18 January, 2010

မုဒိတာဖြင့်ဘလော့ဂ်ခြင်း

(၁)

သူ့ကိုယ်ပိုင်မနက်ခင်းကတော့ တဒုန်းဒုန်းတံခါးခေါက်သံများဖြင့် ဆူဝေနိုးထလာခဲ့ရပါတော့သည်။ သင်တန်းချိန်က နီးကပ်နေပြီ။ နံနက် ၈း၀၀ နာရီထိုးဖို့ မိနစ်အနည်းငယ်မျှသာ လိုတော့သည်ပဲ။ လျှပ်တပြက်မျက်နှာသစ်နည်းကို အသုံးပြုလိုက်ရသည်။ အရုဏ်ဆွမ်းနဲ့တော့ လွဲပြီ။ ကော်ဖီတစ်ခွက် ဖျော်သောက်ချိန်မရပြီ။ ရဟန်းဘ၀ဆိုတာ အပူကိုလိုသော် အအေးလည်း မရ။ အအေးကိုလိုသော် အပူလည်း မရပါတကား။

သင်တန်းတက်ကြမည့် မိတ်ဆွေရဟန်းတော်များကို ' Good morning'' ဟု အစာအိမ်ဟောင်းလောင်းဖြင့် နှုတ်ဆက်ကာ သင်ခန်းစာထဲ မျှောချလိုက်သည်။ဆာလောင်မှုသည် ရောဂါတဲ့။ စာသင်နေသည့်အခိုက်တော့ ရောဂါသက်သာနေသည်။ သင်တန်းတစ်ချိန်နားချိန်မှာတော့ နယူးယောက်က ဒကာကြီးမိသားစု၏ အလှူငွေဖြင့် သင်တန်းတက်ရောက်နေကြသောရဟန်းတော်များနှင့်အတူအဆောင်ရှေ့ရှိကြာရေ(လက်ဘက်ရည်) ဆိုင်လေး မှာ တန်းစီရလေသည်။ ကြာရေတစ်ခွက်သာ နံနက်စာဖြစ်တော့၏။ ကောင်းလေစွ။

စနေတနင်္ဂနွေနေ့များမှာတော့ သင်တန်းများနားသည်မို့ သူ့အခန်းလေးတွင် မှိန်မှိန်ကုပ်ကုပ်ပင် တိုးတိတ်စွာ စာဖတ်ဖြစ်သည်။ အခန်းဖော်မိတ်ဆွေက ကွန်ပြူတာတွင် သိမ်းဆည်းထားသည့် စာအုပ်ဖိုင်လ်များစွာကို မျှဝေပေးထားသည်။စာအုပ်များနှင့် ရောထွေးအသားကျသွားသည့်အခါ အင်တာနက်စီးကြောင်းမှ ခဏတာ ခွဲထွက်ထားလိုက်သည်။ ပို့စ်အသစ်လည်း မရေးဖြစ်။ ညဦးပိုင်းဆီက အမှတ်ရ၍ သူ့မေးလ်သေတ္တာလေးကို ဖွင့်ကြည့်လိုက်သည်တွင် ပုဂ္ဂလိကပိုင်မဟုတ်သောစာများစွာကိုတွေ့ရသည်။ ယခုရက်ပိုင်းတွင်ရွှေပြည်ကြီးနှင့် ဆက်နွှယ်သော ဗုဒ္ဓဘာသာအသိုင်းအ၀ိုင်းကို လှုပ်ခတ်စေသည့် ဘလော့ဂ်တစ်ခုအကြောင်းဖြစ်သည်။

သူကတော့ စုတ်သပ်မိရုံကလွဲပြီး မထူးခြားခဲ့။ ဆဲသံများကို နားမထောင်တတ်တာကြာပြီ။
သို့နှင့် အေးဆေးငြိမ်သက်စွာပင်မပြီးပြတ်သေးသောစာအုပ်များကိုတိတ်ဆိတ်သောည၊အေးစက်သောနာရီသံချောင်း
ခေါက်သံများနှင့်အတူ ဆက်ဖတ်ဖြစ်ခဲ့သည်။အိပ်ရာဝင်တော့ နံနက်ခင်းပိုင်း ၂း၀၀ ကျော်လွန်ပြီ။

(၂)

လွန်ခဲ့သောနှစ်နှစ်ခန့်က ဂျဝါဟလာနေရူးနှင့် အမီတာ ဘာချန်တို့မွေးရပ်မြေ အလာဟဘဒ်မြို့ကို ကျော်ဖြတ်၍ ကောသမ္ဘီမြို့ဟောင်းဆီ အလည်အပတ်ရောက်ခဲ့ဖူးသည်။ ယခုတိုင်လည်း ကောသမ္ဘီခရိုင်အဖြစ် အသိအမှတ်ပြုခေါ်ဝေါ်နေကြဆဲပင်ဖြစ်သည်။ ကောသမ္ဘီမြို့ဟောင်းသည် မြို့ပျက်ကြီးသဏ္ဌာန်လည်း မရှိတော့။ တောင်ကုန်းမို့မို့လေးများနှင့်ဃောသိတာရုံကျောင်းနေရာဟုယူဆရသော ပရိဝုဏ်အုတ်ရိုးအုတ်ဘောင်များသာ တွေ့ရသည်။

ဃောသိတာရုံကျောင်းဆိုသည်က ဃောသကသူဌေးကြီး၏ ကောင်းမှုဖြစ်သည်။ဃောသကသူဌေးကြီးနှင့် ဆက်ကာ သူဌေးကြီး၏ မွေးစားသမီးလေးသာမာဝတီကို သတိရလိုက်သည်။ သာမာဝတီက နောက်တစ်ချိန်တွင် ကောသမ္ဘီတိုင်းအရှင် ဥတေနဘုရင်၏မိဖုရားတစ်ပါးဖြစ်လာသည်။သာမာဝတီတွင် မာဂဏ္ဍီအမည်ရှိ ပြိုင်ဘက် မိဖုရားတစ်ပါးလည်း ရှိနေပြန်သည်။

သာမာဝတီက ဗုဒ္ဓအရှင်ကို ကြည်ညိုလေးမြတ်သမျှ မာဂဏ္ဍီအတွက်တော့ ဗုဒ္ဓဘုရားဆိုတာ ခါးသော အသီးကြီးပင် ဖြစ်သည်။ကြားလည်း ခါး၊မြင်လည်း ခါး၊ တွေးလည်း ခါးနေတော့သည်။ ဗုဒ္ဓအရှင်ကို ကြည်ညိုသော သာမာဝတီကိုအပြတ်ရှင်းပစ်ချင်သလို ဗုဒ္ဓအရှင်ကိုလည်း ကောသမ္ဘီအ၀န်းအ၀ိုင်းမှ လွင့်ထွက်သွားစေချင်သည်။ သို့နှင့် ဗုဒ္ဓအရှင်၏ ဆွမ်ခံလမ်းတစ်လျောက်တွင် ဆဲနည်းပေါင်းစုံဖြင့် ဆဲရေးသူများပေါ်ပေါက်လာအောင် မာဂဏ္ဍီက ဖန်တီးခဲ့သည်။ အကွက်ကျကျဆဲနည်း ဆယ်မျိုးရှိသည်ဟု ဆိုပါသည်။

ကောသမ္ဘှီမြို့ဟောင်းတစ်နေရာမှာ ရပ်နေရင်း ထိုမြင်ကွင်းကို လမ်းမျှော်ငေးခဲ့ဖူးလေသည်။ရှုလော့။ဗုဒ္ဓအရှင်နှင့် သံဃာတော်များ စီတန်းလှည့်လည်ကာ ဆွမ်းခံကြွလာပြီ။ လမ်းဘေးဝဲယာမှာတော့ ဆဲရေးနေသူများ။ အော်ဟစ်ခြောက်လှန့်နေသူများ။ လက်သီးလက်မောင်းတန်းယိမ်းထိုးနေသူများ။ ရီဝေကျိန်းစပ်သော မျက်လုံးအကြည့်များ။

သာမန်ရဟန်းတစ်ပါးထက် အရိယာအဖြစ်ပိုလွန်သော အာနန္ဒာထေရ်သည်ပင် တုန်လှုပ်ခြောက်ခြားသွားသည်။ အမှန်တကယ်ပင် ခြေလှမ်းမှားစရာလည်း ကောင်းလှသည်။ ကိုယ့်ကို မလိုလားသူတို့ကြားတွင် ဖြတ်လျှောက်ရသော ကြပ်တည်းမှုမျိုးကို ကြုံဖူးကောင်းကြုံဖူးနိုင်သည်။ဘယ်လောက်များ နောက်ကျောမလုံစရာ ကောင်းလိုက်ပါသလဲ။

ဗုဒ္ဓအရှင်ကြုံတွေ့နေရသည်က အရပ်လေးမျက်နှာ ၀ိုင်းအုံဆူပူဆဲရေးမှုကြီးဖြစ်သည်။ဆဲတတ်သူများနှင့် တစ် မနက်ခင်းလုံးသာမက (၇)ရက်တိုင်တိုင်ဖြစ်သည်။ ပထမဆုံးရင်ဆိုင်တွေ့ရသောနံနက်ခင်းဆီက ဗုဒ္ဓအရှင်နှင့် အာနန္ဒာမထေရ်မြတ်တို့၏ ဆွမ်းခံလမ်းပေါ်က ဒိုင်ယာလော့ဂ်ကို ဤသို့ကြားလိုက်ရသည်။

အာနန္ဒာ “ မြတ်စွာဘုရား ကောသမ္ဘီသားတွေဟာ တပည်တော်တို့ကို ရိုင်းပျစွာ ဆဲရေးနေကြပါပြီ။ အရပ်တစ်ပါးကို ထွက်သွားကြပါစို့”
ဗုဒ္ဓ“ တကယ်လို့ထွက်သွားမိတဲ့အရပ်က ရိုင်းပျစွာ ဆဲရေးကြမယ်ဆိုရင်ကော အာနန္ဒာ”
အာနန္ဒာ“ အခြားအရပ်ကို ထွက်သွားကြတာပေါ့ ဘုရား။”
ဗုဒ္ဓ“ တကယ်လို့ထွက်သွားမိတဲ့အရပ်က ရိုင်းပျစွာ ဆဲရေးကြမယ်ဆိုရင်ကော အာနန္ဒာ”
အာနန္ဒာ“ အခြားအရပ်ကို ထွက်သွားကြတာပေါ့ ဘုရား။”
ဗုဒ္ဓ“ တကယ်လို့ထွက်သွားမိတဲ့အရပ်က ရိုင်းပျစွာ ဆဲရေးကြမယ်ဆိုရင်ကော အာနန္ဒာ”
အာနန္ဒာ“ အခြားအရပ်ကို ထွက်သွားကြတာပေါ့ ဘုရား။”
ဗုဒ္ဓ“အာနန္ဒာ ဒီလိုမလုပ်ကောင်းပေဘူး၊ အဓိကရုဏ်းပြဿနာဖြစ်ပွားတဲ့နေရာမှာအဓိကရုဏ်းငြိမ်းအေးမှသာ လျှင် အရပ်တစ်ပါးကို ထွက်ခွာသင့်ပေရဲ့။”

ဗုဒ္ဓအရှင်၏ ရဲရဲတောက်တောက်သော စကားတော်ကိုလည်း ဆက်နာကြည့်ပါဦး။
“အာနန္ဒာ ငါကိုယ်တော်ဟာ စစ်မြေပြင်ထွက်တဲ့ ဆင်ပြောင်ကြီးနဲ့ ထပ်တူဖြစ်ပေရဲ့။ စစ်မြေပြင်က ဆင်ပြောင်ကြီးဟာ အရပ်လေးမျက်နှာက တိုက်ခိုက်ပစ်လွှတ်လိုက်တဲ့မြားတွေကို ကြံ့ကြံ့ခံနိုင်သလိုမျိုး မိုက်မဲညံဖျင်းသူတို့ ဆိုဆဲတဲ့စကားအဖျင်းတွေကို သည်းခံရန်မှာ ငါ့ဝန်သာ ဖြစ်ပစေတော့။”

ဗုဒ္ဓအရှင်က ဆဲရေးသူများကို မည်သို့မျှ မတုန့်ပြန်ခဲ့။ သို့နှင့် (၇)ရက်အတွင်းမှာပင် ဆဲရေးသူများ ပျင်းရိသွားသည်။ ဗုဒ္ဓအရှင်မြတ်နှင့် ဗုဒ္ဓအရှင်မြတ်၏ တရားဓမ္မကို အတွင်းသားအပြင်သားခွဲခြားမသိသော မိုက်မဲစွာဆဲရေးသူတို့အား စောင်းငဲ့ကြည့်ဖွယ်မလိုခဲ့ပါလေ။ ကရုဏာဖြင့် စုတ်သပ်ရုံပင် ရှိတော့သည်။

(၃)

ဒုတိယသင်တန်းပြီးချိန်မှာတော့ ဂျမူးတက္ကသိုလ်တွင် ပါရဂူကျမ်းပြုနေသည့် ပညာရေးကော်မတီဝင် အရှင်ကုဏ္ဍလက ဗာရာဏသီရောက်ခိုက် မိတ်ဆွေရဟန်းတော်များကို ဘလော့နည်းပညာစာအုပ်လေးများ ဓမ္မဒါနပြုလေသည်။

အားလုံး ဘလော့ကြပေရော။
ဆည်းပူးထားသမျှ ဓမ္မအသိ ဓမ္မနည်းနာတွေ ဖြန့်ဝေကြပေရော။
အခြားသူတို့ရဲ့ယုံကြည်ချက်နဲ့ ဘာသာတရားကို မထိပါးစေဘဲ ဗုဒ္ဓအရှင်မြတ်ရဲ့ သတင်းစကားအစစ် အမှန်တွေကို ကမ္ဘာ့နားတွေ ကြားအောင် ကြွေးကြော်ကြပေရော။
ဗြဟ္မစိုရ်နှလုံးသားကို ဖွင့်ကာ ကမ္ဘာမြေရဲ့ မျက်လုံးတွေကို ပွင့်လင်းကြစေရော။


(၄)

အသောကမင်းတရား၏ ကျောက်စာတော်သည်လည်း ယနေ့အင်တာနက်စီးဆင်းမှုကို ရုတ်ရုတ်သည်းသည်း ငြင်းခုန်ရန်လိုမှုများဖြင့် ဖြတ်သန်းလိုသောဘာသာရေးဘလော့ဂါများအတွက် လေးစားလိုက်နာဖွယ်ရာ ကောင်းလှပေသည်။

“မိမိဘာသာတရားကိုသာ လင်းပစေပြီး အခြားသူတို့ရဲ့ ဘာသာတရားကို ပြစ်တင်ရှု့ချမပြုသင့်ကြ။ အခြားသူတို့ရဲ့ ဘာသာတရားကိုလည်း လေးစားထိုက်ပေရဲ့။ အခြားသူတို့ရဲ့ ဘာသာတရားကို လေးစားခြင်းဟာ မိမိဘာသာတရားကို လင်းပထွန်းကားစေနိုင်သပ။ မိမိဘာသာတရားကို ထွန်းပ။ အခြားဘာသာတရားကို နှိမ့်ချခြင်းဟာ မိမိဘာသာတရားရဲ့ သင်္ချိုင်းကို မိမိကိုယ်တိုင် တူးမြုတ်ရာရောက်သလို အခြားဘာသာတရားကိုလည်း နာကျင်စေတတ်ပေရဲ့။

“ငါ့ဘာသာတရားကိုသာ ငါထွန်းပစေမည်” ဆိုတဲ့ အတွေးသက်သက်နဲ့ မိမိဘာသာတရားကို တစ်ဖက်သတ် ဂုဏ်ပြုချီးပပြီး အခြားဘာသာတရားကို နှိမ့်ချပုတ်ခတ်ခြင်းဟာ မိမိဘာသာတရားကိုသာ ပိုပြီးထိခိုက်ဖွယ် ရှိတော့တယ်။ ညီညွတ်ခြင်းဟာ မွန်မြတ်စွ။ အားလုံးနားထောင်ကြစေ။ အခြားဘာသာတရား တို့ရဲ့ သွန်သင်ချက်ကိုလည်း နားထောင်တတ်ရန် ဆန္ဒရှိကြစေ။”(ကျောက်စာတော်အမှတ် ၁၂)

(၅)

ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်းကိုသူမဲ၊ လူပုံထဲ၌
ဆိုဆဲရိုင်းပျ၊ သူရန်စလည်း
မင်းက မဖြုံ၊ မင်း မမှုန်ခဲ့
မတုန်မလှုပ်၊ မင်းပြုံးရုပ်သည်
ဟုတ်လှပေစွ၊ ဟုတ်ပေစွ ။

အခါတပါး၊ မြတ်ဘုရားကို
ပုဏ္ဏားဒွါဇ၊ အမျက်ရှ၍
ငဆ နင်ပဲ၊ မျိုးစုံဆဲ၏
ဆိုဆဲအားရ၊ ထိုခဏ၌
ဗုဒ္ဓဘုရား၊ ထိုပုဏ္ဏားနှင့်
စကားချီချ၊ ဆိုခဲ့ကြ ။

ဘာရဒွါဇ၊ ဗြဟ္မဏ-
အိမ်ဝရောက်လာ၊ သင့်ဆွေညာအား
ရသာချိုအေး၊ ခဲဖွယ်ပေး၍
မကျွေးသလော၊ ကျွေးသလော ။

ငါ့ဆွေ ငါ့မျိုး၊ ငါမြတ်နိုး၍
မုန့်မျိုးစုံစွာ၊ သုံဆောင်ပါ-ဟု
ငါကျွေးမွေး၏၊ ငါပေး၏ ။

ဘာရဒွါဇ၊ ဗြာဟ္မဏ
သူကငြင်းဆန်၊ လက်မခံသော်
ကြံ ပျား ဆီဥ၊ ခဲဖွယ်စုသည်
မည်သူ့လက်မှာ၊ ရှိသနည်း ။

သူမယူဘိ၊ နေသည်ရှိသော်
ငါ၏လက်မှာ၊ ရှိသည်သာ ။

ဘာရဒွါဇ၊ ဗြာဟ္မဏ
ငါ့အားသင်ပေး၊ မယဉ်ကျေးသည့်
ဆဲရေးတိုင်းထွာ၊ ဆဲ တစ်ရာကို
ငါ လက်မခံ၊ မိန့်လိုက်ဟန်သည်
သုတ္တန်ထင်ရှား၊ အရှိသား ။

ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်းသိ မသိ၊ ငါမသိခဲ့
ငါသိသည်မှာ၊ သိရုံသာတည်း
မင့်မှာတမူ၊ ယူမတူတို့
ငြူစူမှိုင်းမှုန်။ အဆဲစုံ၌
မတုန်မလှုပ်၊ မင့်ပြုံးရုပ်သည်
ဟုတ်လှပေစွ၊ ဟုတ်ပေစွ ။
(ဇော်ဂျီ)

ကဲ ငါ့ရှင်တို့ သတိကြီးစွာ မုဒိတာဖြင့်သာ ဘလော့ကြပေရော။ ဆဲသောသူများအသံကား ကြားရန်မလိုပြီ။
ဆွေးနွေးဝေဘန်မှုများကိုကား ဓမ္မနည်းလမ်းကျစွာ ဖြေရှင်းကြရပေလိမ့်မည်။


1 comment:

Anonymous said...

ကောင်းလောက်တေး။ ကောင်းလောက်တေး။ :)