20 February, 2010

ကိုယ်တိုင်ကြွားအတ္ထုပ္ပတ္တိ(၂)

(၁)
ရွာအ၀င်လမ်းကား သဲမြေပြန့်ပြန့် ကျောက်စရစ်ဖန့်ဖန့်ရှိချေပြီ။ ချောင်းမြောင်းနှစ်ခုကို တံတားနှစ်စင်း ဖြန့်ခင်းထားသဖြင့် ယခင်ကလို ဟိုမျှော် ဒီချော် လယ်ကံသင်းပေါ်က ကျော်ခွလျှောက်ရသောအနေ အထားမျိုးမဟုတ်လေပြီ။ ရွှံဗွက်အိုင်တိုင်းကို သိုင်းကွက်နင်းစရာမလိုပြီ။ သူမဇ္ဇျိမသို့ မထွက်ခွာမီလေးမှ ခင်းလက်စသောတံတားများဖြစ်၍ ဆေးရောင်ပြယ်လွင့်စပြုသော်လည်း ခိုင်ခံ့မှုကား ပကတိအခြေ မပျက်သေး။ တံတားတစ်စင်းက ရပ်ရွာစုပေါင်းအလှူ။ တံတားတစ်စင်းက တစ်ဦးတည်း အလှူဖြစ်ပေ၏။ တစ်ဦးတည်း တံတားအလှူရှင်မိသားစုကား ဦးဘယ်သူ ဒေါ်အ၀ှာ ဟု ထည်ဝါသောဝေါဟာရကို မသုံး၊ ကိုတင်ရွှေ မ၀င်းခိုင် မိသားစုဟု ရိုးရိုးလေးသာ နှုံးပြုလျက် ကမ္ပည်းသာမန်ထိုးသတည်း။

ရင်းနှီးကျွမ်းဝင်သော ဒကာတစ်ဦးပေမို့“မွန်မြတ်လှတဲ့ တံတားအလှူမှာ ဦးတွေ ဒေါ်တွေနဲ့ ခန့်ငြားစွာ ရေးထွင်းစေချင်ပါဘိ ”ဟု စကားအထူး ဆိုမိချေသေး၏။ ဒကာ၏ မျိုးဆက်ပွား စေတနာနှင့်တုန့်ပြန် စကားကို ကား သူသတိရမိဆဲပင်တည်း။ “ဦးပဉ္ဇင်းဘုရားနှယ် တပည့်တော်ရဲ့ ကလေးငယ်တွေ အရွယ်ရောက်လို့ လူလားမြောက်ချိန်မှာ ငါတို့ဖေ ငါတို့မေတွေဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ ကုသိုလ်အရေး ကြွယ်ခဲ့ကြသကိုးလို့ သိစေချင် နည်းယူစေချင်ပါရဲ့ကိုယ်တော် ”တဲ့။ ကောင်းလေစွ၊ နိပ်ပေစွ။ မှတ်သားထိုက်ပေစွ။ ဒကာကား ဆရာ့အား တရားပြချေသေး၏တကား။

သူ့ဒကာကား မှတ်ဖွယ်မှတ်ရာ ပြုကောင်းရာသော ကုသိုလ်တို့တွင် တက်ကြွလွန်းသူတည်း။ လမ်းခင်းကြစို့ ဆိုလျှင် ရွာလူကြီးများ ရပ်မိရပ်ဖများကား “ဘယ်သူ့ကိုတော့ ဘယ်လောက်ခွဲမလဲ။ ဘယ်အပိုင်းကိုတော့ ဘယ်သူက တာဝန်ယူမလဲ၊ လုပ်အားပေးဆိုတော့ အကျွေအမွေးအတွက် ဘယ်သူက ပေးမလဲ ”စသည် စည်းဝေး စကား ငြင်းခုန်ပွားလျက် ညှိနှိုင်း၍ မပြီး ခရီးမတွင် ရှိတတ်သည်တွင် သူ့ဒကာက စိတ်မရှည်၊

“ကျုပ်ကတော့ ရွာတောင်ပိုင်းလမ်းခင်းဖို့ တစ်ဦးတည်း တာဝန်ယူသဗျို့၊ကျန်တဲ့အပိုင်းကိုတော့ ရွာသူ ရွာသား တွေက တာဝန်ယူကြပေရော” ဆိုသဟာမျိုး အဆိုရိုးရိုးကြီးတင်သွင်းကာ အစည်းအဝေးကို ကျုံ့ပစ် တတ်၏။
တာဝန်ယူသည့်အပိုင်းအတွက် ငွေကြေး စိုက်ထုတ်လှူဒါန်းရုံမျှသာမက သူကိုယ်တိုင်လည်း တူရွင်းပေါက်ပြား ကိုင်ကာ ခပ်မြိုင်မြိုင်ပင် လုပ်အားဒါနပြူသတည်း။ သူ့ဒကာ၏ မဟေသီ မ၀င်းခိုင်ကား ပြုံးလျက်သာ ဆရာဒုံးလုပ်သမျှ ပီတိဖြာတတ်၏။

ကထိန်အလှူစသည် အခင်းအရေးတွင်လည်း ထိုနည်းနှင်နှင်ပင်၊ “ အခု အစည်းအဝေးပြီးတာနဲ့ ပင့်ရမယ့် သံဃာတွေကို ကျုပ်လိုက် ပင့်မယ်ဗျို့” ဟုလည်း တက်ကြွတတ်ပေ၏။ ဒုံးပျံကဲ့သို့ စိတ်မြန်ကိုယ်မြန် ကုသိုလ်ရေး မှန်သမျှတွင် အားသန် တတ်သော သူ့ဒကာသည် ကိုတင်ရွှေဟူသောအမည်ပျောက်၍ ဒုံးရွှေဟုသာ စာရင်း ပေါက်သတည်း။

သူ့ဒကာအိမ်ရှေ့တွင်လည်း အုတ်ကျောက်တို့ဖြင့် အခိုင်အမာ သေချာသပ်ရပ်စွာ ဆောက်လုပ်ထားသော ရေချမ်းစင်ကြီးသည် ဟီးဟီးထလျက် ရှိဘိ၏။ ရေချမ်းစင်နံဘေးတွင်လည်း ပန်းရံဆရာတို့ကို တန်ဖိုးပေး အော်ဒါမှာကာ “ရေအကျိုးဆယ်ပါး” ဟူသော စာမျိုးကို ကျောက်စာဖြင့် ရေးထိုးထားပြန်သေး၏။ ရေချမ်းစင်တွင် လေးလုံးခန့်မျှသော ရေအိုများကို တည်ခင်းကာ ရွာအတွင်းဝင်လာသူတို့၏ ချွေးပြိုက်ပြိုက် အမောကို ဆေးကြောအေးမြစေပြန်၏။ ခြောက်တန်းကျောင်းသူမျှသာဖြစ်သော သမီးကို ညှိနှိုင်းကာ သမီအဖ နှစ်ဦးသား ဥဒကဒါနတရားနှင့်အညီ ရေချမ်းစင်ပါရမီ ဖြည့်ကျင့်ကြသည်တည်း။

(၂)

သူ့ဒကာသည် ရပ်ရွာအနေ ငွေကြေးလည်းချောင်လည်ကာ ပညာလည်းတတ်သော ကျောင်းဆရာ ဟောင်းတစ်ဦးပင်ဖြစ်ပါ၏။ သို့သော် ရိုးရိုးကုပ်ကုပ်သာ နေဘိ၏။ မိန်းမကိုသာ အလှဆင်တတ်၏။ “တပည့်တော် မိန်းမလောက်လှသူ ဇမ္ဗူမရှိ” ဟု ခပ်ကြွားကြွားလျှောက်လေ့ရှိ၏။ “ နတ်သမီးကို ရထား တာဘုရား” ဟုလည်း ကွန့်နိုင်ညွန့်နိုင်ပေသေး၏။ သူ့ဒကာကိုယ်တိုင်မှာမူ ရွာဖြစ်လက်ဖြစ် ဟန်ဒရက်ပါ ဆင့်ကော်တွန်အစစ် ဖျဉ်ကြမ်းအင်္ကျီနှင့် ရွှေဘိုဆိတ်ခွန် ပုဆိုးကိုသာ မြတ်နိုးစွာ ၀တ်လေ့ရှိ၏။ ဆရာဒုံးဟု တစ်ရွာလုံး၏ အခေါ်ကိုလည်း ပြုံးပြုံးကြီး ပျော်လေ့ရှိ၏။

မာန်မာနမထား ကလေးများနှင့်လည်း တည့်၏။ တစ်ခါတစ်ရံ ယမကာလေးတမြမြနှင့် ညနက်အောင် မိတ်သဟာ စုံ ပါတီနွှဲကာ အထာကျတတ်သည်တွင် အိမ်သီးခြားနေသော ဆရာဒုံးမိခင်က “ သားရေ ညနက်ပြီ” ဟု အော်တတ်၏။ ထိုအခါ သူ့ဒကာကလည်း “ ဗျာ အမေ အခုပဲ ပြန်ပြီနော် ”ဟု ထပြန်ပြတတ်၏။ စိုးရိမ်လွန်းသော မိခင်သောကနှင့် အမေ့စကားကို ကလေးတစ်ယောက်ပမာ ကြောက်ပြတတ်ရှာသော သူ့ဒကာ သားအလိမ္မာ တုံးကြီးပေတည်း။ မိတ်သဟာများကို တိုးတိုးမှာသည်ကား “အမေအိပ်ချိန် များမကြာမီ ငါ ပြန်လာမည်” ဟူလို။

ယခုလည်း သူရောက်လာတော့မည် ဟူသော သတင်းကြားသည်နှင့် အသော့နှင်ကာ ကြိုဆိုပြန်ချေသည်။ အမိနှင့်အဖထက်ပင် သူ့ဒကာက ဦးနှင့်၏။ သူ့ဒကာကျောင်းဆရာဟောင်းသည် သူ့တွင် ပါလာသော လက်ပတော့ကွန်ပြူတာအိပ်ကို ဆွဲယူကာ ကြိုဆို၏။ အမှန်စင်စစ် သူ့ဒကာ၏ သူ့အပေါ်သဒ္ဓါညွတ်သည်က ကြည်ညိုမှုထက် ညီရင်းအကိုပမာ ချစ်ခြင်းမေတ္တာ ပိုကဲဘိ၏။သို့အတွက်လည်း သူ့အား ရင်းနှီးစွာ လျှောက်ထားတတ်၏။ ရွာရေးရပ်ရေး ပွင့်လင်းစွာ ဆွေးနွေးတတ်ပေ၏။

“ဦးပဉ္ဇင်းဘုရားရဲ့ အိပ်တော်ကြီးက လေးလှပါကလားဘုရား၊ နိုင်ငံခြားပြန်ဆိုတော့ ဘဇာတွေများ နင်းကန်ထည့်လာသတုန်း။ ဦပဉ္ဇင်းအဖေနဲ့ အမေအတွက် ဘာတွေများပါသတုန်း” ဟု ရင်းနှီးကျွမ်းဝင်စွာ ကိုယ့်အတွှက်တာ မမေးမမြန်း၊ သူ့မိခင်ဖခင်များအတွက်သာ စူးစမ်း၏။ “ကွန်ပြူတာဗျ ဒကာရ” ဟု သူက ဆိုလေသော် သူ့ဒကာက အလွန်ပျော်လေ၏။ “ရွာက ကလေးတွေကို အဲဒါကြီး ပြချင်နေတာဘုရား”တဲ့။ ထို့နောက်တွင် ဆိုချေသည်ကား “ ညကျရင် ဒါကြီးနဲ့ တရားပွဲချရမယ်ဘုရား”တဲ့။ “ ခု ရွာကလူတွေက မြို့ပြက ကိုယ်တော်ဘုရားတွေလို ကွန်ပြူတာတစ်ချက်ချက်နဲ့ တရားစက်လည်နိုင်မှ နာချင်ကြတော့တာဘုရား”တဲ့။

ရွာဦးကျောင်းဘုန်းတော်ကြီးဘုရားကို ၀င်ရောက်ဂါရ၀မပြုမီ အမေနှင့် အဖေကို မျက်နှာပြရ၏။ သတင်းကြားနှင့် စုဝေးလာကြသော ရွာသူရွာသားတို့ကား များလေပြီ။ အမေနှင့် အမနှမများကား လာသမျှကို လက်ဘက်ပွဲနှင့် မစဲအောင် ဧည့်ခံလျက် ရှိ၏။ “ဦးလေးသန်းရေ ခင်ဗျားသား နိုင်ငံခြားပြန်ကိုယ်တော်ကြီးတော့ ကြွလာပြီဗျာ။ ဟောဒီမှာ ကွန်ပြူတာဆိုတာကြီးလည်း ပါသဗျို့” ဟု သူ့ဒကာ ကျောင်းဆရာက ခပ်သောသောပင် လှမ်းအော် လိုက်လေရာ သူ့ဖခင်သည် ဘယ်လိုအပြုံးမျိုးမှန်းမသိသော အပြုံးဖြင့် ကြိုလေသည်။ထိုအပြုံးသည် အလွန်ပင် ကြည့်ကောင်းပေတော့၏။

သူ့မိခင်ဖခင်တို့၏ ဂေဟာမှာ သာမန်ကျေးလက်တဲအိမ်ထက် အနည်းငယ်မျှသာ ခန့်ညားသည် ဖြစ်လေရာ တရုံးရုံးလာသမျှသော ဧည့်သည်တို့အတွက် ကျဉ်းမြောင်းခြင်းဖြင့် ပြည့်ကြပ်လျက်ရှိသတည်း။ သူနေရာယူပြီး၍ အားလုံးက ကန်တော့်ဦးချပြီးသည်နှင့် “ ဦးဇင်း ကွန်ပြူတာကြီး ထုတ်တော့ဘုရာ့” ဟု ဆရာဒုံးက နောက်တော် အပါးက ဆော်သြေစကားဆိုလေတော့၏။ သူကား မငြင်းသာချေပြီ။ လက်ပတော့ပ် ကွန်ပြူတာ ပြပွဲကြီးကို အံချီးဖွယ် ဆင်နွှဲရလေမည်တည့်။

မစ္စတာဒေးဗစ် ကော်ပါးဖီးလ်၏ ပဉ္စလက်တွင် အသက်ရှူမှားဘိသကဲ့သို့ ရွာသူရွာသားအပေါင်းတို့ကား သူ့လက်အရွေ့ကိုသာ တမေ့မေ့ငေးနေကြကုန်၏။ လူကြီးသူမများ၏ ပေါင်ပေါ် ဒူးပေါ် ခွကျော်နင်းကာ သူ့အနားသို့ ကလေးများ တိုးကပ်လာသည်ကို သူ့ဖခင်ကြီးက တဟေ့ဟေ့နှင့် ဟန့်နေရသေး၏။

“ဟယ် ဗီဒီယိုကလည်း ပေါက်စနလေးတော့”
“ဂဏန်းပေါင်းစက်ကြီးကလည်း အကြီးကြီးပါလားဟ”

အသံမျိုးစုံထွက်နေသော ရွာသူရွာသားအပေါင်းတို့အလယ်တွင် ဆရားဒုံးကား ပြုံးသည်ထက်ပြုံး၏။ သူ့အနားသို့လည်း တိုးကပ်ထိုင်ဘိ၏။ “အဲဒါ ခင်ဗျားတို့ ပြောပြောနေတဲ့ ကွန်ပြူတာကြီးပေပဲ” ဟုလည်း ရွာသူရွာသားတို့ဘက်သို့လှည့်ကာ ခပ်ကဲကဲ ဆိုလိုက်၏။ ကွန်ပြူတာတဲ့ ကွန်ပြူတာတဲ့။ ရှေ့ဆုံးအတန်းမှာ ထိုင်နေသည့် ဘကြီးညိုကား “ အရှင်ဘုရားတို့ ပြလို့သာ ဒီတစ်သက် ကွန်ပြူတာဆိုတာ မြင်ဖူးတော့ တာကိုယ်တော်။ လမ်းတွေ့လို့ ကောက်ရရင်တောင် ဘယ်ဟာနှိပ်လို့နှိပ်ရမှန်းမသိဘူးဟဲ့ မယ်မှုံရဲ့” ဟု သူ့ကိုလည်း လျှောက်ရင်း နောက်နားက အရီးမှုံကိုလည်း လှည့်ပြော၏။

ထိုအချိန်မှာပင် “ဘုန်းကြီးကြွလာတယ်”ဟူသော လှေကားရင်းမှ အသံနှင့် အတူ ရွာဦးကျောင်းဘုန်း တော်ကြီးသည် အိမ်ပေါ်သို့ ကြွလာလေသော် နေရာထိုင်ခင်းပြင်ကာ သူအပါအ၀င်အားလုံးက ဦးညွတ် ကန်တော့်ကြ၏။ “ ဘုန်တော်ကြီးကတော့ သူ့တပည့်နိုင်ငံခြားက ပြန်လာတာ ကျောင်းရောက်မှ အကန်တော့ ခံကို မစောင့်နိုင်တော့ဘူး။” ဟု ခပ်တိုးတိုးပြောသံကြားလိုက်ရချေသေး၏။

“ဟဲ့ မောင်ပဉ္ဇင်း မင့်လက်နှိပ်စက်ကြီးက ခလုပ်တွေများလှပါပကောဟ” ဟု ဆရာဘုန်းတော်ကြီးက ရောက်မဆိုက် မိန့်လိုက်ရာ ကွန်ပြူတာဟု သိနှင့်ပြီးသော ရွာသူရွာသားများက “ဘုန်းကြီးနှယ် အ,ရန်ကော” ဟု တသောသော ရယ်မောကြသည် ဟူ၏။

No comments: