03 March, 2010

မျိုးကြီး ဗာရာဏသီသတို့သားနှင့် သူစိမ်းတစ်ယောက်

ငါသည် ကိလေသာတို့ကို ရှို့မြိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။
ဘ၀အားလုံးတို့ကို ပယ်နှုတ်အပ်ကုန်ပြီ၊
ဆင်ပြောင်ကြီးသည် အနှောင်အဖွဲ့ကို ဖြတ်၍ နေသကဲ့သို့ အာသ၀မရှိဘဲ နေရပါ၏။

ငါ၏ လာခြင်းကား စင်စစ်ကောင်းသောလာခြင်းဖြစ်၏။
ငါသည် မြတ်စွာဘုရားအထံ၌ ၀ိဇ္ဇာသုံးပါးတို့သို့ အစဉ်ရောက်အပ်ကုန်ပြီ။
မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။

ရှင်ယသ
(ယသတ္ထေရအပါဒါန်)
(၁)

သူထွက်လာတော့ ဗာရာဏသီမြို့သည် ဆူညံပူလောင်မှုများနှင့် ကျန်ခဲ့လေသည်။ အော်တိုကား လေးတစ်စင်းပေါ်တွင် စွေ့ကနဲ သူဝင်ထိုင်လိုက်၏။ “ဆာရနထ်ကို ကျလီယေး” တက္ကစီ မောင်းသမားက ခေါင်းရမ်းပြကာ ၀ူးကနဲ အော်တိုကားလေးကို မောင်းထွက်သည်။ ခေါင်းရမ်းပြခြင်းသည်ပင် မဇ္ဈိမ၏ သဘောတူလက်ခံခြင်းဘာသာစကားပဲ။

ဆာရနထ်ဆိုသည်က ပိဋကတ်တံခါးကို ဖွင့်လိုက်သည်နှင့် လင်းလင်းချင်းချင်းမြင်ရသော မိဂဒါဝုန် တောဖြစ်သည်။ ဗုဒ္ဓအရှင်၏ ဓမ္မအသံ ပထမဆုံးပဲ့တင်ရာ အော် ဗာရဏသီမှ (၇)ကီလိုမီတာ ဝေးကွာသော မိဂဒါဝုန်တော။ သူက မိဂဒါဝုန်ကို ထွက်ခွာခြင်းမဟုတ်၊ မိဂဒါဝုန်သို့ ပြန်လည်ဆုတ် နစ်ခြင်းသာဖြစ်သည်။ ဘာများထူးခြားလို့လဲ။ ကိုယ့်အသိုက်ကိုယ်ပြန်တဲ့ငှက်တစ်ကောင်အတွက် ဝေါဟာရ အသစ်တွေက ခမ်းခမ်းနားနားကြိုနေဖို့ မသေချာ၊၊ သူက ယသသတို့သားမှ မဟုတ်လေပဲ။

ယသ၏ ဗာရာဏသီညက ယိမ်းထိုးနေသည်။ ညကြီးတစ်ခုလုံးပျောက်ဆုံးနေခြင်းဖြစ်၏။ ကညင်ဆီမီး တိုင်များအောက်မှာ အလှတရားဆိတ်သုဉ်းမှုကြီးကို ယသကိုယ်တိုင် ကြေကွဲဖွယ် ရင်ဆိုင်လိုက်ရသည်။ အလှတရားမရှိတဲ့ဘ၀ဟာ မျှော်လင့်ချက်မဲ့လွန်းလှသည်ပဲ။ ဂီတ၏ သိမ်မွေ့သော ရင်ခွင်သည် ကြမ်းရှနေပြီ။ အာကောင်ခြောက်ကပ်စွာ သောက်တော်ရေဗူးကို ဆွဲယူမော့ချပစ်လိုက်သည်။ ဘယ်လိုမှ မအေးချမ်း၊ နောက်ဆုံးတော့ ရင်ကို မီးမြှိုက်ကြလေသော အနှောင်အဖွဲ့များက ဝေးရာ မိဂဒါဝုန်သို့ ထွက်ပြေးသည်၊ မိဂဒါဝုန်သည် ယသအတွက် လွတ်လပ်ကွင်းပြင်....။ ယသသိသွားသည်က ....


မရေရာတာ အသေအချာပဲ မြင်နိုင်တယ် အဖြေရယ် မလိုတော့ပါ
အချိန်တွေသာ လည်ပတ်ဆဲ ကျန်နေသူ ဒီလူဟာသူစိမ်းပါ
မဖြစ်နိုင်တဲ့ ဘ၀ဟာ အရှုံးသာနောက်ဆုံးပဲ မဟုတ်လား
ကြင်နာတယ်ဆိုပေမယ့် အချိန်တန်ပြီဆိုရင် ပြန်သွားပါ


ယသက ဆုပ်ကိုင်ထားသမျှကို လွှတ်ချလိုက်သည်။ မရေရာတာ သေချာသွားခဲ့ပြီပဲ။ သံသရာပြီး သံသရာထဲ ပျော်မွေ့ခဲ့သော လောကီအရောင်စိုစိုဘ၀များ၏ အရှုံးများ။ အနှစ်သာရမဲ့လှပါလား၊ ညဦးဆီက နားထောင်ခဲ့သော ဂီတသည် သံစဉ်အက်ကွဲသွားသည်။ ညစ်နွမ်းလှချည့်၊ အပြုံးများ၏ ဖောက်ပြန်မှုကို လှစ်ကနဲမြင်လိုက်သည့်အခိုက် ချွေးတစ်ပြိုက်ကျသွားသည်။ လောကဟူသည် သူစိမ်းတို့၏ နယ်ပယ်ပါပဲလား။ ယသအတွက် အန္တိမညချမ်းတစ်ခုက အချိန်ကိုက်ရောက်လာခဲ့သည်။ ယသထွက်ခွာရတော့မည်။ သို့နှင့် ဗာရာဏသီမှ ဝေးရာဆီ........။ အဖြေတစ်ခုကိုတော့ဖြင့် ယသဆာလောင်နေခဲ့ပါလေသည်။

အော် ယသက အနှောင်အဖွဲ့တွေကို လွှတ်ချဖို့ မိဂဒါဝုန်သို့ ချဉ်းကပ်လာသည်။ သူကတော့ မိဂဒါဝုန်ကို တွယ်ဖက်ထားဖို့ တိုးဝင်သည်၊ မိဂဒါဝုန်သည် သူ့အတွက် နှေုာင်ဖွဲ့ချည်ရာ....။ ကိုယ့်ချည်တိုင်ကို ကိုယ်တိုင်ဝယ်ယူထားရသည့် ဗာရာဏသီရောက်ရဟန်းတစ်ပါးပဲ..။


(၂)

ယသတို့ခေတ်ဆီကတော့ ဗာရာဏသီနှင့် မိဂဒါဝုန်သည် သီးခြားအဓိပ္ပါယ်များနှင့် စည်းခြားထားသည်။ မြို့ပြနှင့် တောမြိုင်ခြေ။ ဗာရာဏသီနှင့် မိဂဒါဝုန်ကို ဖြတ်စီးနေသော ၀ါရဏဆိုသည့် မြစ်ကျဉ်းလေး တစ်ခုလည်း ရှိသည်။ ဗာရဏသီက ရောင်းဝယ်ဖောက်ကားမှုနှင့် ဒဿနပညာများထွန်းကားသီးပွင့်ရာ မြို့ပြ။ ဗာရာဏသီပိုး ထည် သို့မဟုတ် ကာသိတိုင်းဖြစ် အဖိုးတစ်သိန်းထိုက်သော အ၀တ်တန်ဆာသည် ကျော်ကြားသည်။

ဂင်္ဂါသူတို့အတွက် ရင်ခုန်ဖွယ်ကောင်းသော မူလလက်ဟောင်းအလှကုန်တို့၏ ဆွဲဆောင် မှုဖြင့် တောက်ပရာ ဗာရာဏသီ သို့မဟုတ် ကာသိတိုင်းမြေ...။ ယခုတိုင်အောင်ပင် မဇ္ဈိမသတို့သမီးတို့၏ ၀တ်မှုံကူးပွဲ တော်များအတွက် အိပ်မက်ဈေးခင်းဖြစ်နေဆဲ။ကမ္ဘာ့အလှမယ်ဘွဲ့ရှင် ရုပ်ရှင်မင်းသမီးချော အရှောဒယ၏ ခန်းဝင်မင်္ဂလာအတွက် သတို့သားဖြစ်သူ၏ဖခင် မင်းသားကြီးအမီတာဘာချန်က ကာသိတိုင်းဖြစ်ပိုးထည်များ တခုတ်တရမှာယူခဲ့ခြင်းကို သတင်းခေါင်းကြီးတစ်ရပ်အဖြစ် လှုတ်ခတ်ခဲ့ဖူးသည်။

အယူဝါဒအမျိုးမျိုးနှင့် ဒဿနများဆိုက်ကပ်ထွန်းကားရာ ဂင်္ဂါဆိပ်ကမ်းသည် လျှို့ဝှက်သိပ်သည်းသော ကမ္ဘာမြေ၏ လက်ဆောင်ဖြစ်သည်။ အကျင့်တပနှင့် ဒဿနရှာဖွေနေသူဆာဒူးကြီးများ၊ ဂင်္ဂါဒေ၀ကို ပူဇော်ဦး ညွတ်နေကြသူများ အလှူခံများ၊ ဖုန်းတောင်းယာစကာများ၊ ခရီးသွားဟန်လွှဲလေ့လာသူများနှင့် ဂင်္ဂါသည် စည်ပင်နေတတ်သည်။ ဂင်္ဂါလှိုင်းများကို ဖြတ်သန်းတိုက်ခတ်သော လေညှင်း၏ လွတ်လပ်မှုမျိုးကို ကမ္ဘာမြေ၏ အခြားသောမြစ်များပိုင်ဆိုင်ခွင့်မရှိ။ မြစ်တိုင်းလွတ်လပ်စွာ စီးဆင်းခွင့်ရှိသည်မဟုတ်။


ဗာရာဏသီမြို့နိမိတ်ကို လွန်ကာ ၀ါရဏမြစ်ကျဉ်းလေးကို ဖြတ်လိုက်သည်နှင့် မိဂဒါဝုန်သည် ငြိမ်ချက်သား ကောင်းနေမည်။ မြူးတူးခုန်ပေါက်ပြေးလွှားနေသောသမင်ပျိုလေးများက တောအုပ်လေး၏ ပန်းချီစုတ်ချက် များဖြစ်နေမည်။ ဥဒေါင်းငှက်များ၏ အကနှင့် ငှက်သဘင်ဂီတကလည်း မိဂဒါဝုန်၏ ငြိမ်အေးမှုကို အတည်ပြုနေ ဟန်ပင်၊ ယသအတွက် ဗုဒ္ဓအရှင်က စောင့်နေခဲ့ပါလေသည်။ သူ့ကိုတော့ မီးပျက်နေသော အခန်းလေးက စောင့်နေပါလိမ့်မည်။


ဒီလူဟာ ဒီနေရာပဲ
အချိန်တန်ရင် ပြန်လာရဦးမှာ
ညင်သာစွာတိုးတိတ် နာကျင်လွန်းတဲ့စိတ်
(မှောင်လွန်းတဲဘ၀မှာသေတဲ့အထိဆက်ချစ်မှာ
ငါ့အသက်ထောင့်တစ်နေရာမှာ
နေထိုင်ဆဲ
သေသည့်တိုင် ဒီဘ၀ထဲ
ငါမင်းသာ အချစ်ဆုံးပဲ
ရင်မှာ အသက်နဲ့အမျှ ရှင်သန်ဆဲ)

မိဂဒါဝုန်ကို ပုံစံတစ်မျိုးဖြင် သူ တစ်ခေါက်ပြန်လာရပေဦးမည်။ ခုပြန်နေသောခရီးထက် ပိုမိုလေးနက်သိပ် သည်းသော လှည်းကျင်းထားသော အဇ္ဈတ္တဖြင့် သူပြန်လာရပါမည်။ ခုတော့ သူက သာမန်ရဟန်းတစ်ပါး၏ နောက်ဆုံးပေါ်လောကီထဲမှာ လေးလံနေဆဲဖြစ်သည်။ အခန်းမှိန်မှိန်လေးထဲတွင် သူ့စိတ်များကလည်း မှောင်နေတုန်းပင်ဖြစ်သည်။ အမျိုးဘာသာသာသနာဟု အမည်ပေးထားသော ချစ်စိတ်များက သူ့ကို နှောင်ဖွဲ့နေကြတုန်းပဲဖြစ်သည်။ ငါဟူသောနံရံကို သူက မထိုးဖောက်ရက်နိုင်သေး။ ဘာပဲဖြစ်ဖြစ် အမှောင်ထဲမှာ ဖြစ်နိုင်သမျှတော့ လင်းကြည့်ပါဦးမည်။ သေသည့်တိုင် သူ့အသက်ရှူသံတိုင်းသည် ချစ်ခြင်းမေတ္တာ၏ ရနံ့ကို ရှိုက်လိုဆဲပင် ဖြစ်လိမ့်မည်။ ကမ္ဘာမြေ ငြိမ်းချမ်းပါစေ။



(၃)

ခုတော့ ဗာရာဏသီနှင့် မိဂဒါဝုန်သည် တစ်သားတည်းဖြစ်နေပြီ၊ ယသတို့ခေတ်ကနှင့် မတူပြီ။ ကြားဖြတ်စီး နေသော ၀ါရဏမြစ်ကျဉ်းလေးသည်ပင် တံတားထိုးခံလိုက်ရပြီ။ ယသက မိဂဒါဝုန်ဆီသို့ ကူးတို့လှေကလေး ဖြင့် ကူးဖြတ်ခဲ့ပါလိမ့်မည်။ သူကတော့ အော်တိုကားလေးဖြင့် ပြန်လာခဲ့သည်။


ဆုံမှတ်တို့ လွဲချော်ခဲ့ မျှော်လင့်ချက်မဲ့နေခဲ့
ဘယ်ဘ၀မှ တို့ ပြန်ဆုံတွေ့ခွင့် ရှိနိုင်မလဲ အခုတော့
သူစိမ်းတစ်ယောက်ပါ

မိဂဒါဝုန်မှာ ယသသတို့သားကတော့ လောကီနယ်အတွက် သူစိမ်းဖြစ်သွားသည်၊ သူကတော့ လောကုတ္တရာ နယ်အတွက် သူစိမ်းဖြစ်နေဆဲ။ အော် သူစိမ်းချင်းတော့ မတူခဲ့ကြ။ ဘာပဲဖြစ်ဖြစ် ဆုံမှတ်တို့လွဲချော်သော်လည်း ရေးထွင်းလက်စမျှော်လင့်ချက်ပါးပါးလေးကိုတော့ သူဆုပ်ကိုင်ထားရပါဦးမည်။ အော် သူစိမ်းတစ်ယောက် ပဲလေ။ သို့သော် သူက ပြန်လာရဦးမည့် သူစိမ်းတစ်ယောက်ဖြစ်သည်။

မရေရာတာ သေချာပေမယ့်
ဆုံနိုင်တယ် ဒီအိပ်မက်ထဲမှာ
အချိန်တန်ရင် ဒီလူဟာ ပြန်လာရဦးမှာ
တကယ်ဆို ချစ်လျက်နဲ့ အရာရာပေးဆပ်ခဲ့သူပါ။

(တေးရေးဖိုးကာနှင့် တေးဆို မျိုးကြီးတို့၏ သူစိမ်းတစ်ယောက်သီချင်းအားကျေးဇူးတင်စွာဖြင့်)

No comments: