04 February, 2010

မိဝင်းဖို့ကဗျာ မိဝင်းအတွက်မဟုတ်

(၁)

“ဣတ္ထိယတောင်တန်း” စာအုပ်လေးရဲ့မျက်နှာဖုံးက မကျော်နိုင်အောင် အတွေးတွေ များသွားခဲ့ရပါတယ်။ ဘလော့ဂါမိတ်ဆွေကိုနောက ပိုင်စိုးဝေကဗျာကဘယ်တော့လာမှာလဲတဲ့။လောကီကို ငဲ့ပါတော့တဲ့။ ကောင်း လေစွ။ သူကလည်း “လောကီစောင်းငဲ့ခြင်းနှင့် ပိုင်စိုးဝေကဗျာ”လို့ ခေါင်းစဉ်တပ်မိလေသကိုး။ ခုမှပဲ ကဗျာကို ဖတ်ဖို့ စာအုပ်လေးကို ဖွင့်မိတော့တာပါ။

ကဗျာစာအုပ်လေးက အပိုင်း(၅)ပိုင်းခွဲထားပါတယ်။၁)မိဝင်းဖို့ ၂) ရန်ကင်းတောင်ခြေသို့ ၃) တောင်ထိပ်တရား ၄)ရာဇ၀င်နဲ့ ၅)မာရီလင်မွန်ရိုးတို့ပါ။ ပထမဆုံး မိဝင်းဖို့ကဗျာစုလေးကို စတွေ့တာပါ။ မိဝင်းဖို့ကဗျာတွေကို မန္တလေးသာသနာ့တက္ကသိုလ်တက်နေတဲ့အချိန် ၁၉၉၀ လွန်နေ့ရက်များဆီက ဟန်သစ်မဂ္ဂဇင်းမှာ စောင့် ဖတ်ခဲ့ဖူးပါတယ်။ မိဝင်းဆိုတာ ကဗျာဆရာပိုင်စိုးဝေကြီးရဲ့ ရင်ဘတ်တစ်နေရာရာမှာ ငြိကပ်နေတဲ့ မာတုဂါမ လေးတစ်ယောက်အဖြစ် မှတ်ယူစွဲထင်ပြီး ကဗျာဆရာဖန်တီးလိုက်တဲ့ စကားလုံးတွေရဲ့အလျဉ်မှာ သိင်္ဂါရရသ တွေကို ဖမ်းဆုပ်ခဲ့မိပါတယ်။ တကယ်တော့ လွဲသွားပါတယ်။

ကြည့်ပါ၊ ဒကာပိုင်စိုးဝေကြီးက ဒီလို ပြောထားပါတယ်။

မိဝင်းဖို့ ကဗျာများသည် ဟန်သစ်မဂ္ဂဇင်းတွင် ဖော်ပြခဲ့ပါသည်။ ကဗျာများကို မိန်းကလေးတစ်ဦးဦး၏ အမည် ပေးရန်လိုအပ်သည့်အတွက် စဉ်းစားမိသောအခါ ရင်းနှီးခင်မင်သော မိန်းကလေးတို့၏ အမည်ကို စဉ်းစားမိ သော်လည်း ထိုအချိန်မှာ ကျွန်တော့်ဇာတိအောင်သာရွာသို့ အပြန် မန္တလေး-မြင်းခြံ “၀င်း”အမြန်မော်တော် ကားကြီးပေါ်လိုက်ပါစီးနင်းလျက်ရှိရာ ၄င်း“၀င်း”အမြန်မော်တော်ကားကြီးကို အစွဲပြု၍ “မိဝင်းဖို့ကဗျာ”ဟူ၍ အမည်ပေးလိုက်ပါသည်။”တဲ့။

အော် လွဲပေစွ။ အမြင်လွဲလေစွ။ ။စွဲမြင်ထားတဲ့ မိဝင်းက မိဝင်းမှ မဟုတ်ခဲ့လေပဲ။ ကဗျာဆရာဒကာ ပိုင်စိုးဝေးကြီးရဲ့ မိဝင်းက မာတုဂါမလေးမိဝင်းမဟုတ်ချေဘူးတဲ့၊ မန္တလေး-မြင်းခြံသွား အမြန်မော်တော်ကား ကြီးတဲ့။ ၀ိပလ္လာသတရားကို သိမ်းပိုက်မိလေစွ။ ကဗျာဆရာဟာ သမုတိနယ်ထဲမှာ သမုတိကိုပဲ ထပ်မှောက်ပြ လိုက်တာကိုး။ မသိတော့လည်း အမြင်လွဲပေမပေါ့။ အမြင်လွဲရင် အထင်လွဲတတ်ပါသတဲ့။ မသိမှုအ၀ိဇ္ဇာက အမြင်လွဲမှု ၀ိပလ္လာသကို မွေးဖွားစေပါတယ်။ ၀ိပလ္လာသကတော့ အထင်မှားမှုမညနာကို ပွားစီးစေပါတော့သတဲ့။

(၂)

တကယ်တော့ ပုထုဇဉ်တစ်ယောက်ရဲ့ ဒိုင်ယာရီမှာ ၀ိပလ္လာသတံလျှပ်အရောင်တွေနဲ့ အမြင်တွေ ယောင်ဝါး ခဲ့ပါတယ်။ ဒီလိုနဲ့ အမှောင်တွေဆီကိုပဲ တိုးဝင်မိတော့တာကလား။

လယ်တီဆရာတော်ကြီးကတော့ ၀ိပဿနာဒီပနီမှာ ၀ိပလ္လာသတရားကို ဒီလို ဖွင့်ပြခဲ့ပါတယ်။
ဝိပလ္လာသဆိုသည်ကား ဖောက်ပြန်မှားယွင်းခြင်းတည်း။ဟုတ်သည်မှန်သည်၌ မဟုတ်မမှန်ဟု မှားယွင်းခြင်း၊ မဟုတ်သည် မမှန်သည်၌ ဟုတ်သည်မှန်သည်ဟု မှားယွင်းခြင်းတည်း

ဝိပလ္လာသတရားဆိုတာ မျက်မှန်စိမ်းတစ်လက်ပါပဲ။ မျက်မှန်စိမ်းတပ်ဆင်ခြင်းခံလိုက်ရတဲ့ မက်ဆိုပိုတေးမီးယား စစ်မြေပြင်က တိုက်ပွဲပျော်မြင်းကြီးတွေဟာ ကောက်ရိုးခြောက်တွေကို မြက်စိမ်းအမှတ်နဲ့ စားခဲ့ကြရလေတာပဲ။
ဒီမှာတော့ ပုထုဇဉ်တစ်ယောက်မှာတော့
အမှတ်မှားမှုသညာဝိပလ္လာသ
စိတ်လှည့်စားမှု စိတ္တ၀ိပလ္လာသနဲ့
အတွေးအခေါ်လွဲမှားမှု ဒိဋ္ဌိဝိပလ္လာသဆိုတဲ့ မျက်မှန်စိမ်းက သုံးလက်ကြီးများတောင်ပါပဲလား။



(၃)

သညာဝိပလ္လာသတရားဟာ မြက်ခြောက်ရုပ်ကို လူအစစ်လို့ ထင်တဲ့ တောသမင်နဲ့ တူပါသတဲ့။တောထဲက စပါးခင်းကို လာစားတဲ့ တောသမင်တွေရဲ့ ရန်ကို ကာကွယ်ဖို့ လယ်ပိုင်ရှင်အတုပြုလုပ်ထားတဲ့ မြက်ခြောက် ရုပ်ကို တောသမင်ဟာ လူအစစ်လို့ ထင်နေရှာပါတယ်။ တောသမင်တွေဟာ လူအစစ်ကို မြင်ဖူးတဲ့အတိုင်း စွဲမှတ်ထားပါတယ်။ လူနဲ့တူတဲ့ မြက်ခြောက်ရုပ်ကို မြင်တော့လည်း လူအစစ်အဖြစ်နဲ့ စွဲထင်နေတော့တာပါ။ လယ်တီဆရာတော်ကြီးက ဒီလို ရှင်းပြပါသေးတယ်။

သညာဝိပလ္လာသသည် တောသမင်ဥပမာနှင့်တူ၏။ အလွန်တိမ်ကော၏။ မျက်စိလည်သောသူသည် နေထွက် နေ၀င်ကြောင်ကြောင်မြင်လျက်နှင့် မှားသကဲ့သို့ ကြောင်ကြောင်မြင်လျက်နှင့် မှားတတ်၏။ မှားမိပြန်လျှင် အလွန်ခိုင်မြဲတတ်၏။ ပြောင်းလဲ၍ မရနိုင်ရှိတတ်၏။”တဲ့

“ဇနီးမောင်နှံ ရာသက်ပန်” ဆိုတာ ဒီသညာဝိပလ္လာသရဲ့စေ့စပ်မှုတွေ ရာခိုင်နှုံးများပေလိမ့်မယ်။ အမြဲမြင် တွေ့နေရတော့ ပထမဆုံးစတွေ့တဲ့ အချိန်(At first sight) အတိုင်းပဲ မြင်နေကြတာကိုး။ ငယ်ငယ်တုန်းက ကျောင်းသွားဖော်တွေကို နှစ်ပေါင်းများစွာကြာမှ ပြန်လည်ဆုံတွေ့ရတဲ့အခါ အပြောင်းအလဲနဲ့ ရင့်ရော်မှု အရေးအကြောင်းတွေက ထင်းထင်းကြီးဖြစ်နေတတ်ပါတယ်။ စွဲထင်ခဲ့ဖူးတဲ့ နှစ်လိုဖွယ်ရာတွေက ရွေ့လျား သွားခဲ့ပြီပဲ။ ပုထုဇဉ်ကမ္ဘာမှာ ပျော်မွေ့လူးလွန့်ချင်သူအတွက်တော့ သညာဝိပလ္လာသဟာ ယစ်မူးဖွယ်ပါပဲ။ သံသရာအကြောင်းမပြောတော့ဘူးဆိုရင်ပေါ့လေ။

(၄)

စိတ္တ၀ိပလ္လာသဆိုတာက မျက်လှည့်ပွဲထဲ ရောက်နေတဲ့ ပရိသတ်တစ်ယောက်နဲ့ တူပါသတဲ့။ မျက်လှည့်ဆရာရဲ့ ပြကွက်အမျိုးမျိုးကို အစစ်အမှန်မဟုတ်မှန်းသိပေမယ့် အစစ်အမှန်လို့ စိတ်က စွဲနေမိတာပါ။ ဒေးဗစ်ကော် ပါးဖီးရဲ့ ပဉ္စလက်မှာ စိတ်တွေညွတ်ကျသွားခဲ့ရဖူးပါတယ်။ နက်နက်နဲနဲအကြောင်းအရာတွေဆိုတော့ လယ်တီ ဆရာတော်ဘုရားကိုပဲ အားကိုးရပေမှာပဲ၊ ဆရာတော်ကြီးက

“စိတ်သည် မဟုတ်သည်ကို အဟုတ်လုပ်ကြံ၍ လှည့်စားတတ်၏။ညဥ့်အခါ သစ်ငုတ်တိုမြင်လေရာ လူဟူ၍ လှည့်စား၏။တောခြုံကို မြင်လေရာ တောဆင်ဟူ၍ လှည့်စား၏။ တောဆင်ကို မြင်လေရာ တောခြုံဟူ၍ လှည့်စား၏။လောက၌ ဒိဋ္ဌမျက်မြင်ထဲတွင် အထင်မှားသမျှသည် စိတ်၏လှည့်စားမှုချည်းဟုမှတ်၊ စိတ္တ၀ိပလ္လာသ သည် မဟုတ်သည်ကို အဟုတ်လုပ်ကြံ၍ လှည့်စားတတ်သောကြောင့် သညာဝိပလ္လာသထက် နက်နဲ၏။ သို့ရာတွင် အကြောင်းယုတ္တိနှင့် ဖြေဖျောက်လျှင် ပြေပျောက်လွယ်၏။သညာကဲ့သို့မခိုင်မြဲတတ်။”

အဆိုတော် ကိုစိုးပိုင်ကြီးကတော့ “ တူလွန်းလို့ပါ”ဆိုတဲ့သီချင်းလေးနဲ့ စိတ္တ၀ိပလ္လာသကို ဖွဲ့ခဲ့ပါသေးတယ်။
မဟုတ်မှန်းသိပေမယ့် တူချင်နေတာပါ။ စိတ်ကကို ဇွတ်ထင်ပစ်လိုက်ချင်တာပါပဲ။

(၅)

ဒိဋ္ဌိဝိပလ္လာသကတော့ ဘီလူးနတ်ဆိုးတို့ဖန်ဆင်းထားတဲ့ လမ်းမှားနဲ့တူပါသတဲ့။ ပုထုဇဉ်လူသားတစ်ယောက်ရဲ့ လွတ်မြောက်မှုချမ်းသာဆီ ချီတက်ကျော်လွှာဆဲခရီးလမ်းမှာ ဘီလူးနတ်ဆိုးတို့က လမ်းလွဲကို ဖန်ဆင်းလိုက် ပါသတဲ့။ အာရုံငါးပါးမြို့ရွာအတုတွေကလည်း နစ်မွန်းပျော်ပါးမိလောက်အောင် စွဲဆောင်မှုရှိနေခဲ့ပါသတဲ့။ စွဲလမ်း တပ်မက်ဖွယ်အာရုံမှန်သမျှဟာ နတ်ဆိုးတို့ရဲ့ အထူးပြုလုပ်ချက်တွေပါပဲလား။

အိပ်မောကျချိန်ကို စောင့်နေတဲ့ နတ်ဆိုးတို့ရဲ့ အန္တရာယ်ကိုတော့ ကွယ်ဝှက်ထားကြလေရဲ့။ နတ်ဆိုးတို့မြို့ ရွာမှာ အခါခါသေခြင်းတရားဟာ အသင့်စောင့်နေခဲ့ပါတယ်။ ဒိဋ္ဌိဝိပလ္လာသဆိုတာ ဘီလူးနတ်ဆိုးတို့ရွာကို သွားတဲ့ လမ်းပေပဲ။ အတွေးအခေါ် အယူအဆတွေ မှားတော့တာပါ။ လမ်းအလွဲကြီးကိုပဲ လမ်းအမှန် အဖြစ်နဲ့တစိုက်မတ်မတ် သွားတော့တာပါ။ ကံတရားနဲ့ ကံတရားရဲ့အကျိုးဆက်ကို ပစ်ပယ်လိုက်တဲ့ နတ္ထိကဒိဋ္ဌိ၊ အဟေတုကဒိဋ္ဌိ၊အကိရိယဒိဋ္ဌိလမ်း၊ ရုပ်နာမ်တရားအစုအဝေးကိုပဲ “ငါ ”“ငါ့ဟာ”လို့စွဲလမ်းမှတ် ယူလိုက်တဲ့ အတ္တဒိဋ္ဌိ၊သက္ကာယဒိဋ္ဌိ လမ်းထဲ ရဲရဲမိုက် မိုက် တိုးဝင်လျှောက်တော့တာပါ။

နေ့စဉ်ဖြတ်သန်းနေရတဲ့ လူ့ဘ၀ဆိုတာ လမ်းခွဲကို ရောက်နေခဲ့ပါသတဲ့။ လမ်းရိုးလမ်းမှန်ကို လိုက်မလား၊ နတ် ဆိုးတို့ဖန်ဆင်းတဲ့ လမ်းကို လိုက်မလား။ လမ်းရိုးလမ်းမှန်ကတော့ တောတိုးတောင်ကျော် ပျော်စရာတော့ ကောင်းချင်မှ ကောင်းပေမပေါ့။ ဒါပေမယ့် အမြိုက်ပန်းတိုင်ရှိနေလေရဲ့။ နတ်ဆိုးတို့ဖန်ဆင်းတဲ့လမ်းကတော့ ဖြားယောင်းမှုများစွာနဲ့ ဖြူးဖြောင့်ဟန်ရှိပေမယ့် အခါခါသေခြင်းတရားက ပန်းတိုင်ကို ဖျောက်ဖျက်ပစ်လိုက်ပါပြီ။

နတ်ဆိုးတို့မြို့ရွာကိုတော့ လယ်တီဆရာတော်က နှစ်မျိုးခွဲပြထားပါတယ်။
ကလျာဏပုထုဇဉ်သူတော်ကောင်းတွေရဲ့ ဝေါဟာရမှာတော့ ငရဲ တိရိစ္ဆာန် ပြိတ္တာ အသူရကာယ်လို့ခေါ်တဲ့ အပါယ်လေးပါးဟာ နတ်ဆိုးတို့မြို့ရွာဖြစ်ပြီး လူနတ်ဗြဟ္မာချမ်းသာအမျိုးမျိုးကတော့ လမ်းရိုးလမ်းမှန် ပန်းတိုင်မြို့ ရွာများဖြစ်ပါသတဲ့။ ဘုရားရဟန္တာတို့ရဲ့ အရိယာဝေါဟာရမှာတော့ အပါယ်လေးပါးအပါအ၀င် လူနတ်ဗြဟ္မာချမ်း သာမှန်သမျှ သံသရာလောကကြီးတစ်ခုလုံးဟာ နတ်ဆိုးတို့မြို့ရွာသာဖြစ်ပြီး အမြိုက်နိဗ္ဗာန်ကသာ လမ်းရိုး လမ်းမှန်ပန်းတိုင်ဖြစ်လေတော့သတဲ့။

(၆)

မျက်မှန်စိမ်းတွေ ချွတ်ပစ်လိုက်ကြ။
ပါဝါနိမ့်မျက်မှန်တစ်လက်ကို ပထမတပ်ကြရလိမ့်မယ်တဲ့။
ကမ္မဿကတာ သမ္မာဒိဋ္ဌိမျက်မှန်။
ဒီမျက်မှန်ကတော့ ကုသိုလ်ကံ အကုသိုလ်ကံတရားသဘောကို ရှင်းရှင်းမြင်စေနိုင်ပါတယ်။ အကုသိုလ်ကို ကျော ခိုင်းပြီး ကုသိုလ်တရားတွေကိုပဲ ထမ်းပိုးသယ်ဆောင်စေနိုင်တဲ့ လမ်းရိုးလမ်းမှန်ပဲမို့ ပထမဆင့်နတ်ဆိုးတို့ မြို့ရွာကို ကွင်းရှောင်သွားနိုင်ပါတယ်။

ပါဝါမြင့်အနုကြည့်မျက်မှန်ကတော့ ဗောဓိပက္ခိယသမ္မာဒိဋ္ဌိမျက်မှန်ပါ။ ရုပ်နာမ်ဓမ္မသဘာဝတရားတွေကို မှန်ကန် တိကျပြတ်သားစွာ မြင်စေနိုင်ပါတယ်။ ခန္ဓာမှန်သမျှရဲ့ အနိစ္စ ၊ ဒုက္ခ ၊ အနတ္တသဘောကို ကိုယ်တိုင်မြင် လိုက်ရတာပါ။ ဒုတိယဆင့် နတ်ဆိုးတို့မြို့ရွာကို ချန်ထားစွန့်ခွာပြီး အမြိုက်နိဗ္ဗာန်ပန်းတိုင်ဆီ ဆိုက်ကပ် နိုင်ပါတယ်။

(၇)

ကဗျာဆရာပိုင်စိုးဝေကြီးကတော့ မိဝင်းဖို့ကဗျာဟာ မှတ်သားစွဲထင်နေတဲ့ မာတုဂါမလေး မိဝင်းမဟုတ်ဘူးတဲ့။ မန္တလေး-မြင်းခြံသွား အမြန်မော်တော်ကားကြီးတဲ့။ မော်တော်ကားကြီးကို မိဝင်းလို့ထင်နေမိပါရောလား။ မိဝင်းဆိုတာ တကယ်မရှိ။ မရှိတာကို အရှိထင်နေမိခဲ့သကိုး။

အော် မျက်မှန်တစ်လက်လက်တော့ တပ်ထားမိတာပါပဲ။ ၀ိပလ္လာသမျက်မှန်စိမ်းက သုံးလက်ဆိုတော့ လွယ်လွယ် ကူကူပဲ ကောက်တပ်မိတာကိုး။
ပကတိမျက်စိမှုန်ဝါးလို့ တပ်ထားရတဲ့ မျက်မှန်တစ်လက်ကတောင်ပိုနေသေး။
(လယ်တီဆရာတော်ကြီး၏ ၀ိပဿနာဒီပနီကို ဆက်လက်ဖတ်ရှုကြစေခလို)

No comments: