(၁)
ဘလော့ဂ်တွင် တစ်ခုခုရေးလိုက်ဖို့ရန်ပင် အာရုံဝင်စား၍ မရ။ သူ့အတွေးများက ဟိမ၀န္တာဘက်ဆီသို့ တော ရပ်မှီရန်ထွက်ခွာသွားကြသည်။ ဟိုးလွန်လေပြီးသောအတိတ်ဆီက ဟိမ၀န္တာနှင့် မဇ္ဈိမညချမ်းတွေကို လွမ်းနေ မိသည်။ ဟိမ၀န္တာတောရပ်မြိုင်တန်းဆီက ကျောင်းသင်္ခန်းလေးများကို ရင်ထဲက အေးကြည့် မွှေးကြည့် နေမိသည်။ ရသေ့ယောဂီတို့က တပသီအကျင့်ပျော်မွေ့နေကြသည်။ လူမှုဓလေ့အဝေးမှာ ငြိမ်းအေးခွင့်ရနေ ခဲ့ကြသည်။ စိမ့်စမ်းရေတို့ကား အေးစွ၊ ဂနိုင်ပန်းများက မွှေးစွလေ။
ဗုဒ္ဓခေတ်စာမျက်နှာများကို ဖွင့်လိုက်တိုင်း အတိုင်းတိုင်း အပြည်ပြည် ဗီဇာမလို၊စတေးပါမစ်မလိုသောရဟန်း များ၏ လွတ်လပ်မှုနှင့် အနှောင်အဖွဲ့ကင်းမှုကို သူမှန်းဆပီတိဖြစ်နေမိသည်။ သပိတ်လေးကိုလွယ် ယတ် တောင်လေးကို ထမ်းကာ မဂ်လမ်းဖောက်နေကြသော ရဟန်းတော်များ၏ ပြကွက်များ...။ အရိပ်ကောင်း ကောင်းများသည် ပဋိပတ်ဝန်ဆောင်တို့အတွက် ဘာဝနာရိပ်သာ၊ ပိဋကတ်သင်ယူမည့် ရဟန်းတော်များ အတွက်တော့ အဆင့်မြင့် လောကုတ္တရာလေဟာနယ်တက္ကသိုလ်။ အတောင်ပံသာ ၀န်ရှိသောငှက်ကဲ့သို့ ပေါ့ပါးစွာ....။ သြော် ရဟန်းဘ၀ဆိုသည်မှာ.....။
(၂)
သူသည် ရဟန်းတစ်ပါးဖြစ်သည်။ ရဟန်းမဟုတ်သောပုဂ္ဂိုလ်က အတည်ပြုထားသောရဟန်းဖြစ်ကြောင်း သက် သေခံလက်မှတ်ရှိသည်။ အခြားထောက်ခံချက်များလည်း ရှိသည်။ နိုင်ငံကူးလက်မှတ်တစ်စောင်ရှိသည်။ အရည်အချင်းပြစာရွက်စာတမ်းများရှိသည်။ ပြည်ဝင်ခွင့်ဗီဇာရှိသည်။ နေထိုင်ခွင့်စတေးပါမစ်တစ်ခုရှိသည်။ သပိတ်အလုပ်မလုပ်သောနေရာအတွက် စဖိုဆောင် အလုပ်လုပ်နိုင်ရန် လိုအပ်သောအထောက်အပံ့ယူ ရခြင်း မျိုးရှိသည်။ သူကိုယ်တိုင်ရော သူ့ကို ထောက်ပံ့လိုသူများကရော လိုအပ်သည်ဟု ယူဆကာ သုံးစွဲနေရသော (ဥပမာ လက်ကိုင်ဖုန်းနှင့် အင်တာနက်ကွန်ရက် စသော)အခြားအရာများလည်းရှိသေးသည်။
ပြီးတော့ အိမ်ရှင်အိမ်ငှါး ပြဿနာရှိသည်။ သည်ဆွာဆတိကအိမ်လေးသို့ပြောင်းလာသည့်နေ့က တစ်ရာ့ တစ်ကြိမ်မြောက်ပြောင်းရွှေ့ခြင်းဟု မှတ်တမ်းရေးခဲ့သည်။ ခုတော့ တစ်ကြိမ်ထပ်တိုးရပြန်ဦးမည်။ နိုင်ငံရပ်ခြား မှာ ရဟန်းတစ်ပါးအတွက် မှီတွယ်ခိုနားဖွယ်ရာ အရိပ်တစ်ခု၏ တန်ဖိုးကို သူသိသွားခဲ့သည်။ သူ့နိုင်ငံသူ့ ရပ်ဝန်းမှာ တော့ ကျောင်းဝိဟာတွေက ရဟန်းအရေ အတွက်နှင့် မမျှအောင် များပြား ပြည့်စုံနေတတ်သည်။
“ကျောင်းရယ်လို့ ခိုနားဖွယ်ရာ ဆောက်လုပ်လှူဒါန်းသူမရှိခဲ့ပါက ရဟန်းတော်တစ်ပါးဖြစ်တဲ့ ငါ့ရှင်အနေနဲ့ သစ်တစ်ပင်ဝါးတစ်ပင်အောက်မှာ နေထိုင်နိုင်စွမ်းရှိရမယ်” တဲ့။ ရဟန်းဘောင်တက်စဉ်က ရဟန်းဟု အသိ အမှတ်ပြုခံရအပြီးတွင် ပထမဆုံးနာခံရသော သြ၀ါဒကောက်နှုတ်ချက်ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် သစ်ပင်တစ်ပင် သည် ရဟန်းတစ်ပါးအတွက် ကျောင်းအဖြစ် အဆင်သင့်ရှိမနေတော့တာ သေချာပါသည်။ သစ်ပင်တစ်ပင် ခက်လျှင် တောရိပ်တောင်ရိပ်ကလည်း ပို၍ ခက်နေပေတော့မည်။ တောရပ်မြိုင်ပေါ်မှာ ပျော်ရမည့်ရဟန်း မြို့ပြလမ်းထဲသို့ပြန်ချိုးကွေ့လာရသည်။
(၃)
အိမ်ရာထောင်သူကို အဂါရိက ဟု ခေါ်သည်။ အိမ်ရာမထောင် လူ့ဘောင်စွန့်ခွာသူကိုတော့ အနာဂါရိက ဟုခေါ်လေသည်။ ခုတော့ အိမ်ကိုစွန့်ခွာသူကြီးအတွက် အိမ်တဲ့။ ရဟန်းနှင့်အိမ်။ ဘယ်လောက်များ အချိုးမကျတဲ့ တွဲစပ်မှုမျိုးပါလဲ။ လေယာဉ်ပျံတွေပေါ်လာတာ ရဟန်းတွေအတွက် အနှောက်အယှက်ပဲတဲ့။ မိတ်ဆွေရဟန်းတစ်ပါးကတော့ မှတ်ချက်ပြုသည်။ အဓိပ္ပါယ်ကိုတော့ ရှင်းမပြ၍ သူလည်းမသိ။
အမှန်တကယ်တော့ ဤပို့စ်သည် သူ့ရည်ရွယ်ထားချက်မဟုတ်။ ဘလော့ဂါတစ်ယောက်နှင့်စကားပြောရန် အတွက် ဘလော့ဂါကထာဟု အမည်ပေးထားပြီးဖြစ်သည်။ အနီးစပ်ဆုံးကိုနောနှင့် စကားပြောဖြစ်မည်ထင် သည်။ သို့သော် မပြောဖြစ်ခဲ့။ သူ့အတွေးများက အိမ်ပြောင်းရေးကိုပဲ စွဲလမ်းနေတာလည်း ဖြစ်နိုင်သည်။ ပုထုဇဉ်ဆိုသည်က ကိုယ်နာပြီဆိုလျှင် ပုံကြီးချဲ့ရန်ကြိုးစားတော့သည်။
သူလည်း ထူးမခြားနားဖြစ်သည်။ အနာကို ပြန်ပွတ်သပ်နေမိ၏။ အိမ်လေးက ရေအဆင်မပြေသည်ကလွဲလို့ အေးချမ်းမှုရှိသည်။ သူ့စာသင်ခန်းလေးကလည်း ကျယ်ကျယ်ဝန်းဝန်းရှိသည်။ သို့သော် အိမ်ရှင်နှင့် ညှိနှိုင်းမရ တာတွေက ရှိနေသည်။ ဈေးနှုန်းကြီးမြင့်၍လည်း မဟုတ်၊ အိမ်စောင့်နေသည့် ကုလားအဘိုးကြီး အဘွားကြီး လင်မယား၏ နေ့စဉ်ဆူညံပွက်နေသောအသံနှင့် နှောက်ယှက်မှုအချို့ဖြစ်သည်။ (သူတစ်ပါး အကြောင်းလည်း မပြောအပ်) မည်သို့ဖြစ်စေ အိမ်ပြောင်းရမည်က ကိန်းသေပြီးသားဖြစ်သည်။ ထို့ကြောင့် ဘလော့ဂါ အိမ်ပြောင်းကထာဟု အမည်ပေးရလျှင် ပိုပြီး ဆီလျော်ပေလိမ့်မည်။

No comments:
Post a Comment