22 April, 2010

ဘ၀ကိုယ်တိုင် မြစ်


ဖြတ်သန်းဆဲလမ်းပေါ်ရှိ မြစ်ကမ်းဘေးတွင် ကျဉ်းမြောင်းရှည်လျားသော ရေကန်ကို သတိပြုမိကြလေသလား၊ ထိုရေကန်ကို တံငါသည်အချို့ တူးထားတာဖြစ်ကောင်းဖြစ်ပေလိမ့်မည်။ ပြီးတော့ ရေကန်က မြစ်နှင့်ဆက်နွှယ်မှု လည်းမရှိ၊ မြစ်က ပုံမှန်အတိုင်းပင် နက်ရှိုင်းကျယ်ပြန့်စွာ စီးဆင်းနေသည်။ မြစ်နှင့်ချိတ်ဆက်မှုမရှိသော ရေကန်ကတော့ မှော်များဖြင့် လေးလံနေခဲ့သလို ငါးများလည်း ရှိမနေသော ရေသေကန်တစ်ခုဖြစ်ပါသည်။ နက်ရှိုင်းသော မြစ်သည် အသက်များ၊ ခွန်အားများနှင့်အတူ သွက်လက် တက်ကြွစွာ စီးဆင်းနေခဲ့ပါလေသည်။

အခု တွေးကြည့်တော့ လူ့ဆိုသည်နှင့် အဓိပ္ပါယ်တူမနေဘူးလား။ လူဆိုသည်က အသက်ဝင်စွာ စီးဆင်း နေသော ဘ၀မြစ်အလျဉ်မှ ခွဲထွက်ကာ ကိုယ်ရေးကိုယ်တာအတွက်သာ ရေကန်သေးသေးလေးတွေ နေ့စဉ်တူး နေကြသည်။ ထိုရေကန်ကျဉ်းကျဉ်းလေးမှာပင် မှော်များဖြင့် ငြိယှက်ကြ၊ သေဆုံးနေကြသည်။ သည်လိုမျိုးငြိယှက် ဆိတ်သုဉ်းမှုနှင့် ယိုယွင်းပျက်ဆီးမှုကိုပဲ ဘ၀ဟု ခေါ်နေကြပြန်လေသည်။ အမှန်တကယ်တော့ လူဆိုသည်က ထာဝရတည်ရှိမှုအခြေအနေတစ်ရပ်ကိုသာ လိုချင်သည်။ ထာဝရတည်ရှိလိုမှုဆန္ဒကိုသာ တင်းတင်းဆုပ်ကိုင် ထားလိုသည်။ အဆုံးမဲ့သောပျော်ရွှင်မှုကိုသာ တောင့်တတတ်လေသည်။

လူဆိုသည်က ကိုယ်တိုင်တွင်းပေါက်သေးသေးလေးဖောက်ကာ ထိုတွင်းပေါက်သေးသေးလေးတွင် မိသားစုရေး ရာများ၊ ရွယ်ရွယ်ချက်များ၊ ယဉ်ကျေးမှုဆိုသည်များ၊ သွေးပျက်ထိတ်လန့်မှုများ၊ ဘုရားသခင်နှင့် အမျိုးမျိုးသော ကိုးကွယ်မှုများဖြင့် မိမိကိုယ်ကိုယ် ပိတ်ဆို့ထားလိုက်ပြန်သေးသည်။ (ထိုတွင်းပေါက်သေးသေးလေးထဲမှာပင် သေဆုံးခဲ့ကြရလေသည်ပဲ။) ဘ၀ကိုတော့ မေ့လျော့စွာ ပစ်ပယ်ထားလိုက်ကြသည်။ ဘ၀ဆိုသည်က မမြဲ၊ အချိန်နှင့် အမျှပြောင်းလဲနေသည်။ မြန်ဆန်တက်ကြွသည်။ ကြီးကျယ်သော နက်ရှိုင်းမှု၊ ထူးကဲသော အသက် ဓါတ်နှင့် အလှတရားများလည်း ရှိနေသည်။

မြစ်ကမ်းဘေးတွင် ထိုင်ကာ မြစ်၏ ဂီတကို ကြားရသည်ဟု သတိပြုမိပါရဲ့လား။ ရေလှိုင်းပုတ်သံနှင့် စီးဆင်းရွေ့လျားသံများသည် မြစ်၏ ဂီတများဖြစ်သည်။ မြစ်တွင် ရွေ့လျားမှုဟူသောအဓိပ္ပါယ်ကတော့ ထာဝရရှိနေမည်။ ပို၍ နက်ရှိုင်းရာ ပို၍ ကျယ်ပြောရာဆီသို့ ဦးတည်နေသည့် ထူးကဲသော ရွေ့လျားမှုဖြစ်သည်။

ခိုဝင်မိသည့် ရေသေကန်လေးမှာတော့ ရွေ့လျားမှုဆိုသည်က နတ္ထိ၊ မှော်အတိသာ ပြည့်နေမည်။ ဤအရာသည် ပင် လူအများစုလိုချင်သောအရာဖြစ်နေပြန်သည်။ ဘ၀မြစ်ကမ်းအဝေးက မှော်များဖြင့် ငြိယှက်ရပ်တန့်နေသော ရေသေကန်။ ထိုရေသေကန်လေးတည်ရှိမှုကိုပင် အမှန်တရားဟု ဆုပ်ကိုင်ထားရန် ဒဿနများကို ထွင်ရသည်။ ထိုဒဿနများကို ထောက်ကန်ထားရန် လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေးနှင့် ဘာသာရေအတွေးခေါ်များကိုလည်း တိုးမြှင့်ချဲ့ထွင်ရသေးသည်။ ရေသေကန်တည်ရှိမှုအတွေးအခေါ်ကိုတော့ မည်သည့်နည်းနှင့်မျှ အထိအခိုက် မခံနိုင်ပါ။ မိမိတို့ ရှာဖွေနေသောအရာကိုယ်တိုင်က ထာဝရတည်ရှိမှုဟူသော အဓိပ္ပါယ်သာ ဖြစ်သည်။

ထာဝရတည်ရှိမှုကို ရှာဖွေခြင်းဆိုသည်မှာလည်း လိုချင်သော ဣဋ္ဌာရုံများ အဆက်မပြတ် ဖြစ်ပေါ်စေလိုခြင်းနှင့် မလိုချင်သောအနိဋ္ဌာရုံများ ချက်ချင်းလက်ငင်း အဆုံးသတ်သွားစေလိုခြင်းပင် ဖြစ်သည်။ လူဆိုသည်က အသိအမှတ်ပြုနာမည်လေးတစ်ခုတော့ လိုချင်သည်။ ရရှိထားသည့် နာမည်လေးကိုလည်း မိသားစုနှင့် အခြားပိုင်ဆိုင်သောအရာများကို အခြေပြုကာ ကြီးထွားရှင်သန်စေလိုသည်။ ဆက်ဆံရေးနယ်ပယ်နှင့် လုပ်ငန်းခွင်များတွင်လည်း ထာဝရတည်ရှိမှုအဓိပ္ပါယ်ကို ရှာဖွေကြသည်။ ဆိုလိုသည်က ရေသေကန် လေးထဲမှာပင် ထာဝရတည်တံ့ကာ အဆက်မပြတ်ရှင်သန်နေလိုခြင်းပင်ဖြစ်သည်။ အမှန်တကယ် ပြောင်းလဲမှု အနိစ္စသဘောကိုတော့ လုံးဝမလိုလားပါ။ သို့နှင့် ပိုင်ဆိုင်မှု၊အမည်နာမနှင့် ကျော်ကြားမှုတို့ ထာဝရတည်ရှိမှုကို အာမခံနိုင်မည့် လူ့အဖွဲ့အစည်းကို တည်ထောင်ကြခြင်းဖြစ်သည်။

ဘ၀သည် မြစ်ဖြစ်၏။ အဆုံးမဲ့ ရွေ့လျားနေသည်၊ ထာဝရရှာဖွေနေသည်၊ စူးစမ်းနေသည်၊ တွန်းလွှတ်နေသည်၊ ကမ်းကို လွန်ကာ စီးဆင်းနေသည်၊ အက်ကွဲကြောင်းမှန်သမျှကို ရေအားဖြင့် ထိုးဖောက်တိုးဝင်နေသည်။ သို့သော် စိတ်ကတော့ ဘ၀ကို စီးချင်တိုင်း စီးခွင့်မပြုပါ။ စိတ်က မမြဲမြံသော ဘေးမကင်းသော အခြေအနေမျိုးတွင် ထင်တိုင်းစီးဆင်းခြင်းသည် အန္တရာယ်ထူပြောသလို စွန့်စားရာလည်း ကျသည်ဟု မြင်သည်၊ ထို့ကြောင့်ပင် စိတ်က ဘ၀ကမ်းနံရံကို တည်ဆောက်လေတော့သည်။

ဘာသာတရားဆိုသည်က ကောင်းမြတ်သောခံစားချက်ဖြစ်သည်။ မြစ်နှင့်တူစွာ ထာဝရရှင်သန်အသက်ဝင် နေသော ချစ်ခြင်းမေတ္တာတရားပင်ဖြစ်သည်။ ဤအခြေအနေတွင် မည်သည့်ရှာဖွေမှုမှ မရှိတော့ပါ။ ဤရှာဖွေမှု ကုန်ဆုံးသွားခြင်းဟူသည် လုံးဝခြားနားသော တစ်စုံတစ်ရာ၏ အစဖြစ်သည်။ (In that state , there is no longer any search at all, and this ending of search is the beginning of something totally different.) ဘုရားသခင်ကို ရှာဖွေခြင်း၊ သစ္စာတရားကို ရှာဖွေခြင်း၊ လုံးဝဥဿုံပြည့်စုံလိုခြင်း၊ (ကောင်းမြတ်မှု၊ နိမ့်ချမှုတို့ကို တည်ဆောက်ခြင်းမျိုးမဟုတ်တော့ဘဲ စိတ်၏ ဖန်တီးမှု၊လှည့်စားမှုများအလွန်က တစ်စုံတစ်ရာကို ရှာဖွေခြင်း (ဆိုလိုသည်မှာ ထိုတစ်စုံတစ်ရာနှင့်ပတ်သက်သော ခံစားမှုရှိခြင်း ထိုတစ်စုံတစ်ရာတွင် နေထိုင်ရှင်သန်ခြင်းနှင့် ထိုတစ်စုံတစ်ရာဖြစ်ခြင်း).. ဤအရာသည်ပင် စစ်မှန်သော ဘာသာတရာဖြစ်သည်။

သို့သော် မိမိတို့ကိုယ်တိုင်တူးထားသည့် ရေသေကန်ကို စွန့်ခွာပြီး ဘ၀မြစ်ပြင်ထဲသို့ ထွက်လာနိုင်မှသာ အမှန်တကယ်ရှာဖွေမှုကို ပြုလုပ်နိုင်ကြပေမည်။

ဂျိဒ္ဒုခရစ်ရှနားမူးရတီး


ယနေ့(၂၂-၀၄-၂၀၁၀)ထုတ် အိန္ဒိယတိုင်းမ်စ်သတင်းစာမှ “စကားပြောသော သစ်ပင်” ကဏ္ဍတွင် ပါရှိသည့် ဂျိဒ္ဒု ခရစ်ရှနားမူးတီး၏ (The River Of Life) ကို ဆီလျော်သလို(၀ါ) ပြန်တတ်သလို ပြန်ဆိုပါသည်။

1 comment:

Shannon said...

Hello Sayadaw, this post is really good. I like it much. Thx u so much for sharing knowledge.