23 October, 2009

ဘတ္တုဒ္ဒေသကရဟန်းရဲ့ တံခါးခေါက်သံမှတစ်ဆင့်


(၁)

ဒီနေ့မနက်မှာတော့ စောစီးစွာ တံခါးခေါက်သံက ကျယ်လောင်ခဲ့ပါတယ်။ ဘတ္တုဒ္ဒေသက ရဟန်းတော်ရဲ့ တက်ကြွတဲ့ နိုးဆော်မှုပါ။ မဟာသဒ္ဓမ္မဇောတိက ဆရာကြီးဦးဝင်းကြိုင်ရဲ့ ဇနီး ကွယ်လွန်သူ ဒကာမကြီး ဒေါ်အုန်းကျင်ရဲ့ (၇)ရက်ပြည့် ရက်လည်ဆွမ်းကျွေးကို ကြွကြရမှာပါ။ နိုင်ငံတော် သံဃမဟာနာယက အကျိုးတော်ဆောင်ချုပ် ညောင်တုန်း ဆရာတော်ကြီး ကိုယ်တိုင် ကြွမှာမို့ သူ့ကို လောဆော်တော့တာပါ။ ဆရာတော်ကြီးတွေက ၅း၃၀ နာရီမှာ အရောက် ကြွမှာဆိုတော့ သူတို့လို ရဟန်းငယ်တွေက ၅း၀၀ နာရီတိတိမှာ စောစီးစွာ ရောက်နေသင့်တာပေါ့ ။ ဒီတော့လည်း တံခါးခေါက်သံက ပိုကျယ်သွားတာဖြစ်ပါလိမ့်မယ်။
Get up!
Please get up!
အိုကေ အိုကေ။

(၂)

ကျောင်းတိုက်တစ်ခုမှာ ဘတ္တုဒ္ဒေသကရဟန်းရဲ့ အခန်းက အရေးကြီးပါတယ်။ ဘတ္တုဒ္ဒေသက ရဟန်းဆိုတာ ဆွမ်းစားကျောင်း ဘုန်းကြီးလို့ လွယ်လွယ်ကူကူ ခေါ်ကြပေမယ့် ကျောင်းတိုက်တစ်ခုလုံးရဲ့ မော်ကွန်းထိန်းသဖွယ်ပါ။ ကျောင်းတိုက်ရဲ့ သံဃာတော် စာရင်းတွေ လက်ကိုင်ထားပြီး ဆွမ်းကွမ်း ဝေယျာဝစ္စတွေကို စီမံခန့်ခွဲရတာပါ။

ပဓာနနာယက ဆရာတော်၊ နာယကဆရာတော်၊ စာချဆရာတော်နဲ့ စာသင်သား ရဟန်းသာမဏေတို့ရဲ့ အရေးအရာတွေ တော်တော်များများကိုလည်း သိနေရပါတယ်။ နာမကျန်း ဂိလာနရဟန်း၊ ဧည့်သည် အာဂန္တုကရဟန်းနဲ့ ကပ္ပိယကျောင်းသား စာရင်းတွေကိုလည်း မျက်ချည်ပြတ်လို့ မရပါဘူး။ နောက်ဆုံး ဆွမ်းကျန် ဟင်းကျန်စွန့်ချိန်ကို စောင့်မျှော်နေကြရှာတဲ့ ဖုန်းတောင်းယာစကာတို့ရဲ့ ဖြန့်နေတဲ့ လက်တွေကို ဖြည့်ဆည်းဖို့အထိ စဉ်းစားထားရတာပါ။

ကိုးကွယ်သူ ဒကာဒကာမတွေနဲ့ ဆက်ဆံရေး ကောင်းမွန်ဖို့ကတော့ ဘတ္တုဒ္ဒေသကရ ဟန်းတစ်ပါးအတွက် မရှိမဖြစ်လိုအပ်တဲ့ အရည်အသွေးပဲ ဖြစ်ပါတယ်။ စရိုက်အမျိုးမျိုးရှိတဲ့ ဒကာဒကာမတွေရဲ့ စိတ်နေစိတ်ထားနဲ့ သဒ္ဓါတရားကို မြင်အောင် ကြည့်နိုင်ဖို့ကလည်း မလွယ်ကူတဲ့ ဘာသာရပ်တစ်ခုပါပဲ။ ဒကာဒကာမတွေ သဒ္ဓါတရား မတိုးပွားသည့်တိုင် သဒ္ဓါတရား လျော့ပါးမသွားအောင် ကြီးကြပ်ရတာပါ။ ဒါနကို သဘာဝကျအောင် လှူချင်သူတွေ ရှိသလို ပကာသနလေးနဲ့ လှအောင် လှူချင်သူတွေလည်း ရှိနေတတ်ပါရောလား။
ချုံ့မလား၊
ချဲ့မလား၊
ဘာပဲဖြစ်ဖြစ် ဘတ္တုဒ္ဒေသက ရဟန်းတစ်ပါးဟာ ဒကာ ဒကာမတို့ရဲ့ နတ်လမ်းညွှန်ကောင်း ဖြစ်ဖို့ အရေးကြီးတာက သေချာလှပါတယ်။
ပြီးတော့ ကျောင်းတိုက်နဲ့ ပတ်သက်တဲ့ သာရေးနာရေး ပင့်ဖိတ်လွှာတွေကိုလည်း စီမံခန့်ခွဲရပါသေးတယ်။

ဘယ်နာယက ဆရာတော် ဘယ်စာချ ဆရာတော်ကတော့ ဘယ်ပရိသတ်၊ ဘယ်ပွဲသဘင်နဲ့ ကိုက်ညီတယ်၊ ဘယ်ပရိသတ်ကတော့ ဘယ်နာယက ဆရာတော် ဘယ်စာချ ဆရာတော်ကိုပဲ လိုလားတယ်၊ ဘယ်ပရိသတ်ကတော့ ပဓာန နာယက ဆရာတော်ကိုယ်တိုင် ကြွစေချင်တယ်။ နောက်ဆုံး ပြောကြဆို့ဆိုရင် ကိုယ်တိုင် မြတ်နိုးနိုး ပင်ပင်ပန်းပန်း ချက်ပြုတ်ထားတဲ့ ဆွမ်းကို အားရပါးရ များများဘုန်းပေးတာကို ဘေးကထိုင်ပြီး ကြည်နူးချင်တဲ့ ဒကာဒကာမတွေ အတွက် အစားကောင်းတဲ့ ကိုယ်တော်ကြီး ကိုယ်တော်လေးတွေကို တစေ့တစောင်း အကဲခတ် မှတ်သားထားရတဲ့ အထိ။

စီမံခန့်ခွဲမှု လွဲချော်ခဲ့ရင်လည်း သီတင်းသုံးဘော် ရဟန်းများရဲ့ အမြင်တိမ်းစောင်းမှုကို ခံရတတ်ပါသေးတယ်။ သတိကြီးစွာ အထားရဆုံး အရေးအရာကတော့ ကျောင်းတိုက် သံဃာထုတစ်ရပ်လုံးနဲ့ သက်ဆိုင်တဲ့ ပစ္စည်းလာဘ်လာဘတွေ အလွဲ မသုံးမိအောင်ပါပဲ။ သံဃာ့ပစ္စည်း ဆိုတာ အဆိပ်သီးလို့ ရှေးပညာရှိတွေက သတိပေးခဲ့ကြတာ ကြားဖူးကြမှာပါ။ တကယ်တော့ ဘတ္တုဒ္ဒေသက ရဟန်းတစ်ပါးဟာ ဓါးသွားပေါ်မှာ လှပစွာ လျှောက်တတ်ဖို့ အထူးကျွမ်းကျင်မှု လိုအပ်တဲ့ ဆပ်က ဆရာတစ်ယောက်လိုပါပဲ။ ဘတ္တုဒ္ဒေသက ရဟန်းရဲ့ လောကဓံကို ပွက်ပွက်ညံအောင် ခံတော်မူရရှာတဲ့ ရဟန္တာ ကိုယ်တော်မြတ်ကြီး တစ်ပါးလည်း ဘုရားရှင် လက်ထက်တော်မှာ ရှိခဲ့ပါသေးတယ်။ နောင်များမှာ သီးခြားရေးပါဦးမယ်။


(၃)

အခု သူနေထိုင် သီတင်းသုံးပြီး စာပေပို့ချနေရာ မြို့မကျောင်းတိုက်ကြီးရဲ့ ဒုတိယ ဆရာတော်ကြီးဟာ ဆဋ္ဌသင်္ဂါယနာ ပွဲတော်ကြီးမှာ ပြောင်မြောက်ထူးချွန်တဲ့ ဘတ္တုဒ္ဒေသက ရဟန်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဆဋ္ဌသင်္ဂါနာ ပွဲတော်ကြီးအောင်မြင်စွာ ကျင်းပပြီးတဲ့ ပြည်ထောင်စု မြန်မာနိုင်ငံတော် သံဃနာယက အဖွဲ့ကြီးရဲ့ မဟာနာယက ဥက္ကဋ္ဌဖြစ်တော်မူတဲ့ မစိုးရိမ် ဆရာတော်ဘုရားကြီးက “ဆဋ္ဌသံဂါယနာ သံဃဟိတဓရ” ဆိုတဲ့ဘွဲ့ကို နှင်းအပ်ခြင်း ခံယူခဲ့ရတာပါ။ အဲဒီခေတ်က မင်းကွန်းဆရာတော် မဟာစည်ဆရာတော် တို့လို သာသနာ့ ထိပ်တန်း အကျော် ဆရာတော်ကြီးတွေရဲ့ ချစ်ကြည် ရင်းနှီးမှုကိုလည်း ခံယူခဲ့ရပါသေးတယ်။

သင်္ဂါယနာ ၀န်ဆောင် သာသနာ့ အာဇာနည် သံဃာတော်ပေါင်း (၂၅၀၀)နဲ့ ကမ္ဘာအရပ်ရပ်က သံင်္ဂါယနာပွဲ တက်ရောက်လာတဲ့ ဆရာတော် များစွာအတွက် စီမံခန့်ခွဲရတဲ့ တာဝန်ကို ပိုင်နိုင်ကျွမ်းကျင်စွာ ထမ်းဆောင်နိုင်ခဲ့တဲ့ ဆရာတော်ကြီးကတော့ ဂုဏ်ယူ အားကျစရာကြီးပါ။ ကမ္ဘာအေး ကုန်းမြေက ဥတ္တရကုရု အဆောင်ကြီး ရှေ့မျက်နှာစာမှာ နိသီဒိုင်အခင်းလေး ပုခုန်းပေါ်တင်လွှားလို့ သံဃာ့ကျွန်၊ သာသနာ့ကျွန်အဖြစ် ပျော်မွေ့နေတဲ့ ဆရာတော်ကြီးရဲ့ ဒုတိယအရွယ် ပုံရိပ်အချို့ကို ဓါတ်ပုံ မှတ်တမ်းများမှာ ဖူးမျှော်ခဲ့ရဖူးပါတယ်။

“တစ်သံသရာလုံး သားကျွန် မယားကျွန် ဘ၀မှာပဲ နစ်မွန်းခဲ့တာ၊ ဒီဘ၀ သာသနာနဲ့ ကြုံတောင့်ကြုံခဲမို့ သာသနာ့ကျွန်၊ သံဃာ့ကျွန် ခံစမ်းပါရစေ။ မတားကြပါနဲ့ဘုရား” လို့ ပြောခဲ့ဖူးတဲ့ လယ်တီ ဆရာတော်ကြီးရဲ့ စကားကို အမှတ်ရစရာပါ။ လယ်တီ ဆရာတော်ကြီးကလည်း မုံရွာမြို့ထဲက ကျောင်းတိုက်မှန်သမျှ ၀င်ပြီး ကုဋီအိမ်သာ ဆေးကြောတာကအစ သံဃာ့ ဝေယျာဝစ္စ လုပ်လေတော့ မြို့ခံရဟန်းတွေက ဂုဏ်ရှိန်မြင့်မားတဲ့ ဆရာတော်ကြီးရဲ့ ဝေယျာဝစ္စ ကုသိုလ်ကို မခံယူရဲလို့ စုပေါင်းလျှောက်ထားတဲ့ အခါ လယ်တီ ဆရာတော်ကြီးက ပြန်လည် လျှောက်ထားတဲ့ စကားပါ။်

မြို့မဆရာတော်ကြီးဟာ သံဃာ့ အဖွဲ့အစည်း အဆင့်ဆင့်က ပေးအပ်လာတဲ့ အခြားသော သာသနာရေး တာဝန်တွေကိုလည်း ရှေ့တိုး ဆောင်ရွက်ခဲ့တာ ချည်းပါပဲ။ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့စည်းကြီး မပေါ်ပေါက်မီက ခေတ်အလိုက် ဖွဲ့စည်းခဲ့တဲ့ မြန်မာနိုင်ငံ ကျောင်းထိုင် ဘုန်းတော်ကြီးများ အဖွဲ့ချုပ်၊ နယ်စပ် တောင်တန်းသာသနာပြု အဖွဲ့မျိုးတွေနဲ့ သံဃာ့ဝိနိစ္ဆယ အဖွဲ့တွေမှာ တက်ကြွစွာပါဝင်ခဲ့ပါတယ်။ ပရဟိတ အကျိုးများလွန်းတဲ့ မရမ်းကုန်းမြို့နယ် အထက(၁)၊ အမက(၂) တို့လို အခြေခံပညာ စာသင်ကျောင်းကြီး တွေကို ဦးစီး တည်ထောင်နိုင်တဲ့ အထိ ဘုန်းကံ ကြီးမားတော်မူသလို စီမံ ခန့်ခွဲရာမှာလည်း သေသပ်တော် မူပါတယ်။ ဆရာတော့်ကို ဂုဏ်ပြုပူဇော်တဲ့ အနေနဲ့ မရမ်းကုန်း အထက(၁)ရဲ့ ခန်းမကြီးကို ဆရာတော့် ဘွဲ့အမည်တော်နဲ့ စန္ဒိမာ ခန်းမလို့ ကမ္ပည်း ရေးထိုးထားပါရောလား။ နှစ်စဉ် စန္ဒိမာ ပညာရည်ချွန်ဆု ဆွတ်ခူးယူနေကြတဲ့ မျိုးဆက်သစ်တွေ ဟာလည်း ကမ္ဘာ့နေရာ အသီးသီးမှာ ဆရာတော်ကြီး လျှောက်ခဲ့တဲ့ ဗြဟ္မစိုရ်လမ်းကိုပဲ ဆက်လျှောက်နေကြမှာမို့ ဆရာတော်ကြီးရဲ့ ဘယ်တော့မှ မခန်းခြောက်နိုင်တဲ့ ပညာ စမ်းရေအိုင်ကြီးထဲ မုဒိတာနဲ့ ကူးနေမိတတ်ပါတယ်။

(၄)

မျက်နှာသစ် ရေချိုးပြီး သင်္ကန်းရုံ ယပ်တောင်ထမ်း ထွက်လာတော့ ဘတ္တုဒ္ဒေသက ရဟန်းတော်နဲ့အတူ ဆွမ်းစားကြွမယ့် ဘုန်းတော်ကြီးများက အသင့်ဖြစ်နေကြပါပြီ။

ဓမ္မဂင်္ဂါ-အရှင်ဝိစိတ္တသာရ

No comments: