23 November, 2009

မနက်ဖြန်များကို စမ်းဝါးခြင်း

မကြာမီမှာ ဒီဇင်ဘာက ရောက်လာချေတော့မည်။ ဒီဇင်ဘာသည် သူ့အတွက် စိန်ခေါ်မှုတစ်ခုနှင့်အတူ စောင့်နေပါလိမ့်မည်။ လွန်ခဲ့သော သြဂုတ်လနေ့လည်ခင်းတစ်ခုဆီက သူသည် အိန္ဒိယနိုင်ငံ၊ ဗာရာဏသီမြို့၊ ဗဟိုတိဘက်အဆင့်မြင့် လေ့လာရေးတက္ကသိုလ်(Central University of Higher Tibetan Studies) ရှိ ဒုတိယအဓိပတိ၏ ရုံးခန်းတွင် ရောက်ရှိနေခဲ့သည်။

ကောလိပ်အဆင့်မှ တက္ကသိုလ်အဆင့်သို့တိုးမြင့်ခြင်းခံရသည်မှာမကြာလှသေးသော မဟာယာနနှင့် တိဘက်လေ့လာရေးအထူးပြုကျောင်းသည် ထေရ၀ါဒဗုဒဘာသာကို လေ့လာရန် မွတ်သိပ်နေလေသည်။ ထေရ၀ါဒကို တို့ထိမည်ဆိုလျှင် ထေရ၀ါဒ၏ မိခင်စာပေဖြစ်သည့် ပါဠိဘာသာစကားမုခ်ဦးမှ ၀င်ရပေလိမ့်မည်။ ထေရ၀ါဒကို ဆာလောင်နေသည့် ကျောင်းတော်သည် ပါဠိရေချမ်းစင်လေးကို မဖြစ်မနေ တည်ဆောက် လေတော့မည်။

ထိုကွက်လပ်ကို ဖြည့်စွက်ရန် တက္ကသိုလ်အဓိပတိရုံးခန်းသို့ သူရောက်ရှိနေခြင်းဖြစ်လေသည်။ ပါဠိဘာသာကို အင်္ဂလိပ်ဘာသာစကားဖြင့် သင်ကြားပို့ချပေးနိုင်သည့် မြန်မာရဟန်းတော်တစ်ပါးအဖြစ် ခပ်ရဲရဲ လက်မှတ်ထိုးရပေလိမ့်မည်။
“ ဘန္တေ ပါဠိဘာသာကို ကျွမ်းကျွမ်းကျင်ကျင် သင်နိုင်ပါ့မလား”
“ ကျောင်းသားတွေ နားလည်အောင်တော့ သင်ပေးနိုင်ပါတယ်”
အဓိပတိနှင့် အင်တာဗျူးက စကားအများကြီးမပြောလိုက်ရပါ။
“ ကောင်းပြီလေ မနက်ဖြန် နံနက် ၁၁း၀၀ နာရီ တစ်ခေါက်ပြန်လာစေချင်ပါတယ်၊ ဒီတက္ကသိုလ်မှာ ဂုဏ်ထူးဆောင်ပါမောက္ခကြီးအဖြစ်ခန့်အပ်ထားတဲ့ မစ္စတာထရီပါတီနဲ့တွေ့လိုက်ဦး။”
“ထိကေ ဂုရုဂျီး”
ထို့နောက် အဓိပတိလားမားကြီးနှင့်အတူ ထေရ၀ါဒနှင့် မဟာယာနယှက်နွှယ်ဆက်စပ်မှုများ၊ မြန်မာနှင့် တိဘက်အက္ခရာအရေးအသားစသည်တို့ အလွတ်သဘောပြောဖြစ်ကြသေးသည်။ ပညာရှင်တစ်ဦး၏ ဟန်ပန် အပြည့်ရှိသော လားမားကြီးသည် စကားပြောရာတွင် နုညံ့နွေးထွေးစွာ ပြောဆိုတတ်လေသည်။

No comments: