12 November, 2009

ဓမ္မဂင်္ဂါရဲ့ ဓမ္မဂင်္ဂါ

ငယ်စဉ်က အတူတူသီတင်းဖူးတဲ့ နောင်တော်ရဟန်းတစ်ပါးထံက ဖုန်းဝင်လာပါတယ်။ ဓမ္မဂင်္ဂါရဲ့ ကိုယ်ရေးအကျဉ်းပေးပါတဲ့။ ငယ်ငယ်က နေခဲ့ဖူးတဲ့ ရွာလေးက ဂုဏ်ပြုကြမလို့တဲ့။


ဟိုးလွန်ခဲ့တဲ့ အနှစ်နှစ်ဆယ် ဆောင်းဦးပေါက်ရာသီတစ်ခုမှာ မြောင်းမြမြို့နယ်ထဲက ရှမ်းရေကျော်ဆိုတဲ့ ရွာလေးဆီ ကျေးဇူးရှင်ဆရာတော်ကြီးတစ်ပါးရဲ့ နောက်တော်ပါးက လိုက်ပါပြီး နှပ်တရှုံ့ရှုံ့နဲ့ စာတက်ခဲ့ဖူးတာ အမှတ်ရလာပါတယ်။ ရေမိုးရှားပါးတဲ့ ရပ်ဝန်းက ရောက်လာတဲ့ အညာသားကိုရင်လေးအတွက်တော့ ဒီရေဆန်အတက်မှာ လှေကလေးတစ်စင်းကို ဖက်တွယ်လှော်ခတ်ခဲ့ရတာကို မမေ့ခဲ့နိုင်ပါဘူး။

ဆရာတော်ကြီးက ရန်ကုန် တာမွေမြို့နယ်ထဲက ဓမ္မ၀ိဟာရလမ်းမှာရှိတဲ့ ဗြဟ္မ၀ိဟာရကျောင်းတိုက်ဆရာတော်ကြီးပါ။ ရိုးရှင်းတိုးတိတ်စွာ နေထိုင်သီတင်းသုံးလိုတဲ့ ဆရာတော်ကြီးရဲ့ ဂုဏ်ကျေးဇူးတွေက လူမြင်ကွင်းကို ရောက်မလာခဲ့ပါဘူး။ ဓမ္မာစရိယဘွဲ့တွေ အထပ်ထပ်ရပြီး အခြားဆေးကျမ်း နက္ခတ်ကျမ်းတွေကိုလည်း တတ်ပွန်တော်မူတဲ့ ဆရာတော်ကြီးဟာ နံနက်ခင်းတိုင်း လုပ်သားပြည်သူ့နေ့စဉ်သတင်းစာကို အင်္ဂလိပ်ဘာသာနဲ့ ဖတ်တော်မူလေ့ရှိပါတယ်။ ကျောင်းဂိတ်တံခါးမှာ ညှပ်ထားတဲ့ သတင်းစာကို ကျောင်းမှာ အငယ်ဆုံးကိုရင်လေးဖြစ်တဲ့ သူက ပြေးယူပြီး ဆရာတော်ကြီးကို ဆက်ကပ်ရပါတယ်။ တစ်ခါတစ်ရံမှာ သူက ခပ်တည်တည်နဲ့ သတင်းခေါင်းကြီးပိုင်းတွေကို စာလုံးပေါင်းပြီး အော်ဖတ်ရင် ဆရာတော်ကြီးက ကျောင်းတံခါးတိုင်ကို လက်ပိုက်မှီရပ်ရင်း မိန့်မိန့်ကြီးပြုံးတော်မူလေ့ရှိပါတယ်။
Nation ဆိုတာကို နာတီအွန် လို့ဖတ်တော့ ဆရာတော်ကြီးလည်း ပြုံးပေမပေါ့။ ဟုတ်သားပဲ Na-နာ ti -တီ on-အွန် ပဲမဟုတ်လား။

သူကလည်း အဲဒီနှစ် ၁၉၈၇ မှာ မြို့ပြပညာတော်သင်အဖြစ် ၀န်းသိုက ဆရာဘုန်းတော်ကြီးကိုယ်တိုင် လိုက်ပို့လို့ ရန်ကုန်မှာ ခြေချခွင့်ရခဲ့ပါတယ်။ ဆရာဘုန်းတော်ကြီးက တပည့်ကိုရင်လေးတွေကို မူလတန်းနဲ့ ပထမငယ်တန်းအောင်ရင် ရန်ကုန် မန္တလေးမြို့ကြီးတစ်မြို့မြိုကို ပညာသင်ပို့ပေးမယ်လို့ ကတိပေးလေ့ရှိတဲ့ အတိုင်း လိုက်ပို့ခဲ့တာပါ။ ဓမ္မ၀ိဟာရလမ်းထဲကို ဆိုက်ဆိုက်မြိုက်မြိုက်ကြီးကို ရောက်ချလာခဲ့တော့တာပါ။
အဲဒီတုန်းက အဆိုတော်ရဲလေး မမွေးလောက်သေး။

မလွှကုန်းဘူတာတစ်ဘက်က ရပ်ကွက်လေးထဲ သံလမ်းတွေ ကျော်ဖြတ်ပြီး ဆွမ်းခံခဲ့ရတာ မှတ်မှတ်ရရရှိနေပါသေးတယ်။ ကျဉ်းမြောင်းတဲ့ လမ်းကြိုလမ်းကြားလေးတွေကြား ရွှံဗွက်အိုင်တွေ ခုန်ပျံကျော်လွှားရင်း ပုံစံတူအိမ်လေးတွေကို မှားမှားဝင်မိလို့ ဆွမ်းတွေ အများကြီးရခဲ့လေသပေါ့။

ပထမငယ်တန်းအောင်လို့ ပထမလတ်တန်းတက်ရမယ့် သူ့ကို ဆရာတော်ကြီးကိုယ်တိုင် စာပို့ချပေးခဲ့တာပါ။
လူကငယ်ပြီး စာတွေက လေးနေလို့ မထမ်းနိုင်ခဲ့ပါဘူး။ အဲဒီနှစ်က စာမေးပွဲကျပါတယ်။ ဘာပဲဖြစ်ဖြစ်ဆရာတော်ကြီးဆီမှာ စာတက်ခဲ့ရတာ၊ ဆရာတော်ကြီးရဲ့ ပုံရိပ်တွေကို ကြည်ညိုအားကျခွင့်ရခဲ့တာ က တန်ဖိုးရှိလှတဲ့အမြတ်အစွန်းတွေပါပဲ။ ဆရာတော်ကြီးက စာအုပ်မပါဘဲ စာချလေ့ရှိပါတယ်။ ဒို့များတော့ ဒီတစ်သက် ဒီစာတွေ မေ့မယ် မထင်တော့ပါဘူးကွာလို့ လည်း ရွှန်းတတ်ပါသေးတယ်။

သီတင်းဝါလကျွတ်ပြီဆိုရင်တော့ ဆရာတော်ကြီးက မြောင်းမြမြိုနယ်ထဲက ရှမ်းရေကျော်ရွာလေးမှာ ဆောင်းခိုလေ့ရှိပါတယ်။ ဒီတော့လည်း ဆရာတော်ကြီးနောက်တော်ပါးက သူလည်း ပါရပြီပေါ့။ အော်လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က ဆောင်းခိုနေ့ရက်များ...။

ကရင်ဗမာတွေ စုဝေးနေထိုင်ကြရာ ရှမ်းရေကျော်ရွာလေးက ဆရာတော်ကြီးကို ကြည်ညိုလေးမြတ်ကြပါတယ်။ ရွာသူရွာသားတွေကလည်း ဖော်ဖော်ရွေရွေ ပွင့်ပွင့်လင်းလင်းတွေမို့ သူလည်း ရွာလေးကို ချစ်သွားရပါတယ်။ ဒါပေမယ့် အောက်ပြည်အောက်ရွာက မုန့်တစ်မျိုးကိုတော့ သူဘယ်တော့မှ မစားတော့ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
အညာသားကျောကုန်း ဆိုတဲ့ မုန့်ပါ။ ရွာက အပျိုကြီးတွေက အဲဒီမုန့်ကို တခုတ်တရလာပို့တိုင်း သူ့ကို စလေ့ရှိပါတယ်။ ဆရာတော်ကြီးကတော့ သင်ပေးပါတယ်။ အောက်သူမ ဗိုက်ခေါက်မုန့်လို့ ပြောကွာတဲ့။

ခုတော့ ဆရာတော်ကြီးလည်း မရှိတော့ပြီ။ ရွာလေးနဲ့လည်း ဝေးခဲ့တာကြာပြီ။ ဆရာတော်ကြီးလက်ကျန်သာဝကထဲက ဆရာတော်ကြီးရဲ့ ဂုဏ်ရည်တွေကို လင်းပစေသူဟု ရွာလေးက သူ့ကို ယုံကြည်မျှော်လင့်ကြဟန်ပါပဲ။ သူဖြတ်သန်းခဲ့သမျှ ပြန်စောင့်ငဲ့ကြည့်နေမိသေးတော့။
ဘာပဲဖြစ်ဖြစ်
သူ့ကိုယ်ရေးအကျဉ်းကို သော့သော့လေးရေးကာ နောင်တော်ရဟန်းရဲ့ လက်ထဲ ထည့်ပေးလိုက်ပါတော့တယ်။

No comments: