30 March, 2010

ဓမ္မဂင်္ဂါမော်ဒန်တောရဋီကာ


ဖြစ်နိုင်ရင် အေးအေးလူလူနေချင်တာ သဘာဝပဲ။
မကွေးဆရာတော်ကြီး လွန်တော်မူသွားရှာပြီတဲ့။ လက်မှတ်ထိုးရမယ့်ဝန်ကို လွတ်လွတ်ကြီးချတော်မူသွား ရှာပြီပေါ့။ သက်တော် (၈၈) သိက္ခာတော် (၆၈) အရွယ်တော် ၀ါတော်ရတဲ့အထိ “သာသနဿ ဘာရော အ၀ဿံ ၀ဟိတဗ္ဗော ” လုပ်တော်မူခဲ့တဲ့ ဆရာတော်ကြီးတစ်ပါးပေပဲ။ ဒီရက်ပိုင်းမှာတော့ သတင်းစာတွေ စောင့်ပြီးဖတ် နေရတယ်။ မျက်လုံးပူနားပူ ခါးပူတာက အရေးမကြီးဘူး၊ အနာဂတ်ပူတာက အခက်ပဲ။

အင်း ငှါးထားတဲ့အိမ်အသစ်လေးကိုပဲ တောရအဖြစ်ဆောက်တည်နေလိုက်တယ်။ ဓမ္မဂင်္ဂါမော်ဒန်တောရ။ ရေးမီးအပြည့်အစုံ မိဂဒါဝုန်မော်ဒန်တောရ။မနေ့ကပဲ မော်ဒန်တောရစကားလုံးမူပိုင်ရှင်မိတ်ဆွေရဟန်းတော်က ဓမ္မဂင်္ဂါမော်ဒန်တောရကို ဆိုက်ဆိုက်မြိုက်မြိုက်ကြီးကို ရောက်ချလာခဲ့သေး။ `ရဟန်းတော်´လို့ ကိုယ့်ကိုယ့်ကို ညွှန်းလေ့ရှိတဲ့ မိတ်ဆွေရဟန်းတော်က မော်ဒန်တောရဆိုတာလေးကို စဦးတီထွင်သုံးစွဲခဲ့ဆိုသကိုး၊ ငါ့ရှင်ရေ ရွှေပြည်ကြီးသားများပီပီ မူပိုင်ခွင့်အကြောင်းမပြောကြေး။

ဈေးကတော့ နည်းနည်းများတယ်လို့ ပြောကြပါရဲ့။ နီးနီးနားနားဈေးချိုသက်သာပြည့်စုံကောင်းမြတ်တဲ့ ကျောင်း သင်္ခန်းလေးက ရှာမရတော့လည်း ဘောန္တော နီးစပ်ရာ သူတော်ကောင်းတို့ ဖုန်းဆက်ရင် ဖုန်းလာတယ်ချည်း မမှတ်နဲ့။ ဘယ်တရားနာပရိသတ်မှ မလာတော့ ဒါနကထာကို ဖိဟောပြီး အလှူငွေပဒေသာပင် စိုက်ထူလှူ ဒါန်းနိုင်ကြောင်း ကိုနောရဲ့ ကျောက်သင်ပုန်းကြီးငှားချိတ်ဖို့လည်း အလုပ်မဖြစ်။

သူငှါးနေတဲ့အိမ်လေးက သီးခြားအနားယူဖို့ဆောက်ထားတဲ့ အိမ်လေးတစ်လုံးဖြစ်ဟန်တူပါတယ်။ အခန်းက တစ်ခန်းပဲပါပါတယ်၊ အဲဒါကိုပဲ သုံးပါးမျှပြီး သီတင်းသုံးကြရတာပါ။ တဲသာသာအိမ်လေးကိုပဲ ပန်းခြံလေးနဲ့ မြက်ခင်းစိမ်းလေးတွေနဲ့ ခြယ်သလိုက်တော့ နေချင့်စဖွယ် ကွန်းသာယာလေးဖြစ်လာရတော့တာပါ။ လူဝတ် ကြောင်ကြားတွေ အတွက်တော့ အိမ်ဂေဟာ။ ရဟန်းတွေအတွက်တော့ ကျောင်းဝိဟာ။

ခက်တာက အိမ်လေးက ဆိတ်ငြိမ်ရပ်ကွက်ထဲမှာမို့ လုံခြုံရေးအရ တစ်ခါဝင် တစ်ခါသော့ပိတ်ရတဲ့ ဒုက္ခကလည်း မသေး။ ဆိတ်ငြိမ်ရပ်ကွက်ထဲမှာ ပူပန်စရာတွေကလည်း အများသားပါပဲ။ အော် မော်ဒန်တောရ။ တယ်လီဖုန်း အဆက်အသွယ်မပြတ်စေရ၊ အင်တာနက်ကော်နက်ရှင်ကောင်းမှဖြစ်မယ်။ နိုင်ငံတကာသတင်းလေးတွေက လည်း ဖတ်ဖို့လိုတယ်။ ရေးလက်စ ဖတ်လက်စစာတွေကလည်း မပြီးမပြတ်နဲ့ အော် နိက္ခမ္မပါရမီနယ်ထဲက ရဟန်းတော်ဟာလည်း ဂူးဂယ်လ်ထဲမှာပဲ ၀ဲလည်နေပြန်ပါရောလား။

ဘာပဲဖြစ်ဖြစ် ဒီရက်ပိုင်းမှာ ဓမ္မဂင်္ဂါ အဖြောင့်မစီးနိုင်အောင် ကွေ့ကောက်ပြေးလွှားခဲ့ရလေသပေါ့။

6 comments:

မော်ကွန်းသစ် said...

မူပိုင် ဖြစ်ကြောင်း အတည်ပြုလိုက်ပါသည်။ မနေ့ က ဂင်္ဂါမြစ်ကြီးရောက်တော့ လှေစီးနေရင်း ဖတ်ထား၊ မှတ်ထားတာလေးတွေ သတိရမိသေး။

ကိုနော said...

ယနေ့ ဗာရဏသီ၌ မီးပျက်နေပါသဖြင့် ကွန့်မန့်ကန်တော့
ဆွမ်းပါဘုရား...။

မောင်စိတ်ကောင်း said...

အင်း..........ရှေ့ဆောင်ဂင်္ဂါဂျီးကညည်းနေမှတော့ အားတော့ရှိလှဘူးလေး။ အားတင်းထား တင်းထားလော့ အို ဂင်္ဂါဂျီး

linnhtatshein said...

တောရ ဆရာတော်
တောရ ဆိုတာ
ပြောပြမှ ဘဲ
သိကြရတော့တာ။
မဟောသဓ ပညာ သုံးပြီး
အောချ ကာ
ထောမနာ အောင်
လောက သဘာဝါ စုံအောင်
ရေးပေဥိး တော့။
အားပေးလျက်

sawpan said...

စကားများ အတော်ထွင်သကိုး၊တောရဆောက်တည်မေမယ့် အင်တာနက်ကွန်နက်ရှင်းကောင်းနေရင် ဗာရာဏသီရိပ်သာအတွက် လရံလောက်ပါပေတယ်...ဆရာဒန်

Mayzin said...

အေးဗျာ အခုမှပဲ ဖတ်ဖြစ်တော့တယ်။ ကိုယ့်ကို ထည့်ပီးကြော်ငြာပေးထားလို့ ကိုယ်တိုင်ထပ်ပီးကြော်ငြာဝင်လိုက်ဦးမယ်။ မော်ဒန်တောရ ဆိုတဲ့စကားလုံးကို သုံးဖြစ်ခဲ့တာ ကြာပါပီ၊ကျောင်းတွင်းမှာပဲ တွင်ကျယ်ခဲ့ပီး အပြင်ကိုမပေါက်လာခဲ့ဘူး။ အခုလိုနာမည်ကြီး မင်းသားကြော်ငြာမှ ... ဒါပေမဲ့အဓိပ္ပါယ်ကတော့ အတော်လေးနက်ဆိုပဲဗျ။ တွေးလေ နက်လေဆိုသကိုး ...ကျေးဇူးပါဗျာ။