(၅)
ပထမကြီးတန်းဆိုင်ရာစာဝါများကိုတော့ သူက ဟန်မပျက် တက်နေသည်။ သို့သော် စာတော့ မကျက်ဖြစ်တော့၊ ဆရာဘုန်းတော်ကြီး၏ အရိပ်အကဲကို ကြည့်ကာ အသံပေးတာမျိုးလောက်သာလုပ်ဖြစ်သည်။ ကျောင်းသင်္ခန်း အပြင်ဘက်က ပြတင်းပေါက်ကို သူက ဖွင့်ချင်နေသည်။ သင်ရိုးညွှန်တမ်းအလွန်က စာများကို ရှာဖွေဖတ်ရှုရ သည့် အရသာကို ခုံမင်နေလေသည်။ အော် စာပေမြတ်နိုးသူကြီးရယ်ပေါ့။
စာကိုလည်း စနစ်တကျရွေးချယ်ဖတ်ခြင်းမျိုးတော့ မဟုတ်ပါ။ စာဆိုပြီးရော ဖတ်ဖြစ်သည်။မောင်သာပြည့် နွမ်ဂျာသိုင်းအစ မင်းသိင်္ခအဆုံး နေကျောက်ခဲရုပ်ပြစာအုပ်ပါမကျန် ဖတ်သည်။ လမ်းဘေး စာအုပ်ဆိုင်လေး များတွင် ၀ယ်ယူရရှိနိုင်သည့် ဆရာကြီးပီမိုးနင်း၏ ကမ္ဘာ့မင်တန်လို စာအုပ်သေးသေးလေး တွေကအစ ဆရာ ဘုန်းတော်ကြီး၏ စာအုပ် ဘီရိုကြီးများထဲမှ ဇာတ်တော်ငါးရာ့ငါးဆယ်၊ ပေတ၀တ္ထု၊နှင့် သံဝေဂ၀တ္ထုဒီပနီ အဆုံး သူဖတ်သည်။ ရပ်ကွက်ထဲမှ နိုင်ငံရေးသမားဟောင်းအဘိုးကြီးတစ်ယောက်၏ စာအုပ်ဘီရိုကိုလည်း သူမွှေ နှောက်ခွင့်ရသဖြင့် အတ္ထုပ္ပတ္တိ စာပေအချို့ကိုလည်း တို့ထိခွင့်ရသေးသည်။
ထိုနှစ်များဆီက မောင်စိန်ဝင်း(ပုတီးကုန်း)၏ သောကခြေရာကဗျာများက လူငယ်ထုထဲ ပြန့်နှံ့နေသည်။ သူ့ကော်ပီစာအုပ်ထဲတွင် မောင်စိန်ဝင်း၏ “အရိန္ဒမာသိပါသည်” လိုမျိုး ကဗျာများရှိနေသည်။ ပြီးတော့ လစဉ်ထုတ် ငွေတာရီ၊မြ၀တီ၊ သွေးသောက်၊စစ်ပြန်၊စန္ဒာ၊ပေဖူးလွှာစသောမဂ္ဂဇင်းများမှ သူနှစ်သက်ရာကဗျာ ဆရာအဆူဆူ၏ ကဗျာနှင့် စကားပြေအချို့လည်း ရှိသည်။ မော်ဒန်တို့ ဂန္ထ၀င်တို့ ဆိုသည်ကို သူနားမလည်၊ ကာရန်မဲ့ကဗျာဆိုသည်ကိုတော့ သူက ခပ်တည်တည်ပြောတတ်နေပြီ။ မည်သို့ဖြစ်စေ စုတုပြုလုပ်ထုံး လုပ်နည်း များအတိုင်း သူသည်လည်း ညညဆိုလျှင် ကိုယ်ပိုင်ကဗျာတိုကဗျာစများကို ဖယောင်းတိုင်မှိန်မှိန်လေးဖြင့် ထွန်းညှိမိလေသည်။
ခန္တီးစာသင်တိုက်သို့ စာဝါသွားလိုက်သည့်အခါတိုင်း စာဝါမစမီ မိတ်ဆွေရဟန်းတော်တစ်ပါး၏ နေရာသို့ သူက အရင်ဝင်ရောက်လေ့ရှိသည်။ထိုရဟန်းတော်၏ ဘွဲ့အမည်က ဦးကဉ္စနဖြစ်သည်။ စာသင်တိုက်တို့၏ ထုံးစံ အတိုင်း စာသင်သားတစ်ပါးအတွက် ဖျာတစ်ချပ်သာ နေစရာရှိသည်။ သူက အပြင်ကျောင်းကလာ တက်ခြင်း ဖြစ်သော်လည်း ကျောင်းခံစာတက်ဖော်များနှင့်လည်း ရင်းနှီးကျွမ်းဝင်နေသည်။ အမှန်တကယ်တော့ ထိုစဉ်က ၀န်းသိုမြို့လေးရှိ အခြားဗောဓိကျောင်း၊ မှန်ကျောင်း၊လေးထပ်ကျောင်း၊ လယ်ပြင်ကျောင်းတို့က စာသင်သား အားလုံးနှင့် သူက ရင်းနှီးကျွမ်းဝင်မှုရှိခဲ့သည်။ သူကလည်း လူမမြင်သေးခင်က ကြိုတင်ပြုံးစနစ်ကို လက်ခံ ကျင့်သုံးတတ်သည်ကိုး။
(ထိုနှစ်က ခန္တီးစာသင်တိုက်ရှိ ပထမကြီးတန်းစာဝါလိုက်သူများတွင် ကိုရင်သုံးပါးသာ ပါသည်ဟု မှတ်မိနေသည်။ တစ်ပါးကတော့ ယခုအင်္ဂလန်နိုင်ငံတွင် ကျောင်းတက်နေသည့် အရှင်ဇနကဖြစ်သည်။ )(ဆရာကြီးပါရဂူကို အားကျမိ၍ ဤ၀ါကျကို ရေးပါသည်။ဆရာကြီးပါရဂူက သပြေကန်ဆရာတော်ကြီး၏ အတ္ထုပ္ပတ္ထိတွင် “ ထိုနှစ်က မြန်မာတစ်နိုင်ငံလုံးတွင် ကိုရင်ဘ၀ဖြင့် ပထမကြီးတန်းအောင်မြင်သူမှာ နှစ်ပါးသာ ရှိခဲ့သည်။ တစ်ပါးမှာ ရှင်ဝါသေဋ္ဌ(သပြေကန်ဆရာတော်လောင်းလျာ)ဖြစ်ပြီး အခြားတစ်ပါးကိုမူ မဖောပြလိုတော့ပေ” တဲ့။ အဟမ်း အဟမ်း ပိုင်လည်း ပိုင်ပါပေ့ ဆရာကြီး။ အမှန်တော့ ဆရာကြီးမဖော်ပြလိုသော ကိုရင်မှာ ဆရာကြီး အလောင်းအလျာ ကိုရင်ပါရဂူဖြစ်နေတော့သကိုး။)
(၆)
စာတက်ဖော်များတွင် ဦးကဉ္စနကတော့ အရင်းနှီးဆုံးဖြစ်သည်။ သူ့ကို ကိုရင်လေးဆိုသော်လည်း စာတက်ဖော်အဖြစ် သူငယ်ချင်းလိုပင် ပေါင်းသည်။ စာပေ၀ါသနာချင်းလည်း တူသည့်အတွက် ပို၍ ပေါင်း ဖြစ်သည်။ သူရေးသော ကဗျာများကို အသိအမှတ်ပြုသူမှာလည်း ဦးကဉ္စနပင်ဖြစ်သည်။ တစ်နေ့မှာ တော့ “ ငါ့ရှင် ကဗျာစာအုပ်ထုတ်ရအောင် ” ဟုလုပ်လာသည်။ ဘယ်လိုထုတ်မှာလဲ သူက မသိ၊ သို့သော် ဦးကဉ္စနက ချက်ချာမှုရှိသည်။ ပြီးတော့ ရဟန်းခံထားသည်မှာ မကြာသေး၍ ရဟန်းအမများလှူထားသည့် န၀ကမ္မ ငွေယားလေးများက လှုပ်နေဟန်ရှိသည်။
သို့နှင့် ဦးကဉ္စနက ထုတ်ဝေသူလုပ်သည်။ သူကိုတော့ ကဗျာအယ်ဒီတာအဖြစ်ခန့်ကာ ၀န်းသိုမြို့လေးတွင် ကဗျာစာစဉ်လေးတစ်ခု ဖန်တီးဖြစ်ခဲ့သည်။ ကဗျာစာအုပ်ထုတ်မည့်အကြောင်း နီးစပ်ရာဝါသနာပါသည့် ရဟန်းတော်များနှင့် အထက်တန်းကျောင်းသားအချို့ကို အသိပေးကာ ကဗျာများရေးဖို့ ဖိတ်ခေါ်ကြသည်။ ရောက်လာသည့် ကဗျာများကိုတော့ သူက တည်းဖြတ်သည်။ (ခုမှ ပြန်တွေးကြည့်မိတော့ ခပ်တည်တည်နဲ့ တော်တော်နောက်တဲ့ ကိုရင်ပဲ)
ပထမဆုံးထုတ်ဝေမည့် ကဗျာစာအုပ်ဆိုသော်လည်း ကဗျာစာမူများက ပြည့်စုံသည့်ထက်ပင် ပိုနေသည်။ နာမည်လေးပါလျှင် ပြီးရော၊ ကြိုက်သလောက်ပြင်ပါဆိုသည့် ၀ါသနာရှင်အထက်တန်းကျောင်းသား ဗောလံတီယာလူရင်းများ၏ ကဗျာစာမူများကိုတော့ သူက အမြီးဖြတ်ခေါင်းဖြတ်လုပ်ရသည်။ ကဗျာရန်ပုံငွေ ထည့်ဝင်ကြလေသဖြင့် အယ်ဒီတာမောင်ရှင်ခမျာ မငြင်းသာအောင် အတင်းကာရန်ညှိရပါလေသည်။ အနှီသ ကောင့်သား မောင်ကျောင်းသားတို့က ကဗျာစာအုပ်ထွက်လျှင် ဆိုင်ရာ ပိုင်ရာ လေးများဆီ ဆက်သရမည်ဟု ကြွေးကြော်နေကြသည်။သည်တော့လည်း ကဗျာစာအုပ်တွင် နာမည်လေးတော့ ပါချင်ကြရှာပေမည်ပေါ့။

No comments:
Post a Comment