(၁)
ထိုညနေက သူသည် အရှေ့ဈေးရပ်ကွက်ကို ဖြတ်ကာ နဘဲကျင်းရပ်ရှိ လမ်းကျဉ်းလေးအတိုင်း လျှောက်လာခဲ့သည်။ မြို့လေးသည် လွန်ခဲ့သော ဆယ်စုနှစ်နှစ်ခုကလိုပင် ရိုးသားနေဆဲပင်။ မီးရောင်မှိန်ပျ သောမြို့လေးသည် ဖော်ရွေသောအပြုံးတို့ကိုတော့ လင်းလက်အောင် ထွန်းညှိထားနိုင်သေးသည်။
“ဟေး နင်ဘယ်တုန်းက ပြန်ကြွလာသလဲ ငါတိုအိမ်ဘက်လည်း လျှောက်ခဲ့ပါဦးညယ်”။
လမ်းခုလတ်တံ တားလေးပေါ်သို့ အဖြတ် အဖွားအိုတစ်ဦးက သူ့ငယ်ရုပ်ကို ဖမ်းဆုပ်မိဟန် သူ့လက်မောင်းကို ဆွဲယမ်းလှုပ်ကိုင်ကာ နှုတ်ဆက်ဖိတ်ခေါ်သည်။ ဒီမြို့ လေးမှာ သူ့ငယ်ဘ၀တစ်ခုလုံး ပျော်မွေ့ခဲ့သည်ပဲ။
ဒီမြို့လေးတွင် သာသနာ့ဝန်ထမ်းရဟန်းသာမဏေများကို ကြည်ညိုချစ်ခင်မှုက မိသားစုသံယောဇဉ်နွှယ် လေသည်။ အဝေးမှပြန်ရောက်လာသည့် တူသားတစ်ယောက်ကို ပြန်ဆုံရသည့် မိခင်တစ်ယောက်၏ အကြည့်မျိုးဖြင့် အဖွားအိုက စူးစူးကြည့်နေဆဲတွင် သူနှုတ်ဆက်ထွက်ခွာလာခဲ့သည်။
ရဟန်းတစ်ပါးကို နှုတ်ဆက်နေသော အဖွားတစ်ဦး၏ ဒိုင်ယာလော့ခ်ကို အကြောင်းမသိသူတစ်စုံ တစ်ယောက်ကသာ ကြားရလျှင် ရိုင်းပျသည် ဟုထင်မြင်စရာရှိသည်။ ဒါသည်ပင် မြို့လေး၏ အလှ တရားဖြစ် သည်။ ကတူးကနန်းလူမျိုးတို့၏ လွတ်လပ်ပွင့်လင်းသော ဒေသသုံးစကားဖြစ်သည်။ အင်္ဂလိပ်ဘာသာစကားမှာ I နှင့် You သာ ရှိသလိုမျိုး “နင်နဲ့ ငါ” သာ ရှိပေမည်။ ရဟန်း သာမဏေများကိုပင် “ဦး”တွေ “အရှင်”တွေ ပါချင်မှ ပါမည်။ သို့သော် နားဝင်ချိုစရာ ပွင့်လင်းမှုကို ဖမ်းဆုပ်နိုင်သည်ကတော့ သေချာလှပါသည်။
ခုတော့ မြို့ပြနှင့် ကူးလူးဆက်ဆံမှုတွေများလာတော့ မြို့လေး၏အခေါ် အဝေါ်များက မာလ်တီ ပယ်လ်ဖြစ်လာသည်။ အပေါင်းလက္ခဏာဆန်သည်ဟု ဆိုနိုင်သည့်တိုင် သူချစ်သောမြို့ လေး၏ သီးခြား အာဝေဏိက သင်္ကေတတစ်ခု ပျက်ယွင်းသွားသည်ဟု ခံစားမိသည်။ ကျနော် ကျမတွေ ရှင်တွေ ခင်ဗျားတွေ ဖြစ်လာပြီ။
ဘာဖြစ်လဲ ကိုယ့်ယဉ်ကျေးမှုကို ကိုယ်ထိန်းရမှာပေါ့ညယ်။ စကားလုံးတစ်လုံးဆုံးတိုင်း “ညယ်”ဆိုတာလေးထည့်ထည့်ပြောတတ်တာ ကိုယ်ပိုင် ဘာသာစကားပဲလေ၊ ကဗျာဆရာမောင်သွေးသစ် ကတော့ “ညယ်“ကို မြတ်နိုးစွာ ”မချမ်းဘောသူမ” ခရီးသွားကဗျာတွေမှာထည့်သွင်း ရေးဖွဲ့ခဲ့ဖူးသည်။ ဘာဖြစ်လို့ စွန့်ပစ်ရမှာလဲညယ်။
မြို့လေးသည် အေးချမ်းသည်။ ကျေးလက်ဆန်သည်။ မြို့ဆိုသည့်တိုင် ဟိုဘက်အိမ် ဒီဘက်အိမ်ကူးလူးဆက်ဆံ အော်ဟစ်နှုတ်ဆက်သံများဖြင့် နွေးနွေးထွေးထွေးရှိနေတတ်သည်။
မာနနည်းနည်း ပဋိပက္ခနည်းနည်း မြို့လေးပါ။ ဒါပေမယ့် ပါတောမူခေတ်မြန်မာ့ နယ်ချဲ့တော်လှန်ရေး ရာဇ၀င်စာမျက်နှာတွေပေါ်မှာတော့ မြို့လေး၏ သွေးများက ရဲစွေးခဲ့ဖူးသည်။ ကျိုင်းခွင်တောင်တိုက်ပွဲ ခေါ်သံများနှင့် နယ်ချဲ့ကို တော်လှန်ခဲ့သူ စော်ဘွားလေးဖိုးအောင်မြတ် အကြောင်းက မြို့လေး၏ အိပ်ရာဝင်ပုံပြင် ကောင်းတစ်ပုဒ်အဖြစ် ကမ္ဘာတည်တော့ချေမည်။
(၂)
ဟိုးခပ်ဝေးဝေးဆီက မှိုင်းပျပျ မိုင်းသုံတောင်တန်းကြီးတွေဆီက မိုးတိမ်လိပ်တွေ တရိပ်ရိပ်တက်လာတိုင်း မြို့လေးက သူ့ရင်သားပေါ်က တံတားနဲ့နဲ့လေးတွေအတွက် ထိတ်ထိတ် ပြာပြာဖြစ်ရရှာသေးသည်။ မိုင်းသုံ တောင်ဆီက တဝေါဝေါပြိုကျလာသော တောင်ကျချောင်းရေများက မြို့ခံဒေါင်းမြူးချောင်ရေနှင့်ရောနှောကာ မြို့လေးအတွက် အသည်းကွဲဇာတ် လမ်းများစွာကို ရက်စက်စွာ ရေးခြစ်ခဲ့ဖူးသေးတာကလား။ မိုးပကာလများတွင် ဒေါင်းမြူးချောင်းရေက အေးစိမ့်ငြိမ်သက်နေတတ်သော်လည်း မိုင်းသုံတောင်ညို့ညို့ဆီက တိမ်လွှာတွေ မို့မောက်နေတော့ရင်ဖြင့် စိတ်ရူးနောက်တတ်ပါလေသည်။
သို့နှင့်ပင် ချစ်သူခင်သူတွေ နေ့မြင်ညပျောက်ဖြစ်သွားခဲ့ကြရဖူးရှာသည်။ မိသားစုထမင်းဝိုင်းလေးတွေ ပျက်သုဉ်းမျောပါသွားကြားရရှာသည်။ ငယ်ငယ်တုန်းက ကစားဘက် သူငယ်ချင်းမလေးတစ်ယောက်လည်း သူမရဲ့ ရင်သွေးငယ် နှစ်ယောက်ကို ရင်ခွင်ထဲ အုပ်မိုးကာကွယ်ရင်း အဲဒီတောင်ကျချောင်းရေထဲ မျောပါသွားခဲ့ သည်။ အော် သူငယ်ချင်း ကျောင်းဆရာမလေး သူမရဲ့ စာသင်ကျောင်းလေးဆီ ပြန်ရောက်မလာတော့ပါ။
သူကိုရင်လေးဘ၀က ဆွမ်းချိုင့်ဆွဲခဲ့ရသော အိမ်များလည်းမရှိတော့။ အုန်းပင်အချို့နှင့် အတူ နှုတ်ဆက်သံမဲ့နေသောလမ်းလေးသာ သူ့ကိုဆီးကြိုနေသည်။ ချောင်းကမ်းဘေးက အိမ်များ မြို့သစ်လေးဆီ ပြောင်းရွှေ့သွားခဲ့ပြီ။ “ကိုရင် မယ်သီတာကို ဘယ်မှာထားခဲ့လဲ” မေးခွန်းများ မကြားရတော့ပြီ။
ရှင်သာမဏဘ၀က သူ့ဘွဲ့အမည်က ရှင်လက္ခဏဖြစ်သည်။ မေဆွိ၏ “ကိုကို မမ မောင်လေးလက္ခဏဘ၀” သီချင်းစာသားသည် သူနှင့်ရွယ်တူကောင်မလေးများအတွက် သူဆွမ်းချိုင့်ယူချိန်တိုင်း အော်ဟစ်နောက်ပြောင်စရာ chorus line အပိုဒ်ဖြစ်နေသည်။
မြို့လေးမှာက ဆွမ်းခံခြင်းထက် အိမ်ပေါက်ဝ နံရံများတွင် အသင့်ချိတ်ဆွဲထားသော ဆွမ်းချိုင့်များကို လှည့်လည်ကောက်ယူရခြင်းဖြစ်သည်။ ဆွမ်းကျက်ပါ လျက် ဆွမ်းချိုင့်ကို ကွယ်ဝှက်၊သူရောက်လာပြီး “ဆွမ်းချိုင့်ဗျို့” အသံကုန်အော်တာကို စောင့်နားထောင်၊ “ကန်တော့ဆွမ်း” သံပြိုင်အော် ၊ပြီးမှ ပြုံးစစဖြင့် ဆွမ်းချိုင့်ပေးလှူတတ်သော ဆွမ်းအမငယ်ငယ်အထက်တန်းကျောင်းသူများ။
ဆယ်နှစ်သားအရွယ် ကိုရင်ပေါက်စလေးကို သူတို့က ပုံစံတစ်မျိုးမျိုးဖြင့် ကြိုဆိုရန် နေ့စဉ် အသင့်ရှိ နေတတ်ပါသည်။ ဘာပဲဖြစ်ဖြစ် သူတို့သည်ပင် သူ့ကို ခဲတံ၊ဗလာစာအုပ်၊ ဖယောင်းတိုင်စသည့် လိုအပ်ချက်များကို ဖြည့်ဆည်းပေးကြပြန်လေသည်။
--
No comments:
Post a Comment