26 October, 2009

ဒေါင်းမြူးချောင်းတေး(၂)


ဝန်းသိုမြို့လေး၏ အ၀န်းအ၀ိုင်းတွင် ဘုန်းတော်ကြီးကျောင်းဆယ်ကျောင်းသာ ရှိသည်။ မြို့အရှေ့ပိုင်းမှာက မြို့ဦးလွင်တောရကျောင်း၊ မြို့ရှေ့ရေ၀န်းကျောင်း၊ ကုန်းသာလေးထပ်ကျောင်း၊ မြို့မြောက်ဘက်ပိုင်းမှာက လယ်ပြင်ကျောင်း၊ သင်တိုင်းတောင်ကျောင်း၊ မှန်ကျောင်း ။ မြို့အနောက် ဘက်ခြမ်းမှာက ရွှေကျောင်း၊ မဟာ ဗောဓိကျောင်း၊ ခန္တီးစာသင်တိုက်တို့ရှိသည်။ မြို့လေး၏ တောင်ဘက်ခြမ်း ခပ်လှမ်းလှမ်းတောင် ကုန်းလေးဆီမှာတော့ ကျောင်းတောင်ဟု ဒေသခံများက ခေါ်လေ့ရှိသည့် ခန္တီးရိပ်သာကြီးရှိသည်။


ရဟန္တာဟုပင် ကိုးစားယုံကြည်ရသော အဂ္ဂါဘိဓဇခန္တီး ဆရာတော်ကြီးက ထိုရိပ်သာမှာ သီတင်းသုံးနေ ပါလေသည်။ ဆရာတော်ကြီးက ဘ၀တစ်သက် တာလုံး မြို့တွင်းက ခန္တီးစာသင်တိုက်ကြီးမှာ ပရိယတ္တိ စာပေတွေ ဦးစီးပို့ချကာ သာသနာ့မျိုးဆက်သစ်တွေကို မွေးထုတ်ပေး ခဲ့သည်။ သက်ရွယ် တော်ရလာ သည့်အချိန်မှာတော့ ခန္တီးရိပ်သာအဖြစ် ထင်ရှားလာမည့် တောင်ကုန်းလေးဆီ တိုးတိုးတိတ်တိတ်ကြွရောက် တရားအားထုတ်ခဲ့သည်။ ခြုံအုပ်အုပ်လေးတစ်ခုထဲမှာ မှက်ခြင်တွေတ၀ီဝီ ပျံသန်းကိုက်ခဲ နေသည့်ကြားက မတုန်မလှုပ်တရားစီးဖြန်းမြဲ စီးဖြန်းလျှက်ရှိ သော ဆရာတော်ကြီးကို တံငါမုဆိုးကြီးက ဖူးလိုက်ရသည်။


ထိုအချိန်ကစလို့ မြို့လေးတစ်မြို့လုံးက ပိပိရိရိ အလိုနည်းစွာ တစ်ကိုယ်တည်း ဧကစာရီကျင့်သုံးနေသည့် ဆရာတော်ကြီး အကြောင်းကို သိသွားကြသည်။ ထိုသို့ဖြင့် ဆရာတော်ကြီးထံနည်းခံ တရားအားထုတ် လိုသော အနယ်နယ်အရပ်က ယောဂီများအတွက် တရားကျောင်းလေးတွေ ပေါ်ပေါက်လာခဲ့သည်။ နောက်တော့လည်း တောင်ရိုးတစ်ခုလုံး ဘုရားကျောင်းကန်တွေ စည်စည်ဝေေ၀ဖြစ်ကာ မြို့လေး၏ ဂုဏ်ဆောင်နေရာ တစ်ခုဖြစ်သွားသည်။ မုဆိုးကြီးကိုယ်တိုင်လည်း ဆရာတော်ကြီးကို ကြည်ညို လေးမြတ်စိတ်ဖြင့် သူ့အသက် မွေးဝမ်းကျောင်းကို စွန့်ကာ ဆရာတော်ကြီး၏ ကပ္ပိယဒကာကြီးဖြစ်သွားသည်။


ပရိယတ္တိစာပေအသိတွင် ပဋိပတ်အကျင့်ကိုပါ အထွတ်တင်သော ဆရာတော်ကြီး၏ “စက်ဖြတ်ဝိပဿနာ” ကျမ်းစာသည် လူရှင်ယောဂီတို့ အားထားစရာ ၀ိပဿနာလမ်းညွှန်ဖြစ်သည်။ နိုင်ငံအ၀ှမ်းက ဆရာတော်ကြီး ကို ဖူးမျှော်ရန်လာရောက်သူများဖြင့် မြို့လေး၏ ဘူတာရုံလေးသည် စိုပြေစိမ်းလန်းနေခဲ့ဖူးသည်။ ဆရာတော်ကြီး၏ သိက္ခာသုံးရပ်အကျင့်မြတ်ကို မြတ်နိုးစွာပင် နိုင်ငံတော်အစိုးရကလည်း အဂ္ဂမဟာပဏ္ဍိတနှင့် အဘိဓဇမဟာ ရဋ္ဌဂုရုဘွဲ့တံဆိပ်တော်တို့ကို အသီးသီးဆက်ကပ်ခဲ့သည်။

ယခုလိုမျိုးသီတင်းဝါလကျွတ်ပြီဆိုလျှင် မြို့ပေါ်ရှိဆရာတော်ကြီးများကို လှည့်လည် ကန်တော့ရသည်က ကြည်နူးစရာကောင်းသည်။ ၀ါတော်ငယ်သည့် ဘုန်းတော် ကြီးများက ၀ါတော်ကြီးမြတ်သည့် ဆရာတော်ကြီးများကို ကိုယ်တိုင်ကိုယ်ကျ ကြွရောက်ကန်တော့ကြသည်။ ၀ါတော်ကြီးသည့် ဆရာတော်ကြီးများကလည်း တပည့်လက်သားများကို စေလွှတ်ကာ ၀ါတော်ငယ်သည့် ဘုန်းတော်ကြီးများကို ကန်တော့စေသည်။


ထိုစဉ်က သူ့ဆရာတော်၏ ၀ါတော်မှာ အရေအတွက်နည်းသေးသည်မို့ တစ်မြို့လုံး လောက်နီးပါး လှည့်လည်ကန်တော့ရလေသည်။ ကျောင်းထိုင်ဆရာတော်ကြီး များကလည်း ဆရာဘုန်းကြီး၏ နောက်တော်ပါးက ကန်တော့ပွဲထမ်းလိုက်ရသော သူတို့လိုကိုရင်လေးများကို စားဖွယ်မုန့်များ၊ ဆပ်ပြာ သွားတိုက်ဆေးနှင့် ၀တ္ထုငွေစ လေးများ စွန့်ကြဲတတ်ပါလေသည်။


ခန္တီးဆရာတော်ကြီး ရိပ်သာကျောင်းကိုတော့ သူတို့ကိုရင်လေးတွေ သည်းသည့်လှုပ် လိုက်ချင်ကြသည်။ ဆရာတော်ကြီးကို ဖူးမျှော်ရသည်က ပျော်စရာကောင်းသည်။ ဆုပေးလျှင်လည်း တိုတိုနဲ့ လိုရင်းကျအောင် ပေးတတ်သည်။ စစ်ဘေးစစ်ဒဏ်များကြား ခါးသည်းစွာ ဖြတ်သန်းခဲ့ရသည့် ဆရာတော်ကြီး၏ ဆုပေးထဲတွင် “ဗုံးဘေး အမြောက်ဘေး ကင်းဝေးကြပါစေ ”ဆိုတာလည်း ပါသည်။ နားထဲတွင် ယခုတိုင်ကြား ယောင်နေသည်ကတော့
“ကြံတိုင်းအောင် ဆောင်တိုင်းမြောက် နိဗ္ဗာန်ပေါက် နိဗ္ဗာန်ရောက် ချမ်းသာကြပါစေ” ဟု လေးလေးပင်ပင် မိန့်လိုက်သော အသံတော်ပင်ဖြစ်သည်။

ထူးခြားသည်က ဆရာတော်ကြီး၏ ဥပဓိရုပ်ရည်ပင်။ နှစ်ပေါင်းသုံးဆယ်ကျော် ဘ၀ဖြတ်သန်းမှုတွင် ဆရာတော်ကြီးလို ဥပဓိရုပ်ရည်မျိုး မဖူးတွေ့ရသေး။ အခြားအခြားသော ဆရာတော်ကြီးများသည်လည်း ဘုန်းကံတော်အလျောက်ထူးခြားကြသည်ပင်။
သို့သော် ခန္တီးဆရာတော်ကြီး၏ ဥပဓိအသွင်တော်ကတော့ တစ်ဘာသာပင်ဖြစ်သည်။

ဘုန်းကံကြီးမားသည့်ဆရာတော်ကြီးဘေးမှာ သင်္ကန်းထီးဘိနပ် မျက်နှာသုတ်ပုဝါ စသည့် လှူဖွယ်ပစ္စည်းတွေက ပုံနေသည်။ ဆရာတော်ကြီးက ပစ္စည်းဝတ္ထုကို ပမာမပြုဘဲ နီးရာလှမ်းဆွဲကာ စွန့်ကြဲတတ်သည်မို့ မျက်စိမှိတ်ဆုတောင်းရသည်။ ကိုယ်လိုချင်သည့် အရာကို ဆရာတော်ကြီးဆွဲမိပါစေ ၊ ဘုရား ဘုရား ။


သည်တော့လည်း သီတင်းဝါလကျွတ်ချိန်များသည် သူတို့အတွက် ရေဆူသော ရာသီအဖြစ် မျှော်ရပါလေသည်။

No comments: