သြော်...လူ့ပြည်လောက၊လူ့ဘ၀ကား
အိုရနာရသေရဦးမည်
မှန်ပေသည်တည့်။
သို့တပြီးကား၊ သင်သေသွားသော်
သင်ဖွားသောမြေ၊ သင်တို့မြေသည်
အခြေတိုးမြှင့် ကျန်ကောင်းသင့်၏။
ဘ၀ကတိုတိုလေးပေမယ့် အလွမ်းတွေက အရှည်ကြီး။ သံသရာကို ယုံကြည်သူတွေအတွက်တော့ တမလွန်ဖြတ်သန်းမှုတွေက အရှည်ကြီးဖြစ်နေဦးမှာပါပဲ။ ကံတရားနဲ့ ကိလေသာတွေကို ၀တ်ဆင်ထားကြဦးမယ်ဆိုရင်ပေါ့။ ကိုယ့်စွဲလမ်းမှုနဲ့ကိုယ် ကောင်းကံ ဆိုးကံတွေကို ပြုဖြစ်နေကြဦးမှာပဲမဟုတ်လား။
မသေမီ ဘ၀ဖြစ်တည်မှုလေးမှာ သမုတိနဲ့ ပရမတ္ထနယ်ကို စည်းရိုးခြားနားလည်ဖို့တော့ လိုပါလိမ့်မယ်။ ငါ၊ ငါ့မိသားစု၊ ငါ့ရပ်ဝန်း၊ ငါ့ဒေသ၊ ငါ့နိုင်ငံ၊ ငါ့ကမ္ဘာ ဆိုတဲ့ ငါတွေကို လှပအောင် ခြယ်ရေးတတ်ဖို့ပါ။ သမုတိနယ်ထဲက “ ငါ ” ဆိုတာကို ပရမတ္ထနယ်ထဲက “ငါ” နဲ့ မကွဲပြားတော့တဲ့အခါ လမ်းပျောက်သွားတတ်ပါတယ်။
“ငါ အစွဲတွေကို ဖြုတ်ကြ ” ဆိုတဲ့ ငါက ပရမတ္ထနယ်ထဲက သက္ကာယတရားတွေနဲ့ ပူလောင်နေတဲ့ ငါ ပါ။ ဖြတ်ထုတ်စွန့်ပယ်ပစ်ရမယ့် သက္ကာယ ငါ နဲ့
ဝန်ဆောင်ထမ်းပိုးရမယ့် သမုတိနယ်ထဲက ငါ .....။
ဆရာဇော်ဂျီရဲ့ “သင်သေသွားသော်” ကဗျာက သမုတိနယ်ထဲက “ငါ” ကို ညွှန်းပါတယ်၊ ဆရာဇော်ဂျီက သူ့ကိုယ်သူ လက်ညှိးထိုးရင်း
လူမှုလောကကြီးထဲက မလွတ်မြောက်သေးသူတိုင်းကိုလည်း
ပုခုံးပုတ်လိုက်ပါတယ်။
“ဘာလုပ်သွားမှာလဲ”တဲ့။ ”သင်သေသွားသော်” တဲ့။
တစ်ခုခုတော့ ကမ္ဘာမြေကို ပေးခဲ့ကြရမယ်ပေါ့။
လောကီတာဝန်လေးတွေတော့ ကြေခဲ့ကြရမယ်ပေါ့။
ဒကာ နီကိုရဲကြီး ဘယ်ဝန်တွေကိုများ ထမ်းခဲ့ပါလိမ့်။
ဆရာဇော်ဂျီကတော့ခေါင်းလေးဆတ်ပနဲ ညိတ်ရင်း ပြုံးမိသွားမှာပါ။
သင်၏မျိုးသား၊ စာစကားလည်း
ကြီးပွားတက်မြင့်၊ ကျန်ကောင်းသင့်၏။
နီကိုရဲဟာ စာတွေကို တကုတ်ကုတ်ရေးခဲ့လေသပေါ့။
စာပေအသစ်တွေကို ဖန်တီးခဲ့လေသပေါ့။ ဆရာကြီးမောင်ထင်တို့ ကုသတို့ ဇ၀နတို့ ဖောက်ခဲ့တဲ့လမ်းကို ထပ်လျှောက်ရင်း အရောက်သွားခဲ့လေသပေါ့။
သင်ဦးချ၍ အမျှဝေရာ
စေတီသာနှင့် သစ္စာအရောင်
ဥာဏ်တန်ဆောင်လည်း
ပြောင်လျှက်ဝင်းလျှက်ကျန်စေသတည်း။
သင်သေသွားသော်
သြော်...လူ့ပြည်လောက၊လူ့ဘ၀ကား
အိုရနာရသေရဦးမည်
မှန်ပေသည်တည့်။
သို့တပြီးကား၊ သင်သေသွားသော်
သင်ဖွားသောမြေ၊ သင်တို့မြေသည်
အခြေတိုးမြှင့် ကျန်ကောင်းသင့်၏။
သင်၏မျိုးသား၊ စာစကားလည်း
ကြီးပွားတက်မြင့်၊ ကျန်ကောင်းသင့်၏။
သင်ဦးချ၍ အမျှဝေရာ
စေတီသာနှင့် သစ္စာအရောင်
ဥာဏ်တန်ဆောင်လည်း
ပြောင်လျှက်ဝင်းလျှက်ကျန်စေသတည်း။
ဘာပဲဖြစ်ဖြစ်ပေါ့လေ
သူတစ်ကိုယ်တည်းဆိုင်တဲ့စာမျက်နှာတွေကို သူပဲ ရေးသွားပါလိမ့်မယ်။
ပရမတ္ထနယ်က “ငါ” ကို သူဘယ်လို ကိုင်တွယ် သုံးသပ်လေသလဲဆိုတာပါ။
No comments:
Post a Comment