08 May, 2010

ဓမ္မဂင်္ဂါဒိုင်ယာလက်တစ်ခ်(၄)

ဓမ္မရက္ခိတ “ အဘိဓါန်သုံးအုပ် မျက်ခြေပြတ်သွားတယ်။ ဘယ်ရောက်သွားသလဲ ငါ့ရှင်ရဲ့၊”

ဓမ္မဂင်္ဂါ “ အင်း အဘိဓါန်သုံးအုပ်မှာ အထူဆုံး Websters New World Dictionary စာအုပ်ကြီးကတော့ မှတ်မှတ်ရရ သွားလေရာပါတုန်းဗျ။ အဟမ်း သယ်ရတာ လေးလေးပင်ပင် ရှိသကိုးဗျ။ ရှေ့ဆောင် အင်္ဂလိပ်မြန်မာအဘိဓာန်ကြီးကိုတော့ နယ်မှာ ကျောင်းထိုင်နေတဲ့ မိတ်ဆွေဘုန်းတော်ကြီးတစ်ပါးက အလှူခံသွားပါလေရောဗျ။

ဓမ္မရက္ခိတ “ အဲဒီ မောင်ရှင်က ဘာလုပ်ဖို့လဲဗျ၊ ခေါင်းအုံးလုပ်ဖို့လား။ ဒီနေ့ခေတ် သိရသလောက်တော့ ရွာဦးကျောင်းအချို့မှာ ရှေးအစဉ်အဆက် ဆရာတော်ကြီးတွေ ဖတ်ရှုလေ့လာခဲ့တဲ့ သားရေဖုံးစာအုပ်ကြီးတွေနဲ့ စာပုလွေတွေကို ဥပုသ်သည်တွေ ခေါင်းအုံးအိပ်နေကြဆိုပါရောလား။

ဓမ္မဂင်္ဂါ “ အိမ်း နေရာတိုင်းတော့ မဟုတ်ပါဘူးငါ့ရှင်ရယ်၊ ကျေးလက်တောရွာတွေမှာ ရွက်ပုန်းသီး ပိဋကတ်သူရဲကောင်းတွေ ရှိပါသေးတယ်ဗျ။ တိုးတိုးတိတ်တိတ် ခြိုးခြိုးခြံခြံ သာသနာ့ရန်ကို ကာကွယ်စောင့် ရှောက်နေကြတဲ့ ရဟန်းတော်တွေ ကျေးလက်သာသနာ့မျက်နှာစာမှာ ခိုင်ခိုင်မာမာ ရှိနေပါသေးတယ် ငါ့ရှင်ရယ်။

ဓမ္မရက္ခိတ “ အင်း ဘာပဲပြောပြော ယေဘုယျသဘောဆိုရင်တော့ ကျေးလက်သာသနာဟာ အားနည်းလာတာ အသေအချာပဲ။ အဲဒီစာအုပ်ထူထူကြီးတွေ ဖတ်နိုင်လောက်တဲ့ ပညာတတ်အရှင်မြတ်လေးတွေကလည်း ရွာမပြန်ချင်ကြရှာဘူးမဟုတ်လား။ နန်းတော်ရှေ့ကြီးရဲ့ ကျေးရွာဝါဒ သီချင်းထဲကလို “ နွားချီး(နှောက်ချီး )နဲ့ အိုင်ဗွက်အလယ်မှာ ကျမတို့ စတိုင်လ်ပျက်ပါတယ်ဆိုလို့ ငိုတော့မလို နေတာများ ”ဆိုတဲ့ အပိုဒ်လေးကို ကြားတိုင်း “ အော် မောင်ဖုန်းလည်း စတိုင်လ်ပျက်မှာကို စိုးမိသေးသကိုးလို့ ပြုံးမဲ့မဲ့ဖြစ်ရသဗျ။ အော် တကယ်ပြန်မယ်ဆိုပြန်တော့လည်း ရွာက လက်မခံကြပြန်ဘူးဗျ။ ခက်တော့ ခက်သားလား။

ဓမ္မဂင်္ဂါ “ ဆိုလိုတာက ပညာတတ်တဲ့အခါ ကျေးလက်ကို မပြန်ချင်တဲ့ အုပ်စုနဲ့ ပြန်ချင်ပေမယ့် ပြန်ခွင့်မသာတဲ့ အုပ်စုပေါ့ဟုတ်လား။ ပထမအုပ်စုက မြို့မှာ သီတင်သုံးရတဲ့ အခြေအနေကို မစွန့်လွှတ်နိုင်ကြတော့ (မြို့မှာလည်း မယ်မယ်ရရ အလုပ်မရှိဘဲ) ကျေးလက်ခေါ်သံကို မကြားယောင်ပြုတဲ့ အုပ်စု။ နောက်အုပ်စုကတော့ “အရှင်ဘုရားရဲ့ အရည်အချင်းတွေဟာ တောရပ်ကျေးလက်မှာ အရောင်မတက်၊ အခက်မဝေနိုင်ပါဘူးဘုရား”ဆိုပြီး ဆရာသမားနဲ့ မိဘဆွေမျိုးတွေရဲ့ သံယောဇဉ်နွှယ်တဲ့ အမြင်ကျဉ်းမြောင်းမှုကြောင့် ကျေးလက်တံခါးပိတ်ခံလိုက်ရတဲ့ သာသနာ့လိုအပ်ချက်ကို မျက်ကွယ်ပြုလိုက်ရ တဲ့အုပ်စု။ ဒီလိုနဲ့ ကိုယ်တော်အရှင်လေးတွေခမျာ မြို့မှာလည်း အလုပ်မရှိ၊ ရွာကိုလည်း မပြန်နိုင်၊ ဟိုကျောင်းပြောင်းလိုက်၊ ဒီကျောင်းပြောင်းလိုက်နဲ့ အဟမ်း နောက်ဆုံး ကိုယ့်အတွေ့အကြုံအရ ဆိုရင်တော့ နိုင်ငံခြားထိရောက်လာတော့တာကိုးဗျ။

ဓမ္မရက္ခိတ “ အင်း Brain Drain ဆို ထင်ပါရဲ့ဗျာ ။ ပညာသင်စေလွှတ်တဲ့ ရှေးခေတ်ကျေးလက်သားတွေရဲ့ စိတ်နေစိတ်ထားနဲ့ စာသင်သားရှင်ရဟန်းတွေရဲ့ သဘောထားအမြင်တွေက ဒီနေ့ခေတ်အခြေအနေနဲ့ နှိုင်းယှဉ်ကြည့်တော့ ကွာခြားပြီးပေါ့လေ၊ ။ ရှေးခေတ်ကတော့ ကိုယ့်ရပ်ကိုယ့်ရွာကနေပြီး အဆင့်မြင့် ပိဋကတ်စာပေသင်ယူဖို့ မင်းနေပြည်မြို့ပြက စာသင်တိုက်ကြီးတွေဆီ ထွက်ခွာမယ့် ရှင်ငယ်ရဟန်းငယ်တွေကို “ ပညာတွေတတ်ပွန်တဲ့အခါ ကိုယ့်ရပ်ကိုယ့်ရွာ ကိုယ့်သာသနာကို ပြန်လည်မြှင့်တင်ဖို့” ဆရာကရော ဒကာကပါ အမှာစကားတစ်ခါတည်းပါးလိုက်တာဗျ၊

ဓမ္မဂင်္ဂါ “ ဟုတ်ပေရဲ့ ငါ့ရှင် ။ အဲဒီရဟန်းငယ်တွေကလည်း မင်းနေပြည်မှာ ပိဋကတ်စာပေတတ်ပွန်လို့ မင်းမိဖုရား မှူးကြီးမတ်ရာ သူဌေးသူကြွယ် အကိုးအကွယ်ခံဘ၀ကို မတတ်သာလို့ အချို့လက်ခံလိုက်ရပေမယ့် များသောအားဖြင့် ကျေးလက်ကို ပြန်လည်ကြွပြီး သာသနာပြုခဲ့ကြတာပေပဲလေ။ အင်း ခုတော့ စာတတ်ပေတတ်ကိုယ်တော်လေးတွေ ရွာလည်း မပြန်နိုင်၊ မြို့မှာလည်း အလုပ်ပေးမယ့်သူမရှိ။ ရွှေပြည်ကြီးမှာက လူတွေတင် အလုပ်လက်မဲ့မဟုတ်ဘဲ ဘုန်းတော်ကြီးလေးတွေပါ အလုပ်လက်မဲ့ ဖြစ်နေကြတာ ထင်ပါရဲ့ ငါ့ရှင်ရယ်။

ဓမ္မရက္ခိတ “ ဆိုလိုတာက ငါ့ရှင်လည်း ခု နိုင်ငံခြားရောက်နေပုံထောက်တော့ ရွှေပြည်ကြီးမှာ အလုပ်လက်မဲ့ပဲထင်တယ်။

ဓမ္မဂင်္ဂါ “ အာ မေးခွန်းပြင်လိုက်ပါ ငါ့ရှင်၊ နိုင်ငံခြားရောက်နေတာကိုက ရွှေပြည်ကြီးမှာ အလုပ်လက်မဲ့ဖြစ်လို့ ဆိုတဲ့အဓိပ္ပါယ်မျိုးသက်ရောက်သွားနိုင်သဗျ။ ကိုယ့်အတွေ့အကြုံအရ ပြောတာက ဘာပဲဖြစ်ဖြစ် ရွာမပြန်တဲ့ အုပ်စုနှစ်ခုမှာ တစ်ခုခုနဲ့ ငြိနေလေတော့ မြို့ပြမှာ ရပ်တည်နိုင်ဖို့ စာတွေ ဆက်ကြိုးစားရင်း တက္ကသိုလ်တွေ တစ်ခုပြီးတစ်ခုတက်ရင်း နိုင်ငံရပ်ခြားပညာရေးမြည်းစမ်းခွင့်ထိ ရလာတယ်လို့ ဆိုရမှာဗျ။ အရှုံးထဲက အမြတ်လို့ဆိုရမှာပ၊ အဟမ်း အဲဒီအမြတ်ကို ဘယ်နေရာမှာ အသုံးချခွင့်ရမလဲဆိုတာလည်း ခေါင်းတော့ ခဲသဗျာ။

ဓမ္မရက္ခိတ “ အင်း လောသွားတယ် ငါ့ရှင်။ လွန်ခဲ့တဲ့ သင်္ကြန်တွင်း ဗာရာဏသီကို ကြွလာတဲ့ သီတဂူဆရာတော်ကြီးကိုယ်တိုင်ကလည်း နိုင်ငံရပ်ခြားတက္ကသိုလ်အသီးသီးမှာ( အိန္ဒိယ ၄၀၀ခန့်၊ သီရိလင်္ကာ ၃၀၀ခန့်၊ ထိုင်း ၁၀၀ ခန့်နဲ့ အခြားအင်္ဂလန်စသည်မှာ ဒါဇင်ခန့်မျှ) ပညာသင်ယူနေကြတဲ့ သံဃာတော်ပေါင်း ၈၀၀ ကျော်ရဲ့ ဂုဏ်ရည်တွေနဲ့ အနာဂတ်အလားအလာကို အားကိုးတကြီး မိန့်တော်မူခဲ့တာ ကြားခဲ့ရသေးတာပဲ။

ဓမ္မဂင်္ဂါ “ သီတဂူဆရာတော်ကြီးကတော့ ဒီသာသနာ့အင်အားစုကြီးဆီက ဘယ်လိုလုပ်အားတွေ ထွက်လာမလဲ မျှော်တာပဲဗျ၊ အမျိုးဘာသာ သာသနာနဲ့ နိုင်ငံတော်အတွက် ပြန်လည်ပေးဆပ်ကြဖို့လေ။ (ယူထားတွေက များနေပြီးကိုးဗျ) ။ “ရေကြည်ရာမြက်နုရာ မရှာကြပါနဲ့” ဆိုတဲ့ သြ၀ါဒကိုတော့ လေးလေးနက်နက် ပြောသွားတာဗျ၊

ဓမ္မရက္ခိတ “အင်း ငါ့ရှင်ပြောတော့လည်း အဟုတ်သားပေပဲ။ ဒါနဲ့ ခုနမေးခွန်းထဲက ငါ့ရှင်လည်း အလုပ်လက်မဲ့ဖြစ်ခဲ့ပုံလေး ပြောပါဦးဗျ။

ဓမ္မဂင်္ဂါ “အလုပ်လက်မဲ့တော့ မဟုတ်ပါဘူးဗျ၊ အလုပ်လက်မဲ့ မဟုတ်ပေမယ့် ကိုယ့်စိတ်နဲ့ ကိုယ်ကပ်တဲ့အလုပ်တွေ လုပ်ခွင့်ရဖို့တော့ တိုးတိုးဝှေ့ဝှေ့ပဲဗျို့။ ရွှေပြည်ကြီးမှာ “အသစ် ” ဆိုတာ အာရုံခံစားမှုနယ်ပယ်အတွက်ပဲ လက်ခံချင်တာကလား၊ လုပ်ငန်းနယ်ပယ်မှာ အိုင်ဒီယိုလော်ဂျီအသစ်တစ်ခု ချခင်းပြတဲ့အခါ လက်ခုပ်တီးမယ့်သူထက် ၀ိုင်းညှပ်တိုက်ခိုက်မယ့်သူတွေက ပိုများလေသကော။

ဓမ္မရက္ခိတ“ ငါ့ရှင် ပထမဆုံးဘွဲ့ကို ရပြီးစအချိန် ရဟန်းငယ်ဘ၀မှာ အလွန်တက်ကြွခဲ့ပုံပဲ။ ငယ်ငယ်ကတည်းက တွေ့သမျှ ဘုတ်အုပ်စာတွေဖတ်ပြီး “ပညာရေးပြုပြင်ပြောင်းလဲရေးတို့၊ ဘက်စုံခေတ်မီရေးတို့ ဆိုတဲ့ အရှင်အာဒိစ္စ၀ံသတို့ အရှင်ဇနကာဘိဝံသတို့ရဲ့ ခေတ်ပြင်စကားလုံးတွေနဲ့ စိတ်ကူးယဉ်ပြီး ကြီးပျင်းလာခဲ့ပေတာကိုး။ တကယ်လက်တွေ့လုပ်ငန်းနယ်ပယ်မှာတော့ ရှေ့ခြေတစ်လှမ်း တိုးခွင့်တောင် မလွယ်ဘူးဆိုတာ သိသွားတယ်မဟုတ်လား၊


3 comments:

မော်ကွန်းသစ် said...

သူပြော၊ ကိုယ်ပြော သဘောလေးဆိုတော့ ပိုမြိုင်တာပေါ့။ လက်ခုပ်တီးမယ့်သူထက် ၀ိုင်းညှပ်တိုက်ခိုက်မယ့်သူတွေက ပိုများလေသကော။

ကိုနော said...

ဘယ့်နှာကြီးလဲ...အဖြေမှာ ရပ်ရမယ့်ဥစ္စာ...။

yaungnioo said...

ဓမ္မဂင်္ဂါ နဲ့  ဓမ္မရက္ခိတ
အရှင်မြတ် ၂ ပါး
ဂိုးလ် ပေါက်ထဲ
တည့်အောင် တစ်ဒိုင်းဒိုင်း
ရှူးနေတာကို
လက်ခုပ်တီး
အားပေးနေပါတယ်။
ဆက်ရှုးပါဘုရား...