02 December, 2009

မစိုးရိမ်အလွမ်း


ဒီနေ့မနက်စောစောအိမ်ရာက နိုးနေပါတယ်၊ဗာရာဏသီဆောင်းက အေးစပြုပါပြီ။ စောင်ထူထူခြုံကွေးရင်း အိပ်ရာဘေးမှာ အသင့်တွေ့ရတဲ့ ညတုန်းက အိပ်ရာမ၀င်မီ ဖတ်လက်စ လက်ရှိမစိုးရိမ်တိုက်သစ် ဆရာတော် ဘုရားကြီးရဲ့ စိန်ရတုအထိမ်းအမှတ်သြ၀ါဒကထာများစာအုပ်ထူထူကြီး ဆက်ဖတ်နေမိပါတယ်။အဲဒီအချိန်မှာပဲ ဖုန်းခေါ်သံ တစ်ခုက မင်္ဂလာရှိစွာ ၀င်ရောက်လာပါတယ်။ အမေရိကန်ပြည်ထောင်စု၊ နယူးယော့ခ်မှာ နေတဲ့ စပွန်ဆာမယ်တော်ဆီက န၀ကမ္မပေးပို့လိုက်ပြီဆိုတဲ့ အကြောင်းပါ။ မယ်တော်မိသားစုက သူအိန္ဒိယမှာ ပညာသင်နေတဲ့ကာလအတွင်းမှာ အစစအရာရာပံပိုးပေးခဲ့ကြတာ ကျေးဇူးများလှပါတယ်။ ဓမ္မဂင်္ဂါဖြစ်လာဖို့ အတွက် ရေလောင်းခဲ့ကြတဲ့ သူ့ရဲ့စပွန်ဆာတွေက အမည်မဖော်လိုကြတဲ့အတွက် အင်တာနက်မှာ မတင်ဖြစ် တော့ပါ။

ဒီတစ်ခေါက် မြန်မာပြည်ပြန်ဖြစ်တော့ သူ့နာမည်က သူ့အသိုင်းအ၀ိုင်းကျဉ်းကျဉ်လေးမှာ ထင်ထင်ရှားရှား ဖြစ်သွားပါတယ်။ အိန္ဒိယတက္ကသိုလ်တစ်ခုမှာ ကထိကဖြစ်သွားပြီဆိုတဲ့ သတင်းကြီးသွားတာနဲ့ အိန္ဒိယပြန်ဖို့ လမ်းစရိတ်လှူမယ့်လူတောင် မရှိဖြစ်သွားရတာပါ။ ဒီကြားထဲ ဓမ္မဒါနစစ်စစ်တရားပွဲကလည်း နာမည်ကြီးခဲ့ ပါသေးတယ်။

မြန်မာပြည်က စပွန်ဆာဒကာကြီးတစ်ယောက်ကတော့ အကြောင်းသိသွားလို့ တပည့်တော်လှူပါမယ်လို့ လျှောက်ထားပြီး ဖြစ်ပေမယ့် ဗုဒ္ဓဂယာဘုရားဖူးရာသီမှာ လေယာဉ်လက်မှတ်တွေက အခက်အခဲရှိတတ်လို့ စောစောဝယ်မှ ဖြစ်မယ်ဆိုတာကိုတော့ ဒကာကြီးကို မပြောရဲပြန်ပါဘူး။ ဒီအကြောင်းကို စင်ကာပူမှာ သီတင်းသုံး နေတဲ့ မိတ်ဆွေရဟန်းတော်တစ်ပါးကို အင်တာနက်မှာ ချတ်ရင်း ညီးပြဖြစ်ပါတယ်။ဘာပဲဖြစ်ဖြစ် အလုပ်ဖြစ်သွား ပါတယ်။ လေယာဉ်လက်မှတ်တစ်စောင်ဖြစ်သွားပါတယ်။ သာဓု သာဓု သာဓု။ မိတ်ဆွေရဟန်းတော် တစ်ပါးပြော တာလည်း မှတ်မှတ်ရရဖြစ်သွားခဲ့ပါသေးတယ်။ “အင်း ငါ့ရှင်တို့ ဒကာ ဒကာမတွေအပေါ်မှာ မာနကြီးသမျှ လူရင်းတွေကို လာထိတယ်ဗျား ” တဲ့။အလှူခံမရဲသမျှတော့ လူရင်းတွေကိုပဲ ၀င်ဝင်ဆွဲရတော့တာပါ။

အဲဒါမစိုးရိမ်အမွေပါပဲ။ မန္တလေးမြို့ မစိုးရိမ်တိုက်သစ်မှာ လေးနှစ်တာနေထိုင်ခဲ့စဉ်အတွင်း မစိုးရိမ်ဆရာ တော်တွေရဲ့ သြ၀ါဒတွေ နားထဲစွဲခဲ့တာက အလှူခံအလုပ်ကြီးကို တွန့်ဆုတ်စေခဲ့ပါတယ်။ ရန်ကုန်မှာ စာသင်တိုက်ထောင်ပြီး ရဟန်းသာမဏေတွေ မွေးမြူစာချဖြစ်တဲ့အခါမှာလည်း မစိုးရိမ်ထွက်ကျောင်း ထိုင်ဆရာတော်၊ နာယကစာချဆရာတော်တွေချည်းစုစည်းဖြစ်ခဲ့ကြတာမို့ ရပ်ကွက်ထဲမှာ ဆွမ်းဆန်စိမ်း အလှူခံဖို့တောင် မရဲခဲ့ကြပါဘူး။

ပထမဆုံးနှစ်တွေကတော့ ဒကာတွေ တွန်းအားကြီးလို့ သင်္ကြန်အတွင်းမှာ နှစ်နှစ်လောက်တော့ ရပ်ကွက်ထဲမှာ နေပူကြဲကြဲထဲ ဆွမ်းဆန်စိမ်းခံ စာချစာသင်သံဃာတော်တွေ ကြွဖြစ်ခဲ့ကြပါသေးတယ်။ နောက်တော့လည်း ဒါဟာ မစိုးရိမ်သွေးမဟုတ်ဘူးလို့ ကျောင်းထိုင်ဆရာတော်က မျက်နှာပူခဲ့ပါတယ်။ နောက်နှစ်များမှာ နာယကဆရာတော်များနဲ့တိုင်ပင်ပြီး မစိုးရိမ်ထုံးစံ အလှူမခံကြေးဆုံးဖြတ်ပြီး ဆက်မကြွဖြစ်တော့ပါဘူး။

အမေရိကားက မယ်တော်က ကုတ်ဒ်နံပါတ်တစ်ခုကို ပေးပြီး “ ဖတ်လိုက်စ ဆက်ဖတ်ပါ၊ ဦးဇင်းရဲ့ ဘလော့ ကိုတော့ ဆက်ရေးပါ၊ အမာခံပရိသတ်တစ်ဦးတော့ အခိုင်ရှိပါတယ် ” လို့ သတင်းကောင်းပေးပါတယ်။ အမြဲတမ်းဖတ်နေတဲ့ပရိသတ်ကတော့ နယူးယော့ခ် လောကချမ်းသာကျောင်းက ဂေါပကဒကာကြီး ဦးကျော်တင့် ပါ။ မယ်တော်ရဲ့ ဖခင်ပါပဲ။

ဖုန်းကျသွားတာနဲ့ ဖတ်လက်စမစိုးရိမ်ဆရာတော်ကြီးရဲ့ သြ၀ါဒများကို ဆက်ဖတ်ဖြစ်ပါတယ်။ ကိုယ်တိုင်လည်း နားထောင်ခဲ့ဖူးတာမို့ နားထဲမှာ ထိထိမိမိရှိခဲ့သလို စာနဲ့မှတ်တမ်းတင်ထားတော့လည်း ဖတ်ရတာ အရသာရှိနေတုန်းပါ။မစိုးရိမ်ဆရာတော်အရှင်ရာဇဓမ္မာဘိဝံသဆိုတာက စကားပြောရင် တည့်တည့်ပြောတတ် ပါတယ်။ ပိဿာလေးနဲ့ နံဘေးပစ်ဆိုတာမျိုး အပြောခံရတဲ့သူကတော့ အောင့်အောင့်သွားတတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် နာနာကျင်ကျင် အပစ်မြင်တိုင်း ၀မ်းတွင်းမသို ဟုတ်တိုင်းဆိုသား ကျိုးလိုစိတ်က ဆုံးမတတ်သူ ဆရာဟူလော ဆိုတဲ့ ဆရာမျိုးမို့ ရဟန်းသံဃာထုတစ်ရပ်လုံးက လေးစားကြရတဲ့ဆရာတော်ကြီးပါ။

သံဃာသုံးထောင်လောက်ရှိတဲ့ မစိုးရိမ်တိုက်ကြီးသုံးတိုက်ကို အုပ်ချုပ်တော်မူဆဲဆရာတော်ကြီးမို့ သြဇာလည်း ကြီးတော်မူပါတယ်။ရဟန်းလေးမျိုးရှိတယ်လို့ဖတ်ဖူးပါတယ်။ အမျိးသမီးတွေချည်းသာ ကြည်ညိုတဲ့ ရဟန်း (ညံ့)။ အမျိုးသားတွေပါ ကြည်ညိုတဲ့ ရဟန်း( သင့်)၊ ရဟန်းတော်အချင်းချင်း ကြည်ညိုတဲ့ ရဟန်း (တော်)။ ကိုယ့်ကိုယ်ကို ကြည်ညိုတဲ့ရဟန်း(အတော်ဆုံး) တဲ့။ အတော်ဆုံးကိစ္စကတော့ ဆရာတော်ကြီးရဲ့ ကိုယ်ရေးကိုယ် တာမို့ မသိရပေမယ့် တော်အဆင့်မှာတော့ ဆရာတော်ကြီးက မတ်မတ်မားမားရှိနေခဲ့ပါတယ်။

ဆရာတော်ကြီးက စကားပြောပြတ်သလို လက်သီးထိုးလည်း ကြမ်းပါတယ်။ အဟုတ် သူကိုယ်တိုင် မစိုးရိမ်တိုက်သစ်မှာ လေးနှစ်တာနေထိုင်ခဲ့စဉ်အတွင်း အချိုးမပြေလို့ လက်သီးနဲ့ သုံးခါအထိုးခံခဲ့ရဖူးပါတယ်။ မမေ့ဘူးဘုရား။ လွမ်းတာ လွမ်းတာ။ သြော်ဆရာတော်ကြီးတောင် သက်တော်(၇၅) ပြည့်ရှာပြီ။

ဆရာတော်ကြီးရဲ့ သြ၀ါဒတွေကို ဆက်ဖတ်ဖြစ်ပါတယ်။
“မင်းတို့ သံဃာသုံးထောင်လောက်နီးပါးထဲမှာ ဆိုးတဲ့သူ သိပ်မရှိပါဘူးကွ။ အလွန်ဆုံးရှိရင် တစ်ရာ တစ်ရာ့ငါး ဆယ် နစ်ရာပေါ့။ အဲဒီနှစ်ရာလောက် ဆိုးတဲ့ပုဂ္ဂိုလ်ရှိတာနဲ့ ကောင်းတဲ့ပုဂ္ဂိုလ်တွေ အထိအခိုက်မခံနိုင်ဘူး။ ဆိုးတဲ့ပုဂ္ဂိုလ်တွေ ပြင်ရင်ပြင်၊ မပြင်နိုင်ရင် ပြောင်း ဒါပဲရှိတယ်။ မင်းတို့ကို ချော့မထားဘူး၊ ပြီးတော့ ဒို့တိုက်က မွေးမြူရေးလုပ်တဲ့ တိုက်မဟုတ်ဘူး။မွေးမြူရေးလုပ်တဲ့တိုက်ဆိုတာကတော့ သံဃာများရင် အကျိုးရှိတယ်။ ”

“ဒီသံဃာပြပြီး စပါးအလှူခံ၊ပဲအလှူခံ၊နှမ်းအလှူခံ၊ အဲဒါတွေရောင်းပြီး ကားစီး တိုက်ဆောက် မင်းတို့အချို့ တိုက်တွေက အဲဒါတွေလုပ်နေတာ ဦးဇင်းတွေကို ဟုတ်တိပတ်တိ ကျွေးတာမှ မဟုတ်ဘဲ၊ အဲဒို့ဆီက ပဲအလှူခံ နှမ်းအလှူခံမရှိဘူးဗျာ၊ မစိုးရိမ်တိုက်သစ်အတွက် ဆိုပြီးတော့ အလှူခံနေရင် အဲဒီကောင်ညာတာ မှတ်ထား၊ ဒို့ဆီက ဘယ်တော့မှ အလှူမခံ၊ ဒါကြောင့် မွေးမြူရေးတိုက်မဟုတ်ဘူး မွေးမြူရေးတိုက်ဆိုတာက သံဃာများလေ သူ့အတွက် အကျိုးရှိလေ၊ ဒို့ဆီက သံဃာရှိရှိမရှိရှိ။ ရှိတဲ့သံဃာ ပညာရေးတိုးတက်အောင် လို့ပို့ချပေးမယ်။ ဒါပဲ ဒီပြင် အစားအသောက်တွေ ဘာတွေ ဒို့က ဘာမှ တာဝန်မယူဘူး။ ”(၁၃၆၅ ခု နယုန်လပြည့်နေ့သြ၀ါဒ)

ဒီလိုသြ၀ါဒများကို အပတ်စဉ်တိုင်းကြားရလေ့ရှိပါတယ်။ နားထဲမှာ စွဲနေတော့တာပါ။ အကြွားအ၀ါမဟုတ် အလုပ်တကယ် လုပ်ကြရမယ်ဆိုတာကို နွှေးပေးနေခဲ့တာပါ။ အများဒကာ ဒကာမတွေအမြင်မှာတော့ မစိုးရိမ် ကိုယ်တော်တွေ ကြည့်ရတာ ဆောင့်ကြွားကြွားမို့ ကြည့်ရတာ အချိုးမပြေလှပါဘူး။ ဒါပေမယ့် ကျောင်းတိုက် ကြီးထဲ ၀င်ကြည့်လိုက်ရင်တော့ ကြိုက်သွားကြတာပါ။ စာကျက်ကြ စာတက်ကြသံဃာတော်တွေကို အရင်း အတိုင်းတွေ့လိုက်ရလိုပါပဲ။ နေရာအနှံ့သံဃာတွေချည်းပြည့်နေတော့တာပါ။ ဘုရားလက်ထက်တော်က ဇေတ၀န်ကျောင်းကြီးမြင်ဖူးချင်ရင် မစိုးရိမ်တိုက်သစ်ကိုသာ သွားကြည့်ပေရော့။

အလှူမခံပေမယ့် ကျောင်းကြီးတွေ ဟီးဟီးထအောင် ဆောက်လှူကြတော့တာပါ။ မစိုးရိမ်တိုက်ထဲမှာ ကျောင်း ဆောက်တဲ့ ဒကာတွေဟာ တစ်ကျောင်းတည်းနဲ့ ရပ်သွားလေ့မရှိပါဘူး၊ မသေမချင်းကို တစ်ကျောင်းပြီး တစ်ကျောင်း ဆောက်ကြတော့တာပါ။ သေသွားရင်လည်း သံဃာတွေအတွက်ဆိုပြီး နေတဲ့အိမ်ကို ရေစက် ချခဲ့တာပါပဲ။ သားစဉ်မြေးဆက်လည်း ကျောင်းတွေဆက်ဆောက်ကြတော့ မြေကွက်အလပ်မရှိအောင် ကျောင်းချင်းထိစပ်တဲ့အထိ သာသနာကို မြှင့်ခဲ့ကြပါတယ်။

ကျောင်းတွေ ဆောက်တိုင်းဆောက်တိုင်း သံဃာတွေက စုပြုံတိုးနေကြတာပါပဲ။ မစိုးရိမ်ရဲ့ ပညာရေးအရိပ်က လုံခြုံတော့လည်း ခိုကိုးကြတာပါ။ သူလည်း ပျော်ပျော်ကြီးတိုးခဲ့ပါသေးတယ်။ မစိုးရိမ်အလွမ်းတွေလည်း ဆက်ပါဦးမယ်.။ ဆရာတော်ရဲ့နိုင်ငံ၊ လူမျိုး၊ သာသနာအပေါ်မှာ ဘယ်လောက်ချစ်သလဲဆိုတာ ထင်ဟတ်စေတဲ့ သြ၀ါဒတော်တွေကိုလည်း မျှချင်ပါသေးတယ်။

No comments: