23 October, 2009

ဧဟိသွာဂတံ ဆိုင်းဘုတ်လေးတွေဆီ



၁-က

သိပ္ပံ နည်းပညာတွေက မှော်ဆရာ တစ်ယောက်ရဲ့ ကြိမ်လုံးလို ကမ္ဘာကြီးကို ချုံ့ပစ်လိုက်ပါတယ်။ ကမ္ဘာကြီးက ရွာလေးတစ်ရွာ ဖြစ်သွားတဲ့အခါ ဂလိုဘယ်လိုက်ဇေးရှင်း ဆိုတဲ့အသံတွေက ပဲ့တင်ထပ် ကျယ်လောင်လာခဲ့ ပါတော့တယ်။ အရှေ့အနောက် ယဉ်ကျေးမှု စီးပြန့်နှုံးကလည်း မျက်စိမှိတ်ချိန် လက်ဖျစ်တီးချိန်တောင် မရ လိုက်ပါဘူး။ ကမ္ဘာတစ်ခြမ်းက မျက်နှာက ကမ္ဘာတစ်ခြမ်းမှာ ဘွားကနဲ ပေါ်လာ၊ ကမ္ဘာတစ်ခြမ်းက အသံက ကမ္ဘာတစ်ခြမ်းမှာ ၀ုန်းကနဲ ပေါက်ကွဲ။ သွားကြ လာကြ လေ့လာကြ လည်ပတ်ကြ စီးပွားကူးသန်းကြနဲ့ ပွဲဈေးခင်းလေး ဖြစ်နေတဲ့ ကမ္ဘာမြေ ကျဉ်းကျဉ်းလေးထဲမှာ ကမ္ဘာ့စီတီဇင် တစ်ဦးနဲ့တစ်ဦး မလွဲမသွေ ခလုတ်တိုက်ကြ ဆက်ဆံကြရပါပြီ။ ပြုံးပြရုံနဲ့ လုံလောက်ရင် ပြုံးပြ၊ လက်ဆွဲ နှုတ်ဆက်သင့်ရင်လည်း နှုတ်ဆက်လို့၊ မဖြစ်မနေ စကားပြောရမယ် ဆိုရင်လည်း ပြောကြရုံပဲပေါ့။ အကြောင်းအမျိုးမျိုးနဲ့ အတူ အလျဉ်ဖြစ်နေတဲ့ ရာစုသစ် စီးကြောင်းထဲမှာ ကိုယ်က ရေသေအဖြစ် ကျန်မနေခဲ့ဖို့ အရေးကြီးလှပါတယ်။ ပင်လယ်ဆီ အရောက်သွားမလား၊ နွံဖြစ်ပြီး နစ်နေခဲ့မလား။

၁-ခ

ဒေသ ယဉ်ကျေးမှု ဘာသာစကာားနဲ့ အတွေးအခေါ် တွေကို အရောင်အသွေး ကွဲပြားစွာ ၀တ်ဆင်ထားတဲ့ လူအချင်းချင်း ထိပ်တိုက် တွေ့ဆုံကြတဲ့အခါ ကိုယ့်ရင်ဘတ်မှာ သတိမီးပွိုင့်လေး တပ်ဆင်ထားဖို့ လိုအပ် လာပါလိမ့်မယ်။ နီရင်ရပ်၊ ၀ါရင်ကြည့်၊ စိမ်းရင်တော့ သွားပေါ့လေ။ ဒီလိုမှ မဟုတ်ဘဲ တစ်စုံတစ်ခု လွဲချော်ခဲ့ပြီ ဆိုရင်တော့ ပဋိပက္ခနဲ့ တွန်းတိုက်မှုတွေ ၀ိရောဓိနဲ့ ငြင်းခုန် ရန်လိုမှုတွေဟာ မငြိမ်းသတ်နိုင်တဲ့ မီးတောက် မီးလျှံများ ပမာ လောင်မြိုက် ကြတော့မှာ ဖြစ်ပါတယ်။ ဒီနေရာမှာ တစ်ဦးတစ်ယောက်ရဲ့ ရပ်တည်မှုနဲ့ ဂုဏ်သိက္ခာကို တစ်ဦးတစ်ယောက်က အသိအမှတ် ပြုတတ်ဖို့၊ လေးစားတတ်ဖို့၊ ဖေးမတတ်ဖို့ ပညာ၊ လူမှုဆက်ဆံရေး နည်းနာ (Etiquette)တွေဟာ အဓိက အခန်းကဏ္ဍအဖြစ် ပါဝင်လာကြရပါပြီ။

၁-ဂ

လူမှုနီတိကျမ်းနဲ့ ပညာ အဆိုအမိန့်တွေ ဘယ်လိုပဲ ဖတ်ဖတ်၊ ဘယ်လောက်ပဲ လေ့လာ လေ့လာ၊ တကယ် လက်တွေ့ ကျင့်သုံးမှသာ ထိရောက် အောင်မြင်နိုင်မှာပါ။ ဒါပေမယ့် ကံဆိုးလှစွာ တစ်ခါတစ်ရံမှာတော့ မထင်မှတ်ပဲ သတိ လွတ်ကျသွားလို့ ဖြစ်ပေါ်လာရတဲ့ ဆက်ဆံရေး အကြိတ် အဖုလေး တစ်ခုအတွက် နားလည်မှု လွဲမှားခြင်းနဲ့အတူ အနှိုင်းဆမဲ့ ဆုံးရှုံးမှုတွေ အုံကျင်းဖွဲ့ ၀င်ရောက်လာ တတ်ပါတယ်။ အမှန်တကယ်လည်း ဆုံးရှုံးခဲ့ကြဖူးပါတယ်။ တစ်သက်လုံး မွေးလာတဲ့ ကြက်ကိုလည်း တစ်မနက်တည်းနဲ့ ရိုက်သတ်ခဲ့ကြ ဖူးပါတယ်။ စကားတစ်ခွန်း၊ အမူအရာ တစ်ချက်နဲ့လည်း နာလည်မှု ကမ်းပါးတွေ ပြိုကျခဲ့ဖူးပါတယ်။ ဒီလိုနဲ့ ရင်းနှီး ကျွမ်းဝင်ဖူးသူတို့ရဲ့ သူစိမ်းဆန်တဲ့ အသွင်အပြင်တွေ ကြားမှာ ချောက်ခြားစွာ ရှက်ရွံ့ နာကျင်ခဲ့ကြ ဖူးပါတယ်။ တကယ်ပါပဲ လူမှုဆက်ဆံရေး ပညာဟာ လူတိုင်းလူတိုင်း နေ့စဉ် ဖြေဆိုနေကြရပြီး အမှတ်ကောင်းကောင်း ရဖို့လည်း မသေချာတဲ့ ဘာသာရပ် တစ်ခု ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဖြေတော့ ဖြေနေကြရ ဦးမှာပါပဲ။

၂-က

ပိဋကတ် ပြတင်းပေါက်ကနေ ဖြတ်ကနဲ လှမ်းပြီး ဖူးမြင်လိုက်ရတဲ့ ဗုဒ္ဓအရှင်ရဲ့ လူမှုဆက်ဆံရေး အခင်းအကျင်း ကတော့ ကြည်ညို လေးမြတ်ဖွယ်၊ ကြည်နူး အံသြဖွယ် ကောင်းစွာ ရင်ကို ထိရှခဲ့ပါတယ်။ လှိုက်လှဲပျူငှါ ရှိလှတဲ့ ဗုဒ္ဓအရှင်ရဲ့ ဆက်ဆံရေး နည်းနာများက ဗုဒ္ဓနဲ့ တွေ့ဆုံဖူးသူတိုင်းရဲ့ ရင်ထဲမှာ မှတ်မှတ်ရရ စွဲထင် စိမ့်ကျန်ရစ်နေခဲ့ သလို နှုတ်ကလည်း တဖွဖွ၊ စိတ်ကလည်း တသသ ဖြစ်ခဲ့ရပါတယ်။ သူတို့ရင်ထဲက ပဲ့တင် လျှံဝေကျလာတဲ့ ဗုဒ္ဓအရှင်ရဲ့ လူမှုရေးဆိုင်ရာ ဘုန်းတော် ဘွဲ့များစွာထဲမှာ ဧဟိသွာဂတ ၀ါဒီ ဆိုတဲ့ ပါဠိစကားလုံးက ရိုးရှင်း လှပသလောက် နက်ရှိုင်း ကျုယ်ဝန်းတဲ့ အဓိပ္ပါယ်တွေကို ဖော်ဆောင် နေပါတယ်။ လှည့်ဖြား သွေးဆောင်မှုမှာ အာဝဋ္ဋနီမာယာ အတတ်တစ်မျိုးကို အသုံးပြုသူအဖြစ် ပြိုင်ဘက် မိစ္ဆာတို့ရဲ့ စွပ်စွဲတိုက်ခိုက်မှုနဲ့ အထင်လွဲမှားအောင် ၀ါဒဖြန့်မှုကို ခံယူတော် မူခဲ့ရရှာသေးတဲ့ အရှင်မြတ်ရဲ့ ခမ်းနားတဲ့ အပြုံးတော်မှာ မဟာ ကရုဏာဓါတ်နဲ့အတူ တောက်ပ သန့်စင်နေတဲ့ ရိုးသားမှုများသာ လင်းလက် သီးပွင့်ခဲ့ကြောင်း အဲဒီ ပါဠိစကားလုံးလေးက ခေတ်အဆက်ဆက် သက်သေ ဖြစ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကျော်က မိတ္တဗလဋီကာမှာ မာယာ တစ်စွန်းတစ်စ မပါဝင်ခဲ့ကြောင်း သေချာခဲ့ပါတယ်။

၂-ခ

အားလုံးသည် ဗုဒ္ဓဘာသာအတွက် မဖြစ်နိုင်သော်လည်း ဗုဒ္ဓဘာသာသည် အားလုံးအတွက် ဖြစ်သည်တဲ့။ လူမျိုး အသီးသီးရဲ့ ဓလေ့ ထုံးစံတိုင်းမှာ နှုတ်ဆက်ခြင်းဟာ ယဉ်ကျေးသော အမူအရာ အဖြစ် လက်ခံထားကြပါတယ်။ နှုတ်ဆက်ပုံ အခြင်းအရာ စကားတွေကိုလည်း ကြွယ်ဝစွာ ပိုင်ဆိုင်ကြပါတယ်။ ဒါပေမယ့် အဲဒီ တံခါးချပ်တွေဟာ လူတိုင်းအတွက် ပွင့်ခဲ့တာမှ ဟုတ်ပါရဲ့လား။

ဗုဒ္ဓ အရှင်ကတော့ ကမ္ဘာမြေရဲ့ နံရံအားလုံးအတွက် ဧဟိသွာဂတံ ဆိုတဲ့ နှုတ်ခွန်းဆက် တံခါးချပ်ကို ဖွင့်လို့ သစ္စာ ညောင်ရိပ်အောက်မှာ သန္တိသုခ ရေချမ်းစင် တည်ထားခဲ့ပါပြီ။ လူတန်းစား အလွှာအသီးသီး၊ ပြဿနာအဖုံဖုံ၊ အကြောင်းအရာ အသွယ်သွယ်၊ ပုံသဏ္ဍာန် အမျိုးမျိုးနဲ့ ချဉ်းကပ်လာသူတိုင်း အတွက် ဗုဒ္ဓအရှင်ရဲ့ နှုတ်တော်က နုညံ့သိမ်မွေ့စွာ စီးဆင်းလာတဲ့ တစ်ခွန်းတည်းသော နှုတ်ဆက်စကား ကတော့ ‘’ဧဟိ သွာဂတံ‘’ ပဲ ဖြစ်ပါတယ်။ ဧဟိ-လာပါ၊ သွာဂတံ-ကောင်းသော လာခြင်းပါပဲ တဲ့။ ဗုဒ္ဓအရှင်ရဲ့ အသံတော်ကို အာရုံညွတ်ပြီး တစ်ခေါက်လောက် နားထောင် ကြည်ညို ကြည့်လိုက်ပါ။ အနောက်တိုင်း ဓလေ့နဲ့ ရင်းနှီး ကျွမ်းဝင်သူတစ်ယောက် ဆိုရင်တော့ “Come, you are welcome.’’ လို့များ ကြားရလေမလား။ ဘယ်လောက်များ အေးမြ ငြိမ်းချမ်းလိုက်ပါသလဲ။ နေပူကြဲကြဲ ချွေးပြိုက်ပြိုက်ကျ ဖုန်းဆိုးတော ခရီးမှာ ညောင်ရိပ်နဲ့ ရေချမ်းစင်ကို တွေ့လိုက်ရသလိုမျိုး မခိုနားမီက အမောပြေ အေးမြစေနှင့်မယ့် နှစ်လိုဖွယ်ရာ လုပ်ဆောင်ချက်လေး တစ်ခုပဲ ဖြစ်ပါတယ်။ အလွန် ယဉ်ကျေးပါတယ် ဆိုတဲ့ အနောက်တိုင်းသား တွေရဲ့ နှုတ်ဆက်စကားဟာ ဧဟိသွာဂတံက ဆင်းသက်လာခြင်းပဲ ဖြစ်ပေလိမ့်မယ်။

၂-ဂ

နေ့စဉ်နဲ့အမျှ တနည်းနည်းနဲ့ ဆက်စပ် နွှယ်ယှက်နေကြရတဲ့ လူတွေထဲမှာ တစ်ချို့က မိမိတို့ရဲ့ ထွန်းကား အောင်မြင်နေတဲ့ လက်ရှိဘ၀ကို အသိအမှတ်ပြုပြီး ဆက်ဆံစေချင် ကြပါတယ်။ တစ်ချို့ကတော့ မိမိတို့ရဲ့ ပါးလျှကျရှုံးနေတဲ့ လက်ရှိဘ၀ကို မေ့ပျောက် လွှဲဖယ်ပြီး ဆက်ဆံ စေချင်ကြပါတယ်။ အဲဒီအချက်ကို မျက်ကွယ်ပြုပြီး မြင့်မားသူကို မုဒိတာ မပွားနိုင်ဘူး၊ နိမ့်ပါးသူကို ကရုဏာ မထားနိုင်ဘူး ဆိုရင်ဖြင့် ကိုယ့်ထက် သာသူကို မြင်တိုင်း မနာလိုမှု၊ ကိုယ့်အောက် နိမ့်ပါးသူကို တွေ့တိုင်း ၀န်တိုမှု အကုသိုလ် တရားတွေရဲ့ လှိုက်စားမှုကို ခံစားကြရမှာ အမှန်ပါပဲ။ ဒီလိုနဲ့ပဲ အတုအယောင် ဆက်ဆံရေး နယ်ပယ်ထဲမှာ မလတ်ဆတ်တဲ့ အပြုံးတွေကို ဖန်တီး ကျင်လည်ရင်း ကိုယ်လည်း မချမ်းသာ၊ သူလည်း မကြည်ဖြူ ဖြစ်ကြ ရပါတော့တယ်။

ဗုဒ္ဓ အရှင်မြတ်ကတော့ ကရုဏာ၊ မုဒိတာတွေ ထုံမွှမ်းထားတဲ့ ဧဟိ သွာဂတံ မေတ္တာရေ စစ်စစ် တစ်ခွက် လူတိုင်းအတွက် အကျုံးဝင်စေတော် မူခဲ့ပါတယ်။ လူတိုင်းရဲ့ ရပ်တည်မှုကို အသိအမှတ်ပြုပြီး လူတိုင်းရဲ့ ဂုဏ်သိက္ခာကို မြှင့်တင် ပေးတော်မူခဲ့ပါတယ်။ ဧဟိ သွာဂတံ ဆိုတဲ့ စကားတော် တစ်ခွန်းဟာ ဧကရာဇ် ဘုရင်တစ်ပါးရဲ့ ၀င့်ကြွားမှုကို ခိုင်မာ တည်ကြည် စေခဲ့ပါတယ်။ သူဖုန်းစား တစ်ယောက်ရဲ့ သိမ်ငယ်မှုကို ပျယ်လွင့် မေ့ပျောက် စေခဲ့ပါတယ်။ သူကြွယ်တစ်ဦးရဲ့ သဒ္ဓါတရားကို တိုးပွား မြင့်တက် စေခဲ့ပါတယ်။ ပညာရှင် တစ်ဆူရဲ့ ထောင်လွှားမှုကို သိမ်မွေ့ မျှတစေခဲ့ပါတယ်။ ဗုဒ္ဓအရှင်မြတ်ရဲ့ ဗြဟ္မစိုရ် ဖြန့်ခင်းထားတဲ့ ဧဟိ သွာဂတံ လမ်းမှာ ပသေနဒီကောသလ၊ ဗိမ္ဗိသာရတို့လို တိုင်းကြီး ပြည်ကြီးရှင် ဘုရင်မင်းမြတ်တွေ လာခြင်း ကောင်းခဲ့ကြ ပါတယ်။ ကုဋ္ဌနူနာ စွဲကပ်နေတဲ့ သုပ္ပဗုဒ္ဓတို့လို အိမ်ခြေယာမဲ့တွေ လာခြင်း ကောင်းခဲ့ကြ ပါတယ်။ အနာထပိဏ္ဍိက၊ ဇောတိကတို့လို ကုဋေကြွယ် သူဌေးကြီးတွေ လာခြင်း ကောင်းခဲ့ကြ ပါတယ်။ ပေါက္ခရသာတိ၊ ဗြဟ္မာယုနဲ့ ကူဋဒန္တတို့လို ပညာရှင် ပါမောက္ခ ပါရဂူကြီးတွေ လာခြင်း ကောင်းခဲ့ကြ ပါတယ်။ ဗုဒ္ဓခေတ် အိန္ဒိယပြည်ကြီးဟာ လာခြင်း ကောင်းသူတို့ရဲ့ သာသနာ့ အရောင်၊ ဓမ္မအသံ၊ သစ္စာအသိတွေ တောက်ပ လင်းလက်၊ ပျံ့လွင့်စည်ဝေ၊ အေးမြငြိမ်းချမ်းရာ ဒေသကြီး တစ်ခုအဖြစ် မော်ကွန်းရေးထိုး နိုင်ခဲ့ပါ တော့တယ်။

၃-က

လူသား တစ်ဦးနဲ့တစ်ဦး ကူးလူး ဆက်သွယ်မှုမှာ ယုံကြည် ကိုးစားမှု၊ မျှော်လင့်ချက်၊ ရင်းနှီး ကျွမ်းဝင်မှုနဲ့ အခြားသော အရာတွေများစွာ ပါဝင်နေခဲ့ကြ ပါတယ်။ လူတစ်ယောက်က လူတစ်ယောက် ဆီကို သွားတယ် လာတယ်ဆိုတာ အကြောင်းမဲ့ သက်သက် ဖြစ်ပေါ်ခဲ့တာတော့ မဟုတ်ပေဘူး။ ဒီတော့ ကိုယ့်ဆီ ရောက်လာသူ တစ်ယောက်ရဲ့ ရင်ထဲမှာ ဘယ်လိုဆန္ဒနဲ့ ရည်ရွယ်ချက်တွေ စိမ့်ယို ပျော်ဝင်နေခဲ့ကြ သလဲ။ အလွမ်းတွေလား၊ အပျော်တွေလား၊ လောကဓံ အခက်အခဲတွေလား။

တကယ်ပါ လူဆိုတာ ဝေဒနက္ခန္ဓာရဲ့ တွန်းအားနဲ့ အလွမ်းတွေကို မျှဝေချင်ပါတယ်။ အပျော်တွေကို ကူးစက်စေချင် ပါတယ်။ အခက်အခဲတွေကို ရင်ဖွင့်ချင် ပါတယ်။ အဲဒီအလွမ်း အဲဒီအပျော် အဲဒီအခက်အခဲ တွေကိုမှ မျက်ကွယ်ပြု လစ်လျူရှုခဲ့မိကြ လေသလား။ အဲဒီအလွမ်း အဲဒီအပျော် အဲဒီအခက်အခဲ တွေကိုပဲ နားလည် စာနာမှုနဲ့အတူ နွေးထွေးစွာ သိမ်းပိုက်မိခဲ့ကြ ပါလေစ။ လူတစ်ဦးက လူတစ်ဦးကို အသိအမှတ်ပြုတယ် ဆိုတာ အသိအမှတ်ပြု ခံရသူရဲ့ ဘ၀ခွန်အားကို အရှိန် မြှင့်ပေးလိုက်ခြင်းပဲ ဖြစ်ပါတယ်။ ခုတော့ သတိတရ လွမ်းစိတ်နဲ့ လာခဲ့တယ်၊ တင်းမာ စိမ်းပြတ်တဲ့ အကြည့်တွေကိုပဲ ရင်ဆိုင်လိုက် ရတယ်။ မေတ္တာ စေတနာ တနင့်တပိုးနဲ့ ကံကောင်းခြင်း ယူဆောင် လာခဲ့တယ်၊ အရေးမထားခြင်းက စောင့်ကြိုနေခဲ့တယ်။ အမှားတွေကို တည့်မတ်ပေးဖို့ လာခဲ့တယ်၊ နားလည်မှု လွဲမှားခြင်းကိုပဲ ရိတ်သိမ်းလိုက်ရတယ်။ အခက်အခဲ တွေကို ဖွင့်ဟဖို့ မျှော်လင့်ချက် အပြည့်နဲ့ လာခဲ့တယ်၊ ဖြစ်နိုင်ပါလျက်နဲ့ ငြင်းပယ် ခံလိုက်ရတယ် (ဒါမှ မဟုတ်ရင်လည်း) ကိုယ်ကိုယ်တိုင် မပြောရက်တဲ့ စကားတွေကို ကိုယ်တိုင် နားထောင်ရဲမှ မဖြစ်စလောက် အကူအညီလေး တစ်ခုနဲ့ ပစ်ပေါက်ခြင်း ခံလိုက်ရတယ်။
“ဒီကတော့ လွမ်းလိုက်ရတာ၊” “ဒီမှာတော့ စေတနာတွေ ထားလိုက်ရတာ၊” “သူမို့ ဒီလို ပြောရက်တယ်၊” ဆိုတဲ့ အတွေးတွေက ရင်ကို လှိုက်စား ဖဲ့ချွေခဲ့ကြ ဖူးပါပြီ။ ဒီလိုနဲ့ အတုံ့အလှည့် စက်ဝိုင်းထဲ သူကအလှည့် ကိုယ်က အတုံ့၊ ကိုယ်က အလှည့် သူက အတုံ့ ရုပ်ဆိုးလွန်းစွာ လည်ပတ် နေကြရ ပါတော့တယ်။ တစ်ဦးက တစ်ဦးဆီ သွားဖို့ ခြေလှမ်းတွေ ဆွံ့အခဲ့ကြ ပါတော့တယ်။ “လူသာ လာပါ ပြဿနာ ခေါ်မလာပါနဲ့” “ကျွန်ုပ် ဒုက္ခရောက်စဉ် သင် ဘာကူညီဖူးသလဲ” အဲလိုမျိုး ဆိုင်းဘုတ်တွေကို ဘယ်လောက်ကြာအောင် မသိဆိုးဝါးစွာ ချိတ်ဆွဲခဲ့ကြ ပြီးပြီလဲ၊ အဲဒီဆိုင်းဘုတ်တွေ ရှေ့ကနေ ဘယ်နှစ်ကြိမ် ရှက်ရွံ့ကြေကွဲစွာ လှည့်ပြန်ခဲ့ကြ ပြီးပြီလဲ။

၃-ခ

ဗုဒ္ဓအရှင်မြတ်ဟာ ကိုယ်တော်တိုင် ကမ္ဘာလောကကြီး အတွက် လာခြင်းကောင်းသော အရှင်သုဂတ ဖြစ်သလို အရှင်မြတ်ထံပါး အကြောင်း အမျိုးမျိုးနဲ့ ချဉ်းကပ်လာသူတိုင်း ကိုလည်း လာခြင်းကောင်းသူ သွာဂတ တွေ ဖြစ်စေလိုတဲ့ ဆန္ဒတော်သာ အမှန်ရှိခဲ့ပါတယ်။ လောကဓံ အပျက်အစီးတွေ ဒုက္ခပင်လယ် ဝေပြီး အရူးမတစ် ယောက်လို ၀ိုင်းပယ် ဟားတိုက်ခြင်း ခံနေရရှာတဲ့ ပဋာစရာ (ပဋာစာရီ) ကို နားလည် စာနာစွာ သွာဂတဖြစ်စေ တော်မူခဲ့ပါတယ်။ ဓမ္မ ဆာလောင်မွတ်သိပ်မှုနဲ့ အတူ မေးခွန်း ပြဿနာတွေ လေးလံစွာ ထမ်းပိုးလာခဲ့တဲ့ သုဘဒ္ဒကိုလည်း ပရိနိဗ္ဗာန် စံဝင်ဖို့ နာရီပိုင်းသာ လိုတော့တဲ့ နောက်ဆုံး အချိန်မှာတောင် မဟာ ကရုဏာကြီးစွာ သွာဂတ ဖြစ်စေတော် မူခဲ့ပါသေးတယ်။ ယုတ်စွအဆုံး အစွယ်ငေါငေါမှာ ရန်လိုမှုတွေ တပ်ဆင်ပြီး ကိုယ်တော်မြတ်ကို ထိုးသတ် နင်းခြေဖို့ ပြေးဝင်လာတဲ့ နာဠာဂီရိလို အဟိတ် တိရိစ္ဆာန်ကိုတောင် ခန္တီမေတ္တာ ကြီးမားစွာ သွာဂတ ဖြစ်စေတော် မူခဲ့ပါလေရဲ့။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

(လွန်ခဲ့တဲ့ ၂၀၀၄ ခုနှစ် သြဂုတ်လက ထင်ပါတယ်။ အပ္ပမာဒ မဂ္ဂဇင်းမှာ ရေးဖြစ်ခဲ့တ~ဲ့ စာပါ။ မဂ္ဂဇင်းလက်ခံ မရှိတော့လို့ ပြန်တွေ့ရတဲ့ ကော်ပီ စာရွက်ကြမ်းလေး ကိုပဲ ပြန်တင်မိတာပါ။ ကံဆိုးချင် တော့ နောက်ဆုံး နိဂုံးစာရွက်က ပျောက်ရှ သွားပါပြီ။ မဂ္ဂဇင်း ပြန်တွေ့ရင်တော့ နိဂုံးလေးနဲ့ဆိုရင် ပိုလှသွားမ လားပဲ၊)

No comments: