာဦးကျောင်းဆရာတော့်အမိန့်ရှိချက်က သူ့ရွာလေးမှာ ပြန်လည်အခြေချပြီး ကျေးလက်သာသနာဖွံဖြိုးရေးစိတ်ကူးလေးလည်း လွင့်ပါးခဲ့ရလေသပေါ့။ ရွာကအမျိုးတွေကလည်း နိုင်ငံခြားသာသနာပြုတို့ နိုင်ငံကျော်ဓမ္မကထိကဆရာတော်တို့ ဆိုတဲ့ ဝေါဟာရကြီးတွေကို သူတို့အမျိုးရဟန်းတော်လေးရဲ့ ဘွဲ့အမည်နဲ့ ကပ်ပြီး အနာဂတ်ကို ရွှေချနေကြလေသကိုး။
ရွာနဲ့ ငါနဲ့မဆိုင်တော့လေပြီတကား။ ဝေးချေပြီကော ရွာဦးက ကုက္ကိုပင်ကြီးရေ။

ဓမ္မာစရိယတစ်ဘွဲ့ဘွဲ့ ရပြီးရင် ခုလက်ရှိကျင့်သုံးနေတဲ့ ပရိယတ္တိသင်ရိုးညွှန်းတမ်းအတွက် လုံလောက်နေပါပြီ။ ဓမ္မာစရိယဘွဲ့လေးကို ဆုပ်ကိုင်မိတဲ့ အချိန် ကျေးလက်ခေါ်သံကို နားစွင့်မိပေမယ့် ရွာလေးရဲ့ တံခါးချပ်တွေက သူ့အတွက် ပိတ်နေခဲ့ပါပြီ။

မြို့ပြမှာကောတဲ့။ သူ့လို ရဟန်းငယ်တစ်ပါးအတွက် နေရာမရှိ။ အလုပ်မရှိပြန်ပါ။ ဒီလိုနဲ့ ကျောင်းတစ်ကျောင်းမှာ မီခိုကပ်ရပ်နေထိုင်ကာ လမ်းကြောင်းအသစ်တွေနောက် ဖောက်ထွက်ရပြန်ပါတယ်။ ရာသီတိုင်း ကျောင်းတက်ရင်း ဒီပလိုမာတွေ ၀ိဇ္ဖာဘွဲ့ မဟာဝိဇ္ဖာဘွဲ့တွေက သူ့ဘွဲအမည်နောက်မှာ လိပ်စာကဒ်အတွက် အသုံးဝင်လာခဲ့ပြန်ပါတယ်။ သူ့ရည်ရွယ်ထားမိတဲ့ အနာဂတ်ပရိယတ္တိစီမံကိန်းတွေအတွက်တော့ ငြင်းခုန်ရဆဲပါ။ အသိအမြင်များခြင်းဟာ မိတ်ဆွေ ရန်သူဆိုတာကို ခွဲခြားသိစေတဲ့ အတတ်ပညာဖြစ်ရင်တော့ သူ့ဆည်းပူးခဲ့သမျှကို ပစ်ချလိုက်ပါရစေတော့။

ဘာတွေဘယ်လိုစကြမလဲ။ ခေါင်းစဉ်အမျိုးမျိုးတွေအောက်မှာ ခပ်တည်တည်လက်မှတ်ထိုးလိုက်ကြပါစို့။ အမေရိကားနဲ့ အနောက်တိုင်းနိုင်ငံတွေ၊ ဂျပန်နဲ့ အရှေ့အာရှ၊ အရှေ့တောင် အာရှ နိုင်ငံတွေက နယ်ပယ်မျိုးစုံမှာ ခြေလှမ်းကြဲကြဲနဲ့ လျှောက်ကုန်ကြပြီ။ ဒီမှာတော့ စကားလုံးတွေနဲ့ပဲ အဆင်ပြေလေမလား။ သူကပြောကြည့်တယ်။ အနာဂတ်ပရိယတ္တိပညာရေးဟာ ဘယ်ဘက်ကို ဦးတည်နေမလဲ ဆိုတဲ့ မေးခွန်းကို ကိုယ်တိုင်ဖြေနေမိတော့တာ။



No comments: