ဝန်သိုရေ၀န်းကျောင်းတိုက်ကြီးက တိုင်များစွာ ပါဝင်ဖွဲစည်းတည်ဆောက်ထားသည့် ရှေးမြန်မာရိုးရာအသားကျောင်းကြီးဖြစ်သည်။ ဆွမ်းစားကျောင်း၊ပိဋကတ်တိုက်တို့နှင့် တစ်ဆက်တည်း စင်္ကြန်လမ်းများဖောက်ထားသည်။ ကျောင်းတစ်ခုနှင့်တစ်ခု ကူးသန်းရန် မြေပြင်သို့ဆင်းရန်မလိုပေ။
နံနက်လေးနာရီထိုးသည်နှင့် အုန်းမောင်းခေါက်သံပေးကာ ကျောင်းတိုက်၏ တစ်နေ့တာ စတင်လေသည်။
ဝန်းသိုမြို့နှင့် ၂ မိုင်ခန့်ဝေးကွာသည့် ပုတိမ်ကုန်းရွာမှ အုံးမောင်းခေါက်သံသည် အချိန်တိကျမှန်ကန်သလို အသံလည်း အောင်သည်ဟု ကျော်ကြားသည်။ ပုတိမ်ကုန်းအုန်းမောင်းသံနှင့်အပြိုင် မြို့ပေါ်ကျောင်းများ၏ အုန်းမောင်းသံများက ၀န်းသိုမြို့လေးကို လွှမ်းသွားသည်။
နံနက်လေးနာရီထိုးပြီဆိုတာ သေချာပြီ။ဆွမ်းချက်ရန်အချိန်ကျချေပြီ။
ယခု ပုတိမ်ကုန်အုန်းမောင်းသံကြားရသေးလား မသိတော့ပါ။ အချိန်တိကျသော အုန်းမောင်းပိုင်ရှင်ဆရာတော်ကြီးကတော့ ပျံလွန်တော်မူရှာပြီတဲ့။
အုန်းမောင်းခေါက်ပြီးသည်နှင့် ဆရာဘုန်းတော်ကြီးနှင့် ရဟန်းတော်များဘုရားဝတ်ပြုရသည်။
ကိုရင်လေးများကတော့ စောစောအိပ်ရာထဖွယ်မလိုပါ။ ဆရာဘုန်းတော်ကြီးတို့ ဘုရားဝတ်ပြုပြီးသည့်အခါမှာတော့ ဦးဇင်းများက ကိုရင်လေးများကို ခြေကန်နှိုးတော့သည်။ တစ်ခါတစ်ရံ့ အိပ်ရာမနိုးလျှင် ရေလောင်းကာ နှိုးတတ်၏။
ဘုန်းတော်ကြီး၏ အသံတစ်ခုကို ကြားယောင်နေတာ ရှိသေးသည်။ သူများဆီမှာ ကပ်ရပ်တောင်းစားမယ်ဆိုရင် ဆက်အိပ်ကြ။ လူလူသူသူ လုပ်စားကိုင်စားမယ်ဆိုရင် ထကြတော့ တဲ့။ မကြားချင်ယောင်ပြုကာ ပေအိပ်မိလျှင်တော့ ကြိမ်လုံးဝင့်သံ တရွှမ်းရွှမ်းကြားရတော့မည်။ ဟကောင် ထ ထ တကယ်ဆော်တော့မယ်။ ကိုရင်လေးတွေအချင်းချင်း ဆရာဘုန်းတော်ကြီး၏ နိစ္စဓုဝကြိမ်လုံးဝင့်သံကို ဖေးဖေးမမရှောင်လွှဲကြရသည်။
ဝိနည်းဓိုရ်ဘုန်းတော်ကြီးများ၏ ထုံးစံအရ မနက်ခင်းတွင် ဆာလောင်မွတ်သိပ်မှုဒဏ်ကို ခံရလေ့ရှိသည်။ ဆရာဘုန်းတော်ကြီးက ညနေပိုင်းတွင် ထန်းလျက်ကိုပင် သုံးဆောင်လေ့မရှိ။ ဆာလောင်မှုသည် ဒေါသမီးလျှံကို မွေးပေးတတ်၏။ ထို့ကြောင့် မနက်စောစော အနေအထိုင်ဆင်ခြင်ရလေသည်။ အမြင်မတော်လျှင် အဆော်ခံရချေမည်။
ကိုရင်လေးများက ရေနွေးအိုတည်ရသည်။ အရုဏ်ဆွမ်းပြင်ရသည်။ ၀န်းသိုမြို့လေး၏ ဓလေ့က နံနက်စောစောအရုဏ်ဆွမ်းကို ဒကာဒကာမများကိုယ်တိုင် ချိုင့်များ။ဆွမ်းအုပ်များဖြင့် လာရောက်ပို့ဆောင်လေ့ရှိသည်။ ဆရာဘုန်းတော်ကြီးက ငါးပါးသီလချီးမြင့်ပေးရ၏။
အောက်ပြည်အောက်ရွာမှာလို သီလပေးရေစက်ချတွေကို ဆရာဘုန်းတော်ကြီးက ရှေ့က ဦးဆောင်နှုတ်တိုက်ချပေးရန်မလို။ ပန်းဒကာက ဦးဆောင်လေ့ရှိသည်။ အလှူပွဲများတွင် ပန်းဒကာအတွက်ပါ ကန်တော့ပွဲထိုးရ၏။ ပထမ
အရဟတာဒိ န၀ဂုဏေဟိ အစချီကာ လွန်စွာ သာယာနာပျော်ဖွယ်ကောင်းသော အသံဖြင့် ဆွမ်းတော်တင်သည်။ ထို့နောက်
ဘုရား၊တရား၊သံဃာ ရတနာုမြတ်သုံးပါးကို အစဉ်အတိုင်း ရှိခိုးသည်။ နောက်ဆုံးမှ ယခုရှိသမုတိသံဃာတော်အရှင်သူမြတ်ကြီးအား ရှိခိုးကြဦးစို့ဗျား လုပ်သည်။ ထိုအခါမှ ဘုန်းတော်ကြီးက ဆုပေးရလေသည်။ အကြောင်းမသိသော အောက်ပြည်အောက်ရွာက ကြွလာသည့် ဘုန်းတော်ကြီးများ ဆုပေးရန် ပါးစပ်တပြင်ပြင်ဖြင့် အခက်ကြုံရတတ်သည်။
ရွှေပြည်ကြီးရှိ ရဟန်းတော်များလောကတွင် ကျော်ကြားသည့် ပန်းဒကာပုံပြင်တစ်ပုဒ်ရှိသည်။ အမှန်တကယ်တော့ ပုံပြင်မဟုတ်ပါ။ သူ့မိခင်မွေးရပ်ရွာအနီးက ရွာလေးတွင် အမှန်တကယ်ဖြစ်ခဲ့ခြင်း ဟုသိရသည်။
ထိုရွာလေးတွင် ကျောင်းထိုင်ဘုန်းတော်ကြီးက မြဲလေ့မရှိ။ ရွာရောက်လျှင် လူထွက်ကြတာမျိုး၊ ပျံတော်မူကြတာမျိုးအမြဲဖြစ်လေ့ရှိသည်။ ဘုန်းတော်ကြီးပင့်ရလွန်းတော့ ရွာလည်းအထိနာနေသည်။ စိတ်လည်းပျက်နေဟန်ရှိပါပြီ။ ရွာရှိ ကျောင်းရှိပါလျှက် ဘုန်းတော်ကြီးမရှိပါက မတင့်တယ်။ သို့နှင့် ဘုန်းတော်ကြီးလေးတစ်ပါးကို ကံစမ်းမဲဖောက်ကြရပြန်သည်။
ကျောင်းတင်ပွဲမှာတော့ ပန်းဒကာကြောင့် ဘုန်းတော်ကြီးလေးမှာ မျက်နှာရှုံ့သွားသည်။ ပရိသတ်များကလည်း ကြိတ်ရယ်(ရီ)ကြရသည်။ ရာဇ၀င်လည်း တွင်သွားပါလေသည်။ ပန်းဒကာက ယခုရှိသမုတိသံဃာတော်အရှင်သူမြတ်ကြီးအား ရှိခိုးကြဦးစို့ဗျား မလုပ်ဘဲ ဟုတ်တာ မဟုတ်တာ အပထားလို့ ကျုပ်တို့ ------ကိုယ်တော်လေးကို ကန်တော့ကြဦးစို့ဗျား တဲ့။ ပန်းဒကာက ခပ်သောသော၊ ဟာသဥာဏ်ရှိဟန်တူသည် ။ သေချာအောင် နောက်တစ်ကြော့ ထပ်တော့လိုက်ကြဦးစို့ဗျား လို့ပါ ကွန့်လိုက်ပြန်တော့ သံဃာစင်ပါ မှောက်မတတ်ဖြစ်သွားရလေသည်။ ကာယိနြေ္ဒကြီးတော်မူသည့် ဆရာတော်ကြီများလည်း တခွိခွိဖြစ်သွားရရှာလေသည်။
ဘာပဲဖြစ်ဖြစ် ဘုန်းတော်ကြီးလေးကတော့ မခံချင်စိတ်ကြောင့်ပဲလား မသိ ထိုရွာလေးမှာပဲ ခေါင်းချသွားတော်မူခဲ့ပါသည်။ တပည့်ပေါင်းများစွာကိုလည်း အမွေခံအဖြစ် ချန်ထားနိုင်ခဲ့သည်။
ငယ်စဉ်က ဖြတ်ကနဲဖူးလိုက်ရသော ထိုဘုန်းတော်ကြီး၏ အေးဆေးတည်ကြည်သောပုံရိပ်ကို မြင်ယောင်နေမိသေးတော့၏။
No comments:
Post a Comment