12 November, 2009
မြွေဆိုးတစ်ကောင်နှင့် လမ်းလျှောက်ခြင်း
ပုဇွန်ဆီရောင်ညနေခင်းသည် သူနှင့်အတူ တွဲလျှောက်နေရာမှ ခပ်ခွာခွာသို့ တိမ်းစောင်းပစ်လိုက်သည်။ ညနေခင်း၏ ရင်ခွင်ထဲမှ နေတစ်စင်း၏ ထွက်သက်ကို ရှိုက်မိ၏။ သြော် တစ်နေကုန်ပြန်ပြီ။ သူကတော့ လျှောက်မြဲလမ်းပေါ်မှာ သူ့ခြေလှမ်းများကို မောင်းနှင်နေမိဆဲပင်။
ခြေလှမ်းထဲမှာ အကောင်းအဆိုးလောကဓံတို့ ငြိယှက်တတ်သည့်အခါ သူကျက်မှတ်ခဲ့ဖူးသော ဂါထာတစ်ပိုဒ်ကို အားယူဆုပ်ကိုင်ထားမိ၏။
ဖုဋ္ဌဿ လောကဓမ္မေဟိ၊
စိတ္တံ ယဿ နကမ္ပတိ။
လောကဓံနဲ့ တွေ့ထိငြား
စိတ်ကား မတုန်လှုပ်။
တစ်ခါတစ်ရံမှာတော့ ပုထုဇဉ်ပီသသွားတတ်တာမျိုးလည်း ကြုံရပါသေးသည်။
သူလျှောက်နေသော လမ်းပေါ်မှာ
အမှားများစွာဖြင့် ဟု လက်မှတ်ရေးထိုးလေ့ရှိသော မိတ်ဆွေရဟန်းတစ်ပါးရှိခဲ့ဖူးသည်။ များမကြာမီက သာသနာ့ဘောင်စည်းအတွင်းမှာ မိတ်ဆွေရဟန်း ပါရမီနည်းသွားခဲ့ပြီ ဟူသောသတင်းကြားလိုက်ရ၏။
ရဟန်းဘ၀ဆိုတာကလည်း ပေခံနိုင်ပါမှ အဖတ်တင်နိုင်သည်။
သာသနာ့ထိပ်ခေါင်တင်ဆရာတော်ကြီးတစ်ပါး၏ မှတ်ချက်ပေးစကားလေးက ပြုံးချင်စရာကောင်းသည်။
ဒကာတစ်ဦးက ရင်းနှီးစွာ လျှောက်ထားသည်။ တပည့်ဒကာဒကာမတွေ အကျိုးများအောင် တစ်မဂ်တစ်ဖိုလ်ဆိုက်အောင် ကျင့်တော်မူပါဘုရား တဲ့။ ဆရာတော်ကြီးက တစ်မဂ်တစ်ဖိုလ်ရဖို့နေနေသာသာ လူမထွက်ဖြစ်အောင်ပဲ မနည်းအောင့်နေရသကွ တဲ့။
ထိုဆရာတော်ကြီးက ဒုတိယမြောက်ရွှေကျင်သာသနာပိုင်ဆရာတော်ကြီးဖြစ်သည်။
ယနေ့ခေတ်လို ရောင်စုံယှက်သန်းနေသော ယဉ်ကျေးမှုကြီးထဲ အာရုံမထွေပြားအောင် ဖြတ်သန်းရသည့် ရဟန်းတစ်ပါး၏ ဒိုင်ယာရီစာမျက်နှာတွင် စိတ်ကူးစိတ်သန်းများ နောက်ကျိနေတတ်ပါလေသည်။ နောက်ကျိညစ်နွမ်းမှုဆိုသည်က ကိလေသာဖြစ်သည်။
ကိလေသာဆိုသည်က မြွေးဆိုးတစ်ကောင်ဖြစ်သည်။
ရင်ဘတ်ထဲမှာ သံသရာအဆက်ဆက်ကပင် ၀င်ရောက်ခွေအိပ်နေသောမြွေဆိုးတစ်ကောင်သည် အနုသယကိလေသာဖြစ်သည်။
ငြိယှက်ဖွယ်အာရုံကို ထိရှတိမ်းညွတ်လိုက်သည့်အခါ ပါးပြင်းထောင်လာသော မြွေဆိုးတစ်ကောင်၏ မာန်ဖီသံသည် ဥပက္ကမကိလေသာ။ ကိုယ်ဖြင့် နှုတ်ဖြင့် မိုက်မဲစွာမှားယွင်းကျူးလွန်မိပြီဆိုလျှင်တော့ မြွေဆိုးတစ်ကောင်၏ အဆိပ်ပြင်းသောကိုက်ခဲမှုသည် ၀ီတိက္ကမကိလေသာ။ သံသရာများစွာ သေရဦးတော့မည်။
ဘုံအဆင့်ဆင့်နိမ့်ပါးရတော့မည်။
ကိုယ့်ကို ကိုက်ခဲသတ်ဖြတ်ဖို့အသင့်ရှိနေတဲ့ မြွေဆိုးတစ်ကောင်နဲ့ အတူအိပ်စက်နေခဲ့ရတာ ဘယ်လောက်များ အန္တရာယ်များလိုက်ပါသလဲ။
ကိုယ်တိုင်ကများ အဲဒီမြွေဆိုးကို မွေးမြူထားခဲ့မိလေသလား။
ခက်တာက မြွေဆိုတာကလည်း ကိုယ်ပိုင်ဂီတနှင့် ပျော့ပျောင်းကွေးညွတ်လှပစွာ ကတတ်ပြန်ပါလေသည်။
ဘာသားနဲ့ထုထားတာမို့လဲ ဟုဆင်ခြေပေးရန် ၀ါကျအသင့်စီပြီးသာ ဖြစ်ချင်ဖြစ်နေနိုင်ပါသည်။
ဆုံးမသွန်သင်ချက်သာသနာက လမ်းညွှန်ပေးထားသည်။
မြွေဆိုးမကိုက်အောင် သီလဆောင်
ပါးပြင်းထောင်မလာအောင်တော့ သမာဓိထူထောင်
ခွေအိပ်နေတာကို ကော်ထုတ်ပစ်ဖို့တော့ ပညာအရောင်တဲ့။
သီလ သမာဓိ ပညာဆိုသည်က ရင်းနှီးကျွမ်းဝင်ပြီးသား သိက္ခာသုံးပါးအကျင့်မြတ်ပင်။
သို့သော် အဲဒီဓါးကို ထက်ရှအောင် သွေးခဲ့မိကြပါရဲ့လား။
သူဆက်လျှောက်နေသည်။
သူ့ရင်ဘတ်ထဲမှာတော့ မြွေဆိုးတစ်ကောင်က အသေအခြာ အိပ်နေသည်။
သူက လမ်းဆက်လျှောက်ရင်း ဓါးတစ်လက်အကြောင်းကို စဉ်းစားနေလေသည်။
မရှိသေးရင် ရှာထားဖို့။
ရှိလက်စလေးဆိုရင်လည်း ထက်ရှမြိမြအောင် သွေးထားဖို့။
Labels:
အတွေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment