06 February, 2010

မသေချင်ရင် မြန်မြန်ထ

(၁)

သိတာလေးတွေ မျှဝေပေးလိုက်၊ မသိသေးတာလေးတွေ လိုက်နာမှတ်သားလိုက်၊ မိတ်ဆွေရဟန်းတော်တွေနဲ့ စာဆွေးနွေးလိုက်နဲ့ ဗာရာဏသီနေ့ရက်တွေဟာ အလွယ်တကူကုန်ဆုံးသွားတတ်ပါတယ်။ ရာသီဥတုကလည်း ဆီးနှင်းတို့လွင့်ပြယ်စပြုပြီမို့ မဇ္ဈိမရဲ့ အကောင်းဆုံးအချိန်လို့ ပြောနိုင်ပါတယ်။ သူကိုယ်တိုင်ဖောက်လုပ်ခဲ့တဲ့ ဓမ္မဂင်္ဂါစီးကြောင်းထဲမှာ ဗြဟ္မစိုရ်စကားလုံးတွေကို ကြည်နူးစွာ ဖက်တွယ်ကူးခတ်နေသူအတွက် မုဒိတာ ပွားနေမိ ပါရဲ့။ အဲဒီဓမ္မဂင်္ဂါစီးကြောင်းထဲမှာပဲ သူ့အတွက် မုဒိတာနဲ့အတူ မျောလာတတ်တဲ့ညောင်းညာကိုက်ခဲခြင်းတွေ ကိုလည်း ပျော်ပျော်ပဲ ဆယ်ယူနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ဘုတ်အုပ်အထူအပါးတွေ တွေ့သမျှထိုင်ဖတ်လိုက်၊ အင်တာနက်ကွန်ရက်ကြီးထဲမှာ အကြာကြီး စူးစိုက် လိုက်နဲ့ ပိတ်မိနေတုန်း ၂၀၁၀ ဇန်န၀ါရီလ ၂၃ ရက်နေ့ထုတ် အိန္ဒိယတိုင်းမ်သတင်းစာကြီးရဲ့ စာမျက်နှာ ၁၂ မှာ ထင်းထင်းကြီးဖော်ပြထားတဲ့ စာလုံးမဲကြီးတွေက သူ့ကို ထခုန်စေပါတော့တယ်။ Get up, sitting long can kill you. ထကြဗျို့ ၊ ကြာကြာထိုင်ရင် သေလိမ့်မယ် တဲ့။ လေ့ကျင့်ခန်းပုံမှန်လုပ်နေပေမယ့်လည်း ကြာကြာ ထိုင်သူတွေဟာ အဆီပိတ်ရောဂါ။ နှလုံးထိခိုက်ခြင်းနဲ့ သေဆုံးမှုအထိ ကြုံရတတ်ပါသတဲ့။


(၂)

အင်း အထိုင်သက်သာအောင် ခရီးထွက်ဦးမှ။
ဗုဒ္ဓအရှင်ကလည်း “ ခရီးထွက်ကြ၊တရားဓမ္မကိုဟောပြောကြ” (Go forth and preach the Dhamma)လို့ သာသနာပြုကြေငြာချက်ထုတ်ပြန်တော်မူခဲ့သကိုး။ လွန်ခဲ့တဲ့တစ်ပတ်က ကမ္ဘာ့ဆက်သွယ်ရေးနေ့ မင်္ဂလာ သမယမှာ ဗာတီကန်သာသနာပိုင်ပုပ်ရဟန်းမင်းကြီးကလည်း “ခရီဆက်ကြ။ဘလော့ကြလော့ (Go forth and blog )” ဆိုပြီး ခရစ်ယန်သာသနာဝင်ဘုန်းတော်ကြီးတွေကို ပညတ်တော်အသစ်မိန့်မြွက်တော်မူခဲ့ပါသေးတယ်။

ဗုဒ္ဓအရှင်က ကမ္ဘာမြေကြီးပွားဖို့ ကမ္ဘာမြေချမ်းသာဖို့ ဆိုတဲ့ ဦးတည်ချက်တွေအတွက် ခရီးသွားလမ်းညွှန်ပေးခဲ့ သလို ပုပ်ရဟန်းမင်းကြီးကလည်း လူသားထုတစ်ရပ်လုံးချမ်းသာရေးလက်ဆောင်မွန်အဖြစ် ဘလော့ခရီး ဆက်ကြဖို့ ပညတ်တော်မူပါသတဲ့။ လွန်ခဲ့တဲ့ ဗုဒ္ဓသာသနာနှစ် နှစ်ဆယ့်ငါးရာစုအလွန်က ပုဂ္ဂိုလ်သူမြတ်ကြီးရဲ့ စကားတော်ဟာ ခရစ်နှစ်နှစ်ဆယ့်တစ်ရာစုက ထိပ်တန်းပုဂ္ဂိုလ်ကြီးရဲ့နှလုံးသားနဲ့ ဆက်စပ်နေခဲ့ပါရောလား။

ပုပ်ရဟန်းမင်းကြီးရဲ့ သ၀ဏ်လွှာမှာ “ သာသနာဝင်များအနေနဲ့ မီဒီယာမှန်သမျှကို သမ္မာတရားပြန့်ပွားရေးနဲ့ အခြားဘာသာတရားများ၊ ယဉ်ကျေးမှုများနဲ့ နှီးနှောချိတ်ဆက်ဆွေးနွေးကြရေးအတွက် အသုံးပြုကြစေ”တဲ့။ ကောင်းလေစွ ဒိုင်ယာလော့ခ်လမ်းကြီးကို ဘလော့ခြင်းဖြင့် ခင်းကြလော့။

(၃)

မင်္ဂလာရှိစွာပဲ သူခရီးထွက်ဖြစ်ခဲ့ပါတယ်။ အင်္ဂတိုင်း စမ္မာမြို့လေးကိုပါ။ အဲဒီခရီးမှာ ဗုဒ္ဓဘာသာဝင် ဘာသာခြား ကြီးလို့ ပြောရမလား၊ ဘာသာခြားဗုဒ္ဓဘာသာဝင်လို့ ပြောရမလား၊ ပါမောက္ခကြီးတစ်ဦးနဲ့ တွေ့ဆုံခဲ့ရတာ တော့ အမြတ်ပါပဲ။ ပါမောက္ခကြီးနဲ့ ပြောဖြစ်ခဲ့တဲ့ ဒိုင်ယာလော့မှတ်တမ်းလေးကို မျှဝေချင်ပါသေးတယ်။
အိုကေ ဒီနေ့တော့ ဒါလေးပဲ ပြောပါရစေတော့။
Get up, sitting long can kill you. ထကြဗျို့ ၊ ကြာကြာထိုင်ရင် သေလိမ့်မယ်

1 comment:

Ashin Acara. said...

ထဘူး။ မကြောက်သေးပေါင်။
(မှ . . . မစိုးရိမ်၊ သို့ . . . လယ်တီ။)

အင်း။
ဘုရားရှင်ခေတ်ကလို ခရီးသွားရတာ မလွယ်လှဘူးနော်။ လေယာဉ်တွေ ပေါ်လာလို့ထင်တယ်။
ဆရာတော် ပုတ်တို့က ကိုယ်တို့ထက် န၀ကမ္မ ပိုရွှင်မယ် ထင်တယ်ဟ။ ဒို့ကတော့ ဒို့ကတော့ . . .။
ဘလော့ဂ်ရေး ဘလော့ဂ်ရာမှာလည်း ဒို့အတွက် ကန့်သတ်ချက်တွေကို ခြုံခိုတိုက်ရင်း တိုက်ရင်းနဲ့ . . .။
Better than nothing ပဲ ဆိုပါစို့။
ငါ့ရှင် ဆက်၍သာ စီးပါလေ။
(ထန်းပလပ်မြင်း)