24 May, 2010

ကိုရင်လက္ခဏကိုပြန်တွေ့ပြီ(၂)

(၃)
အမှန်တကယ်ပင် ထိုနှစ်က ၀န်းသိုမြို့၊ခန္တီစာသင်တိုက်တွင် ပထမကြီးတန်းဆိုင်ရာစာဝါများကို တက်ကြွစွာ သင်ယူ လိုက်နာခဲ့ပါသည်။ ကိုရင်လေးငယ်ငယ် စာအုပ်ထူထူကိုထမ်း မြို့လေး၏ ဈေးလမ်းမကို ဖြတ်ကာ လျှောက်ခဲ့ရသော ခြေလှမ်းများက သွက်လက်ထက်ရှနေခဲ့ပါလေသည်။ခန္တီးစာသင်တိုက်၏ မဟာနာယက ဆရာတော် အရှင်ဇ၀နထံမှ ယမိုက် ပဋ္ဌာန်းကဲ့သို့သော အဘိဓမ္မာ ကျမ်းစာများ၊ နာယက ဆရာတော်အရှင်သြသဓထံမှ သဒ္ဒါရူပသိဒ္ဓိစာဝါများ၊ ထို့ထက်အလွန် သူ့အားဆွဲ ဆောင်နိုင်ခဲ့သော စာဝါမှာ အရှင်ဇ၀န(မြစေတီ)၏ သုဗောဓာလင်္ကာရ ဟုထင်ရှားသည့် ပါဠိစာပေအလင်္ကာ ကျမ်းပို့ ချချက်ဖြစ်သည်။

အရှင်ဇ၀န(မြစေတီ)က ခန္တီးစာသင်တိုက်မှာ ငယ်စဉ်က ပညာသင်ယူခဲ့ဖူးသူမို့ သီတင်းဝါလကျွတ်သည့် အခါတိုင်း မိခင်စာသင်တိုက်ကို ကျေးဇူးဆပ်သည့်အနေဖြင့် ကျွမ်းကျင်ပိုင်နိုင်သည့် စာတစ်ဝါကို ရန်ကုန်မှ လာရောက်ပို့ချပေးခြင်းဖြစ်သည်။ အရှင်ဇ၀န(မြစေတီ)က မြန်မာစာပေကို အလွန် ချစ်မြတ်နိုးသည့် ရဟန်းစာဆိုပညာရှင်တစ်ဦးဖြစ်သည်။ မြန်မာစာပေ ပျို့ကဗျာလင်္ကာမှန်သမျှကို နှုတ်တက် အာဂုံ စွယ်စုံထိမိစွာ ပွဲကျအောင် ပြောနိုင်စွမ်း ပို့ချနိုင်စွမ်းရှိသည်။

သူတို့အား ပါဠိစာပေ အလင်္ကာ ကျမ်းကို ပို့ချသည့်နှစ်က မာန်လည်ဆရာတော်ဘုရားကြီး၏ မဃဒေ၀ လင်္ကာသစ် ခက်ဆစ်အဖြေကျမ်းကြီးကို ကြိုးစားပြုစုနေလေသည်။ “ဒီကျမ်းကြီးပြုစုပြီးရင်တော့ တပည့်တော် သေပျော်ပါပြီ” ဟု စာချတိုင်းပြောလေ့ရှိအောင်ပင် ထိုကျမ်းပြုစုရေးအတွက် အားစိုက်ခဲ့သည်။ မဃဒေ၀ လင်္ကာသစ် ကျမ်းတစ်ခုလုံးကို အာဂုံဆောင်ထားသည်ဟု ထင်ရလောက်အောင်လည်း နှုတ်တက်ရွရွ ရွတ် ဆိုနိုင်စွမ်းရှိလေသည်။ (အမှန်တကယ်လည်း ထိုမဃဒေ၀လင်္ကာသစ်ခက်ဆစ်အဖြေကျမ်းကြီး(နှစ်တွဲ)ကို မြန်မာစာပေ လောကအတွက် အမွေထားရစ်ခဲ့နိုင်သော မြစေတီ အရှင်ဇ၀နသည် ကျမ်းစာအုပ်ထုတ်ဝေပြီး မကြာမီမှာပင် ဆန္ဒတော်အတိုင်း သေပျော်ခဲ့သည်ထင်ပါ၏။)

(၄)
အရှင်ဇ၀န(မြစေတီ)၏ စာဝါက ပါဠိစာပေအလင်္ကာဖြစ်၍ ဂါထာ စုဏ္ဏိယ ဗန္ဓအမျိုးမျိုးအကြောင်း သင်ကြားပို့ချသည် ဆိုသော်လည်း မြန်မာစာပေကဗျာအလင်္ကာနှင့် စကားပြေရေးထုံးအသီးသီးကိုပါ သင်ယူရလေသည်။ အနန္တသူရိယ၏ မြက်ဖြေလင်္ကာ၊ စလေဦးပုညနှင့် ကြီးကန်ရှင်ကြီးတို့၏ မေတ္တာစာ၊ တွင်းသင်းမင်းကြီး၏ မုဒုလက္ခဏပျို့၊ မဃဒေ၀ကောက်နှုတ်ချက် ။ရှင်မဟာရဌသာရ၏ နှမလက် လျှော့နေလေတော့၊လယ်တီဆရာတော်ကြီး၏ မိုက်မလင်းနိုင်လို့ သံဝေဂလေးချိုး စသည့် ပုဂံ ပင်းယ အင်းဝ တောင်ငူ ညောင်ရမ်း ကုန်းဘောင် ခေတ်အဆက်ဆက် ဂန္ထ၀င်အချက်အခြာကဗျာအတိုအစ ကောက်နှုတ် ချက်မှန်သမျှကို လေ့လာဆည်းပူးခွင့်ရသလို သခင်ကိုယ်တော်မှိုင်း၊ လယ်တီပဏ္ဍိတဦးမောင်ကြီး၊ ဇော်ဂျီ၊ မင်းသုဝဏ် စသော ကိုလိုနီခေတ်စာဆိုကြီးများနှင့် ခေတ်စမ်းစာဆိုရှင်တို့၏ စာပေအနုအရွ အလှတရား ကိုလည်း ရှာဖွေခွင့်ပေးခဲ့ပြန်ပါသည်။

ငယ်စဉ်ကပင် စာအုပ်မှန်သမျှကို အဖုံးလေးလောက်လှန်လိုက်ရမှ အမှာစာနှင့် မာတိကာလောက်တော့ မြည်းစမ်းလိုက်ရမှ ကျေနပ်တတ်သော သူ့အတွက် မြန်မာစာပေချစ်စိတ်လေး ခိုင်မာသွားစေခဲ့သည့် အလင်္ကာစာပေပို့ချချက်ကို စိတ်လိုလက်ရဖြစ်စွာ နေ့စဉ် မပျက်ကွက်အောင် သူဆည်းပူးဖြစ်ခဲ့သည်။ မြစေတီအရှင်ကလည်း အလင်္ကာစာသင်သားများကို အဖိတ်နေ့ တိုင်း စာစီစာကုံးတစ်ပုဒ်ရေးခိုင်းသည်။ ဘုန်းတော်ကြီးကျောင်းပညာရေး၏ အားလပ်ရပ်ဖြစ်သည့် ဥပုသ်နေ့တွင် သူတို့ စာစီကုံးရေးကြရသည်။ ဥပုသ်ထွက်သည့်နေ့တွင် ရေးထားသည့် စာစီစာကုံးများကို ပြရသည်။

ရေးထားသည့် စာစီစာကုံး၏ အောက်တွင် မှတ်ချက်လေးတွေကို ဆရာအရှင်က ရေးပေးလေ့ရှိသည်။ အစပထမတွင် သင့်/ကောင်းကဲ့သို့သောမှတ်ချက်လေးမျှသာ ဖြစ်သော်လည်း စာရေးသားမှု အရှိန်လေးရ လာသည့် နောက်ပိုင်းရက်သတ္တပတ်များတွင်မူ “ ပါရမီရှိသောလက်ဖြစ်၍ ဆက်လက်ကြိုးစား စာများများဖတ်” ကဲ့သို့သောမှတ်ချက်လေးများကို မှတ်မှတ်ထင်ထင် ဖတ်လာရသည်။ ထိုမှတ်ချက်လေးများသည်ပင် သူ့နှလုံးသားနှင့် သူ့ညများကို စာပိုးကိုက်စေတော့သည်။ ဆရာအရှင်၏ အရူးထခွင့် လက်မှတ်လေးကိုင် လို့ပါပဲ။

သို့နှင့် ၀န်းသိုမြို့လေး၏ အလင်းရောင်စာပေ နွေဦးစာပေနှင့် အခြားစာအုပ်အငှါးဆိုင်လေးများဆီ သူ ပတ်လည်ဝေ့သီဖြစ်တော့သည်။ မနက်ခင်းတစ်ကြိမ် ညနေတစ်ကြိမ်စာဝါတက်ချိန်အမီ ခန္တီးစာသင်တိုက်သို့ သူထွက်သည်။ လမ်းတွင်တွေ့ရသည့် စာအုပ်အငှါးဆိုင်လေးများသို့ ၀င်ရောက်ကာ စာအုပ်များကို မွှေနှောက် သည်။ စာဝါပြီးသည်နှင့် ကျောင်းသို့ ပြန်လာကာ ငှါးလာသည့် မဂ္ဂဇင်းစာအုပ်များ၊၀တ္ထုစာအုပ်များကို ဆရာဘုန်းတော်ကြီးမသိအောင် ဖတ်သည်။

ပထမကြီးတန်းရောက်သည်နှင့် သူ့အတွက် အခန်းတစ်ခန်းပေးထားသည်မို့ လွတ်လပ်စွာ စာဖတ်ဖို့ အခွင့် အလမ်းပိုရသည်။ ဆရာဘုန်းတော်ကြီးက လစ်ရင်လစ်သလို သူစာကျက်မကျက်စူးစမ်းတတ်သည်မို့ စာကြည့် စားပွဲမှာတော့ သူတက်လက်စ ပြဌာန်းစာအုပ်ထူထူကြီးများသာ ဖွင့်လျက်ရှိနေမည်။ ၀တ္ထုစာအုပ်ကိုတော့ သတင်းစာစက္ကူဖြင့်ဖုံးအုပ်ကာ သူဖတ်မည်။ တစ်ခါတစ်ရံမှာတော့ တရားစာအုပ်ကြားတွင် ညှပ်ကာ သူဖတ်ခဲ့လေသည်။( ငယ်ငယ်တုန်းကပါ၊ )

(နောင်တစ်ချိန်မှာတော့ အကြောင်းသိသွားသည့်ဆရာဘုန်းတော်ကြီးက “မိုက်လိုက်တဲ့ ကိုရင်” ဟု ကရုဏာဒေါသောဖြင့် ဆိုသည်။ အော် ငယ်ဆရာဘုန်းတော်ကြီးက ပိဋကတ်စာပေမှ လွဲ၍ ဘာစာမှ မဖတ်စေလိုသော သာသနာချစ်ဆရာတော်တစ်ပါးပေပဲ။)

ဘာပဲဖြစ်ဖြစ် သူစာမကျက်တော့ပါ။

No comments: