23 May, 2010

ကိုရင်လက္ခဏကို ပြန်တွေ့ပြီ(၁)

(၁)
အော် ဖြစ်မှ ဖြစ်ရလေ ဟုသာ မြည်တမ်းမိတော့သည်။
ကိုရင်လက္ခဏ သို့မဟုတ် ဦးဇင်း ဦးလက္ခဏပျောက် ဆုံးမှုပေပဲ။

၂၀-၅-၂၀၁၀ နေ့တွင် ဗာရာဏသီ ဗဟိုတိဘက်လေ့လာရေးတက္ကသိုလ်၏ ကျောင်းတံခါးများ ပိတ်သွားသည်။ သူ့အတွက် ကိုယ်ပိုင်အားလပ်ရက် (၂၀-၀၅-၂၀၁၀ မှ ၁၀-၀၇-၂၀၁၀ အထိ)
 ရက်ပေါင်း (၅၀) ခန့် ရရှိမည်။ သူနေထိုင်ရာဓမ္မဂင်္ဂါမော်ဒန်တောရလေးတွင် သီတင်းသုံးဖော်မိတ်ဆွေရဟန်းတော်အချို့အတွက် ဖွင့်လှစ်ဖြစ်ခဲ့ သည့် စနစ်သစ်ပါဠိသဒ္ဒါသင်တန်းလေးကိုလည်း မိတ်ဆွေများဖြေဆိုရတော့မည့် မဟာဝိဇ္ဖာတန်း စာမေးပွဲနီးကပ်လာသည့်အတွက် ၂၁-၅-၂၀၁၀ နေ့က ပိတ်လိုက်ရပြီ။ အချိန်တိုအတွင်းမှာပင် အနောက်တိုင်း နည်းစနစ်ဖြင့် ပါဠိသဒ္ဒါချဉ်းကပ်နည်းကို မိတ်ဆွေရဟန်းတော်များ သဘောပေါက်သွားခြင်းသည်ပင် သူပေး ချင်သည့် သတင်းစကား(Message)ဖြစ်သည်။

သူ့ပါရဂူကျမ်းပြုကိစ္စကလည်း အသည်းအသန်မဟုတ်လှချေသေး၊ ၂၀၁၁ ခုနှစ်ကုန်မှ ကျမ်းတင်ခွင့်ရမည်မို့ ဗာရာဏသီလမ်းမများပေါ်တွင် တွေ့ရမြဲဖြစ်သည့် နွားတစ်ကောင်ဆွဲသောဝန်တင်လှည်းတစ်စီးလိုပင် ခပ်အိအိ မောင်းနှင်နေလို့ရသေးသည်။ မည်သို့ဆိုစေ သူ့ကိုယ်ပိုင်အချိန်များကို အသုံးချရန် ဗုဒ္ဓဂယာမြေမြတ် မဟာကတော့ သူ့ကို ကြိုနေပါလေသည်။ အိန္ဒိယနိုင်ငံ ဆိုင်ရာပညာသင်မြန်မာရဟန်းတော်များသာယာဖွံ့ ဖြိုးရေးအဖွဲ့၏ ဗုဒ္ဓဘာသာပညာရေးဗိမာန်တော်ကြီးတွင် အဖွဲ့မှ ပေးအပ်သည့်တာဝန်ကို စွမ်းနိုင်သမျှ ထမ်းရပေလိမ့်မည်။ သို့နှင့် ဗာရာဏသီမှ ဗုဒ္ဓဂယာ သို့ ၂၃-၆-၂၀၁ တွင် ရောက်ရှိလာခဲ့တော့သည်။

ရွှေပြည်ကြီးသို့ ပြန်ကြမည့် ဗာရာဏသီဆေးဝင်္ကဘာမြန်မာကျောင်းနာယက ဆရာတော်ဒေါက်တာ အရှင်မဏ္ဍလနှင့် ပါရဂူဘွဲ့ပူပူနွေးနွေးရရှိထားသည့် ဒေါက်တာအရှင်နေမိန္ဒနှင့် ဒေါက်တာအရှင်သီရိဓမ္မတို့ ငှားရမ်းထားသည့် ကားဖြင့် ခရီးကြုံလိုက်ပါခဲ့ခြင်းဖြစ်သည်။ ပါရဂူဘွဲ့ယူပြီး၍ သို့မဟုတ် စာမေးပွဲပြီး ကျောင်းပိတ်၍ ရွှေပြည်ကြီးသို့ ပြန်ကြလေမည့် ဗာရာဏသီ၊ နာလန္ဒာနှင့် မဂဓတက္ကသိုလ် အသီးသီးမှရဟန်းတော်များက ဗုဒ္ဓဂယာကို စုရပ်အဖြစ် ဦးတိုက်ကြသည်။ ဗုဒ္ဓဂယာမှတစ်ဆင့် ကားတစ်စီးစုပေါင်း ငှါးရမ်းကာ ကိုလ်ကတ္တားမြို့သို့ ဆက်လက်ထွက်ခွာကြမည်။
ဘုရားဖူးရာသီမဟုတ်၍ ဗုဒ္ဓဂယာလေယာဉ် ကွင်းမှာ လေယာဉ်အဆင်းအတက်မရှိတော့။ ကိုလ်ကတ္တားမှ ရွှေပြည်ကြီးသို့သာ တနင်္လာလေ ယာဉ်ခရီးစဉ်ရှိတော့သည်။

ရွှေပြည်ကြီးသို့ ပြန်ကြမည့် နာလန္ဒာနှင့် မဂဓတက္ကသိုလ်မှ ရဟန်းတော်များကို နှုတ်ဆက်စကားဆိုဖြစ်သည်။ မရင်းနှီးသေးသော အဖွဲ့ဝင်ရဟန်းတော်များကိုလည်း မိတ်ဖွဲ့ဖြစ်သည်။ ဤသည်တွင်မှ “ကိုရင်လက္ခဏ သို့မဟုတ် ဦးလက္ခဏ”ပျောက်ဆုံးနေသည့် ရဟန်းတော်လေးတစ်ပါးကို တွေ့ရလေခြင်းဖြစ်ပါသည်။ ထိုရဟန်းတော်လေးပြန်မည့် ဇာတိမြို့ကို မေးမိသည့်အခါ သူရင်းနှီးကျွမ်းဝင်ခဲ့ဖူးသော မြို့လေးဖြစ်နေသည်။ သို့နှင့် ထိုမြို့လေးတွင် သူကွန်းခိုခဲ့ဖူးသည့် စာသင်တိုက်လေးအကြောင်း ဆက်မေးမိသည့်အခါ ထိုရဟန်းတော် လေး၏ အရင်းအမြစ်မိခင်စာသင်တိုက်ဖြစ်နေခဲ့ပြန်သည်။

“ငါ့ရှင်တို့ရဲ့ကျောင်းမှာ ငယ်ငယ်တုန်းက နေခဲ့ဖူးတယ်” ဟု သူက ပြောဖြစ်တော့
 “ အာ ဒါဆို အရှင်ဘုရားက ဦးလက္ခဏပေါ့”တဲ့။ သူပြုံးမိသွားသည်။ သူမေ့နေသော ဘွဲ့အမည်တစ်ခု ။ တိတိကျကျဆိုရသော် လွန်ခဲ့သော ၁၆ နှစ်ခန့်ဆီက ပျောက်ဆုံးသွားခဲ့သော ကိုရင်လေးတစ်ပါး ။ ထိုရဟန်းတော်လေးက ဆက်ပြောသည် “ ဆရာဘုန်းတော်ကြီးကတော့ တပည့်တော်ကို ရှာခိုင်းနေတာ၊ အိန္ဒိယမှာ ရောက်နေတယ်လို့တော့ ကြားတယ်၊ ငါ့တပည့်လက္ခဏရှိတယ်ကွတဲ့။အဖွဲ့ဝင်ရဟန်းတော်စာရင်းမှာ ကြည့်တော့လည်း ဦးလက္ခဏဆိုတာက တစ်ပါးမှ မရှိဘူးဖြစ်နေတယ်၊ အော် ဦးလက္ခဏဆိုတာ အရှင်ဘုရားဖြစ်နေတော့တာကိုး။ တပည့်တော်က အရှင်ဘုရားထွက်သွားမှ အဲဒီစာသင်တိုက်လေးကို ရောက်တာ၊ အရှင်ဘုရားအကြောင်းကိုတော့ တပည့်တော် သိနေတယ်။ ”

တက်ကြွကြည်နူးဖွယ်ရာ ရှေးဟောင်းနှောင်းဖြစ်ကာလများဆီ သူလွမ်းမိသွားသည်။ သူ့အတွက် လှေကားထစ်တစ်ခုဆီ ပို့ပေးလိုက်သော အညာမြို့လေးဆီက ဆရာဘုန်းတော်ကြီး၏ စာသင်တိုက်လေးကို ထဲထဲဝင်ဝင် အမှတ်ရသွားသည်။ မိနစ်ပိုင်းအတွင်းမှာပင် ဘယ်သူဘယ်ဝါတွေ ရှိသေးလား၊ ဘာလုပ် နေကြပါလိမ့်စသောမေးခွန်းများနှင့် လိုက်လျောညီထွေသော ရဟန်းတော်လေး၏ အဖြေများက ထိုမြို့လေး ဆီသို့ သူ့ကို ရောက်အောင်ပို့လိုက်သည်။

သို့သော် ထိုရဟန်းတော်လေးနှင့် စကားတာရှည်ပြောခွင့်မရလိုက်ပါ။ ကိုလ်ကတ္တားသို့ ခရီးဆက်မည့် ကားက ဟွန်းသံပေးနေပြီ။ ရဟန်းတော်လေးနှင့်အတူ ဆရာဘုန်းတော်ကြီးအား လက်ဆောင်ပါးရန် သတင်းစကားတစ်ခု သာ ပေးလိုက်နိုင်ပါသည်။ ရွှေပြည်ကြီးကို ပြန်ရောက်သည်နှင့် ဆရာဘုန်းတော်ကြီးကို ဆက်ဆက် လာရောက် ကန်တော့ပါမည့်အကြောင်း။

(၂)

မန္တလေးတိုင်း မတ္တရာမြို့ရှိ မြို့သစ်စာသင်တိုက်လေးသို့ စာမေးပွဲတဘုန်းဘုန်းကျနေသော
 အော့ကြောလန် ကိုရင်လေး တစ်ပါးအဖြစ် သူရောက်ရှိသွားခဲ့သည်။ ထိုနှစ်က သူ့အသက် ၁၇ နှစ်ပြည့်ပြီ။ ပထမကြီးတန်းနှစ်ခါ ကျပြီးပြီ။

သူပထမကြီးတန်းရောက်တော့ အသက် ၁၅ နှစ်ပြည့်ရုံမျှသာ ရှိသေးသည်။ ပိဋကတ်စာပေသင်ရိုးညွှန်းတမ်းတွင် ပထမကြီးတန်းသည် ဓမ္မာစရိယတန်း၊ သာသနာ့တက္ကသိုလ်နှင့်၊ ပိဋကတ်သုံးပုံစာမေးပွဲများအတွက် ၀င်ခွင့်အတန်းဖြစ်၍ အရေးကြီးသည်။ ပါဠိပထမပြန်အခြေခံတန်းများ၏ အထက်တန်းအဆင့်စာမေးပွဲလည်း ဖြစ်၍ ပြဌာန်းကျမ်းစာများသလို ခက်ခဲသောမေးခွန်းများကိုလည်း မဆန့်မပြဲဖြေဆိုရသည်။

ထိုကာလများဆီက ကိုရင်ဘ၀ဖြင့် ပထမကြီးတန်းအောင်ခြင်း ပထမကြီးတန်းစာသင်သားဖြစ်ခြင်းဆိုသည်မှာ စကားဝိုင်းတွင် ထည့်ပြောရလောက်သော အကြောင်းအရာတစ်ခုဖြစ်သည်။ သူပထမကြီးတန်း ရောက်သည့် နှစ်က ၀န်းသိုမြို့လေးတွင် အငယ်ဆုံးပထမကြီးတန်း ကိုရင်လေးဖြစ်၍ ဆရာဘုန်းတော်ကြီး၏ မြှောက်စားခြင်းခံရသည်။ ဆရာဘုန်းတော်ကြီး၏ အလွန်အကျွံမြှောက်စားမှုကို ပြန်တွေးကြည့်မိသည့်အခါတိုင်း ပြုံးရသေးသည်။

ကျောင်းထိုင်ဆရာဘုန်းတော်ကြီးအချင်းချင်း တပည့်ပြိုင်သည့်အခါ ၊ဒကာ ဒကာမများနှင့် အလ္လာပစကား ဆိုသည့် အခါ သူ့ကို ပွဲထုတ်လေ့ရှိသည်။ “ ငါ့မောင်ရှင်တို့ ဉာဏ်ကောင်းပုံများ ကိုရင်ချာတူး ဘ၀နဲ့ ပထမကြီးတန်းရောက်နေတာ၊စာဆိုလည်း သူများလို ကျက်နေရတာမျိုးမဟုတ်ဘူး၊ အသံကြားနဲ့ရတဲ့ ကိုရင်” တဲ့။ အဟမ်း အဟမ်း ။ သူမှ မပျက် ဘယ်သူမှ ပျက်ဖွယ်မရှိပြီ။

ဆရာဘုန်းတော်ကြီးက ရိပ်သာကမ္မဋ္ဌာနာစရိယအဖြစ်တရားဓမ္မများသာ ဟောကြားနေပြီမို့ သူ့ကို စာချမပေး တော့ဘဲ ၀န်းသိုမြို့လေး၏ အနောက်ခြမ်းဆီမှာ ရှိသည့် ခန္တီးစာသင်တိုက်နာယက စာချဆရာတော်များထံ သူ့ကို အပ်နှံပေးခဲ့သည်။ သူနေထိုင်ရာ မြို့ရှေ့ရေ၀န်းကျောင်းမှ ခန္တီးစာသင်တိုက်သို့ နေ့စဉ်စာဝါ တက်သွားရသည်။ ဤသည်ပင် သူ့အတွက် လမ်းကြောင်းရွေ့သွားခဲ့သည်။

No comments: